ရှမ်းမြောက်နှင့် နယ်စပ်ဒေသ၌ ချက်ခြင်း အပစ်ရပ်ရန်ဆိုကာ ရွှေလီမြို့ နိုင်ငံတော် လုံခြုံရေးကော်မတီ အမည်နှင့် ယမန်နေ့ ရက်စွဲဖြင့် စစ်ကောင်စီအား တိုက်ခိုက်နေသည့် ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ထံ သတိပေးစာ ပေးပို့လာသည်။
သြဂုတ် ၂၇ရက်မှ ၂၉ ရက်အထိ မြန်မာနယ်စပ်တွင် လုပ်ခဲ့သည့် တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှု အပြီး ယူနန်ပြည်နယ် ရွှေလီမြို့မှ နိုင်ငံတော်လုံခြုံရေး ကော်မတီအမည်ဖြင့် ပေးပို့လာခြင်းဖြစ် သည်။
ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ကလည်း အဆိုပါ စာကို လက်ခံရကြောင်း “ကျမ တို့ ဗဟိုကော်မတီက ဆွေးနွေးနေပါတယ်။ လောလောဆယ်တော့ ဘာမှတုံ့ပြန်ဖို့ မရှိသေးပါဘူး”ဟု ပြောခွင့်ရသူ လွေးယေဦးက ဧရာဝတီသို့ ပြော သည်။
ထိုသတိပေးစာတွင် TNLA အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဟု မျှော်လင့်ကြောင်း၊ နယ်စပ်ဒေသခံများ၊ မြန်မာပြည်တွင်းရှိ တရုတ်လုပ်ငန်း များ၊ ပစ္စည်းဥစ္စာနှင့် တရုတ်နိုင်ငံသား အသက်လုံခြုံရေး ထိခိုက်စေသည့် အန္တရာယ်ရှိသော စစ်ရေးအပြုအမူများ ပပျောက် အောင် လုပ်ဆောင်ရမည်ဟု ဆိုထားသည်။
သို့မဟုတ်ပါက ဆုံးမသွန်သင်နည်းလမ်းများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်း၊ “တရုတ်ဘက်မှ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမ သွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်သည့်အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင် တာဝန် ယူရမည်ဖြစ်သည်” ဟု စာတွင် ခြိမ်းခြောက်မှု ဆန်ဆန်ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် တရုတ်သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်၍ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီပြီး TNLA အတွက် သင့်လျော်သော တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများ ရရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော် ခရီးစဉ်အပြီး ဆက်တိုက်ဆိုသလို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်ဒေသရှိ နယ်စပ်ဂိတ်များ ပိတ်လိုက်သကဲသို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်ရာ နမ့်တစ်မြို့ရှိ နယ်စပ်ဂိတ်တခုကိုလည်း ပိတ်ကာ ဖိအားပေးသည့် ပုံသဏ္ဍန်လုပ် ဆောင်လာသည်။
ထို့အတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကိုလည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နယ်စပ်မြို့ ထိန်ချုံးတွင် သြဂုတ် ၂၈ရက်က ခေါ်ယူ တွေ့ဆုံခဲ့သည်။
ယခင် မြန်မာပြည်မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်လျှင် ယူနန်ပြည်နယ်အဆင့် နိုင်ငံခြားရေးဌာနနှင့် တရုတ်ဗဟိုအစိုးရ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ်တို့ကသာ တိုက်ရိုက်ဆက် ဆံလေ့ရှိ သော်လည်း ယခုလို နယ်စပ် ရွှေလီမြို့မှ ကော်မတီတရပ်က ခြိမ်းခြောက်သည့် သဘောဆောင်သော အသုံး အနှုန်းများဖြင့် ပေးပို့သည့်စာနှင့် ပတ်သက်၍ မည်မျှ တရားဝင်သည် ဆိုသည်ကို မြန်မာ့နိုင်ငံရေးလေ့လာသူများက သံသယရှိကြောင်း ပြောသည်။
သို့သော် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကလည်း TNLA အား တရုတ်နယ်ခြားမှ ရွှေလီမြို့ နိုင်ငံတော် လုံခြုံရေး ကော်မတီ အမည်ဖြင့် စာပေးပို့မှုအပေါ် ခြိမ်းခြောက်မှုဟု ယူဆကာ ဆန့်ကျင်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်များတွင် ဖော်ပြကြသည်။
ထို့အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံသို့ ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီ၏ စာနှင့်ပတ်သက်၍ အတည်ပြု သဘောထား မှတ်ချက်ရယူရန် ဧရာဝတီက တယ်လီဖုန်းနှင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
မြန်မာ-တရုတ်အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကမူ “ တရုတ်က တကယ်ပြောတယ်ပဲ ထားပါတော့၊ ဒါမျိုးပြော နေတာက အခုမှ မဟုတ်ဘူး။ ကျမတို့နိုင်ငံရဲ့အရေးက ကျမတို့ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ဖို့ပဲ၊ TNLA က သင့်လျော် စွာ မျက်နှာမပျက်၊ ဆက်ဆံရေးမပြတ်အောင်တော့ လုပ်မှာပေါ့။ သို့သော်လည်း သူပြောတိုင်း နားထောင်စရာမှ မလိုပဲ။ သူတို့လည်း သူတို့အကျိုးစီးပွားပေါ်က ပြောသလို ကျမတို့လည်း ကျမတို့အကျိုးစီးပွားပေါ်က ဆက်ဆံရေးလည်း မပြတ်အောင် အလိုက်အထိုက်ဆက်ဆံပြီး ကိုယ့်လုပ်ငန်း ကိုယ်လုပ်ကြဖို့ပဲ။ဘာပဲဖြစ်ဖြစ် မြန်မာပြည်အနာဂတ်ကို ဆုံးဖြတ်ပေးမှာ မြန်မာပြည်သူပဲ၊ တရုတ် မဟုတ်ဘူး”ဟု ပြောသည်။
မြန်မာ- တရုတ်နယ်စပ် ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်ရေး တရုတ်အစိုးရအနေဖြင့် တိုက်ပွဲများရပ်တန့်၍ ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းကြရန် အကြိမ်ကြိမ် သဘောထား ထုတ်ဖော်ပြောထားပြီးဖြစ်သည်။
TNLA ပါဝင်သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း”တွင်လည်း တရုတ်ကကြားဝင်ကာ ဟိုင်ဂင်သဘောတူညီချက်ဖြင့် ယာယီအပစ်ရပ်စေခဲ့သည်။
လက်ရှိတွင် ဇွန် ၂၅ရက်က ပြန်စသည့် “၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း” ၌ TNLA ၊ မန္တလေး-PDF နှင့် အမျိုးသား ညီညွတ် ရေးအစိုးရ(NUG) ၏ PDF ပူပေါင်းတပ်များက နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့ နှင့် တရုတ်၏ တကောင်းနီကယ်စက်ရုံကိုပါ သိမ်းထားသလို MNDAA ကလည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အား သိမ်းပိုက်နိုင်ခဲ့သည်။
ထိုအခြေအနေ၌ စစ်တပ်အောက်ရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ လုံခြုံရေး ခြိမ်းခြောက်မှုများပြားလာသည့်အပေါ် စီမံကိန်းနှင့်ဝန်ထမ်းများ လုံခြုံရေးအာမခံရန် စစ်ကောင်စီအား တရုတ်သံတမန်များက ဆက်တိုက်ပြောဆိုနေသည်။
ယခုရက်ပိုင်း အသစ်ခန့်အပ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျားသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပါအဝင် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တို့ နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံရှိ တရုတ် စီမံကိန်းနှင့် ဝန်ထမ်း များ ဘေးကင်းလုံခြုံမှုအား ကာကွယ်ခြင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ကာကွယ်ထိန်းသိမ်းခြင်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
You may also like these stories:
မြန်မာနယ်စပ်နားက တရုတ် စစ်ရေးလေ့ကျင့်မှု ဘာသဘောလဲ
မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား