တရုတ်-မြန်မာ နယ်စပ်အနီး ယူနန်ပြည်နယ်ဘက်အခြမ်းမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မယ်လို့ ဩဂုတ်လ ၂၆ ရက်နေ့က ကြေညာပြီးတဲ့နောက် ဩဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ တောင်ပိုင်းစစ်နယ်ဝန်း စစ်ဌာနချုပ်က စစ်သည်တွေဟာ မြေပြင်-ဝေဟင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေကို နယ်စပ်ဒေသ ရွှေလီနဲ့ ကြယ်ခေါင်အနီးမှာ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုဟာ တကယ့်စစ်မြေပြင်မှာ တိုက်ပွဲဝင်တဲ့ပုံစံအတိုင်း ကျည်အစစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်မှုတွေလည်း ပါဝင်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်နဲ့ ကပ်နေတဲ့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး ဒီတိုက်ပွဲတွေကြောင့် တရုတ်ဘက်ခြမ်းကို ကျည်ဆံကျရောက်ပေါက်ကွဲမှုနဲ့ ဒဏ်ရာရသူတွေရှိနေသလို ဒီဒေသက တရုတ်စီမံကိန်းတွေကိုလည်း ခြိမ်းခြောက်မှု ရှိနေတယ်လို့ တရုတ်က ပြောဆိုပြီး ဒီ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ အေးချမ်းရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနယ်စပ်အနီး တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာပြည်ကို လာရောက်ပြီး နှစ်ပတ် မပြည့်မီအချိန်မှာ ပြုလုပ်တာဖြစ်တယ်။ တရုတ်စစ်တပ်ဟာ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလကလည်း တကြိမ် စစ်ရေးလေ့ကျင့်ခဲ့ပြီး ခုတကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပြီဖြစ်တယ်။
ဧပြီလ စစ်ရေးလေ့ကျင့်ချိန်တုန်းက ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်မြင့်နေချိန်ဖြစ်ပြီး လိုင်ဇာနဲ့ လွယ်ဂျယ်အနီးတဝိုက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခုတခါမှာတော့ စစ်ရေးလေ့ကျင့်မှုကို ရွှေလီနဲ့ ကြယ်ခေါင်အနီးတဝိုက် ယူနန်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ပြုလုပ်တာဖြစ်တယ်လို့ သတင်းများမှာ ဖော်ပြပါတယ်။
ဧပြီလ စစ်ရေးလေ့ကျင့်ချိန်တုန်းက ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်မြင့်နေချိန်ဖြစ်ပြီး လိုင်ဇာနဲ့ လွယ်ဂျယ်အနီးတဝိုက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခုတခါမှာတော့ စစ်ရေးလေ့ကျင့်မှုကို ရွှေလီနဲ့ ကြယ်ခေါင်အနီးတဝိုက် ယူနန်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ပြုလုပ်တာဖြစ်တယ်လို့ သတင်းများမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ PDF ပူးပေါင်းတပ်တွေက အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ လားရှိုး အပါအဝင် ကွမ်းလုံ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ္မတူ၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို အစရှိတဲ့ မြို့တွေကို သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ မြို့ပေါင်း ၇၉ မြို့အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားစဉ် အချိန်အတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမျာကို ကိုင်တွယ်ရာမှာ အဓိကကျတဲ့ ဝါရင့်ဝန်ကြီး မစ္စတာ ဝမ်ယိ ရောက်ရှိလာပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာလည်း ထူးခြားမှုတခုလို့ ဆိုရမယ်။ ဝမ်ယိဟာ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံ၊ ပုဂံမြို့မှာ ကျင်းပပြုလုပ်တဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးကို လာတက်ခဲ့ပေမယ့် အဲဒီအချိန်က စစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံသွားခြင်း မပြုပါဘူး။ ဒါဟာ တရုတ်အစိုးရရဲ့ စစ်ကောင်စီအပေါ်ထားတဲ့ သဘောထားတရပ်ကို ဖော်ပြလိုက်သလိုပါပဲ။
နောက်ပိုင်း တရုတ်ရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှိကျွန်း လာရောက်တဲ့အခါမှာလည်း စစ်ကောင်စီခေါင်းဆောင်အပြင် ယခင် အစိုးရအဖွဲ့ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ကိုပါ အလွတ်သဘော တွေ့ဆုံသွားခဲ့တယ်။ သဘောကတော့ စစ်ကောင်စီခေါင်းဆောင်ကို တရုတ်က အလေးထားအသိအမှတ် မပြုတာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ် နှစ် ၇၀ ပြည့်ပွဲသို့လည်း စစ်ခေါင်းဆောင်ကို မဖိတ်ဘဲ သမ္မတဟောင်း ဦးသိန်းစိန်ကိုသာ ဖိတ်ကြားခဲ့ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ သက်တမ်းတလျှောက် တရုတ်နိုင်ငံကို တရားဝင် သွားရောက်ခွင့် မရခဲ့သလို တရုတ်ကလည်း သူ့ကို ဖိတ်ကြားခြင်း မပြုခဲ့ပါဘူး။
ဒီလိုအခြေအနေမျိုးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာနိုင်ငံ လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ခဲ့တာဟာ ဖြစ်ရိုးဖြစ်စဉ်အခြေအနေတော့ မဟုတ်ဘူး။ ဒီခရီးစဉ်အပြီး ထုတ်ပြန်ချက်တွေ ပြုလုပ်ရာမှာလည်း စစ်ကောင်စီက သူတို့လိုသလို သတင်းထုတ်ပြန်ခဲ့ပြီး တရုတ်ဘက်က ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေကို ဖျောက်ထားခဲ့တာတွေ့ရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ရောက်ရှိလာခြင်းဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သံတမန်ရေးနည်းလမ်းအရ သတိပေးစကား လာပြောတာသာ ဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဟာ တရုတ်နဲ့ မဆိုင်ပေမယ့် မြန်မာနိုင်ငံမှာ ခုလို စစ်ပွဲတွေ ဖြစ်နေတာကို တရုတ်က မလိုလားဘူး။ ပြည်တွင်းစစ်ကို ဆန့်ကျင်တယ်။ စစ်ပွဲတွေ အမြန်ပြီးဆုံးအောင် လုပ်ဆောင်စေချင်တယ်။ စစ်ပွဲတွေပြီးဆုံးအောင်လုပ်ဖို့ဆိုတာ စစ်ရပ်စဲမှ ဖြစ်မယ်။ စစ်ရပ်စဲအောင် လုပ်ပါ။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းတာကို မြင်ချင်တယ်။ တရုတ်ဆန့်ကျင်ရေးတွေ မလုပ်ပါနဲ့။ အလွတ်သဘော နားလည်လွယ်အောင်ပြောရရင် ဝမ်ယိ လာသွားတာဟာ မြန်မာပြည်မှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်စဲဖို့၊ မြန်မာပြည်မှာရှိနေတဲ့ တရုတ်အကျိုးစီးပွားတွေကို မထိခိုက်အောင် အကာကွယ်ပေးဖို့ လာပြောတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်တော့လည်း မဲခေါင်-လန်ချန်း အစည်းအဝေးမှာ မစ္စတာ ဝမ်ယိက ဒါကိုပဲ ထပ်ပြောတယ်။ မြန်မာပြည်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ စိုးရိမ်စရာကောင်းကြောင်း၊ တရုတ်က မြန်မာပြည် တည်ငြိမ်အေးချမ်းတာကို မြင်လိုကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို တရုတ်က အမြဲထောက်ခံနေကြောင်း၊ အာဆီယံရဲ့ ဆုံးဖြတ်ချက်နဲ့ ဘုံသဘောတူညီချက်တွေအတိုင်း ဆောင်ရွက်မှုကို ထောက်ခံကြောင်း ပြောသွားတာ တွေ့ရတယ်။
ထိုင်းနိုင်ငံကို ရောက်တော့လည်း မဲခေါင်-လန်ချန်း အစည်းအဝေးမှာ မစ္စတာ ဝမ်ယိက ဒါကိုပဲ ထပ်ပြောတယ်။ မြန်မာပြည်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ စိုးရိမ်စရာကောင်းကြောင်း၊ တရုတ်က မြန်မာပြည် တည်ငြိမ်အေးချမ်းတာကို မြင်လိုကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို တရုတ်က အမြဲထောက်ခံနေကြောင်း၊ အာဆီယံရဲ့ ဆုံးဖြတ်ချက်နဲ့ ဘုံသဘောတူညီချက်တွေအတိုင်း ဆောင်ရွက်မှုကို ထောက်ခံကြောင်း ပြောသွားတာ တွေ့ရတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ပြောတဲ့ “ပြည်တွင်းစစ်ကို ဆန့်ကျင်တယ်” ဆိုတာ မြန်မာပြည်မှာ စစ်ပွဲတွေ တာရှည်နေတာကို တရုတ်အနေနဲ့ မမြင်တွေ့လိုဘူး။ စစ်ပွဲတွေပြီးဆုံးဖို့၊ စစ်ပွဲတွေ အမြန်ရပ်ဆိုင်းဖို့ စစ်တိုက်တာတခုတည်း မဟုတ်ဘဲ သဘောထားအမြင်မတူတဲ့ အဖွဲ့အစည်းတွေအားလုံး တွေ့ဆုံညှိနှိုင်း အဖြေရှာ အပစ်ရပ်ကြဖို့ကိုလည်း ရည်ညွှန်းပုံရတယ်။
တရုတ်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ထောက်ခံကြောင်း သံတမန်ရေးအရ ပြောနေပေမယ့် လက်ရှိအခြေအနေမှာတော့ ကူမင်း-ကျောက်ဖြူ တရုတ်ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာ ဒေသတလျှောက်လုံးဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပြီဖြစ်သလို ရွေးကောက်ပွဲကျင်းပနိုင်ဖွယ် အနေအထားမှာလည်း ရှိမနေတော့ဘူး။
မစ္စတာ ဝမ်ယိဟာ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ မဲခေါင်-လန်ချန်း အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ်သဘောထားကို ပြောကြားခဲ့သလို ဘေဂျင်း ပြန်ရောက်ပြီးနောက်မှာလည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ကို တွေ့ဆုံပြီး မြန်မာ့အရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ထူးခြားမှုရှိသလို သူပြန်သွားပြီး နှစ်ပတ်အတွင်း တရုတ်-မြန်မာနယ်စပ်မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာကလည်း ထူးခြားမှုလို့ ဆိုရမယ်။

တရုတ်ဟာ အရှေ့ဘက် ထိုင်ဝမ် ရေလက်ကြားမှာလည်း ပြီးခဲ့တဲ့နှစ်အတွင်း စစ်ရေးလေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်။ ဒီ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်အရေးကိစ္စမှာ ပြည်ပအင်အားစုတွေ ဝင်မပါဖို့ သတိပေးတာပါ။ ထိုင်ဝမ်ပြဿနာဟာ တရုတ်အတွက် အထိအရှမခံနိုင်တဲ့ အရေးကြီးကိစ္စတခုဖြစ်ပြီး အခြေအနေအရ လိုအပ်ရင် ထိုင်ဝမ်ကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်မယ်လို့ သတိပေးထားတယ်။ ထိုင်ဝမ်ကို အကာအကွယ်ပေးနေတဲ့ အမေရိကန်နဲ့ တရုတ်အကြား ထိုင်ဝမ်ပြဿနာဟာ အမြဲတမ်းလိုလို အရေးကြီးကိစ္စတခု ဖြစ်နေခဲ့တယ်။
တိုက်တိုက်ဆိုင် တရုတ်က မြန်မာနယ်စပ်မှာ စစ်ရေးလေ့ကျင့်တဲ့ ဩဂုတ်လ ၂၇ ရက်နေ့မှာပဲ အမေရိကန်သမ္မတ မစ္စတာ ဂျိုးဘိုင်ဒင်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မစ္စတာ ဂျိတ် ဆူလီဗန် ဘေဂျင်းကို ရောက်ရှိလာပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနဲ့ တွေ့ဆုံဆွေးနွေးတာ တွေ့ရတယ်။
ဝမ်ယိ နဲ့ ဆူလီဗန် တွေ့ဆုံမှုဟာ တရုတ်နဲ့ အမေရိကန်ကြား ဖြစ်ပေါ်နေတဲ့ ဆက်ဆံရေး အဖုအထစ်တွေ ဖြေလျှော့ဖို့ အဓိကဆိုပေမယ့် ဒီဆွေးနွေးပွဲမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း ရှိခဲ့တယ်။
ဝမ်ယိနဲ့ ဂျိတ် ဆူလီဗန်တို့က အရှေ့အလယ်ပိုင်းကိစ္စ၊ ယူကရိန်းအရေးမှာ တရုတ်က ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့နေတဲ့ကိစ္စ၊ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စ၊ အမေရိကန်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖင်တနိုင်း မူးယစ်ဆေးဝါးကိစ္စတွေအပြင် မြန်မာနဲ့ မြောက်ကိုးရီးယားအရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
ဝမ်ယိနဲ့ ဂျိတ် ဆူလီဗန်တို့က အရှေ့အလယ်ပိုင်းကိစ္စ၊ ယူကရိန်းအရေးမှာ တရုတ်က ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့နေတဲ့ကိစ္စ၊ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စ၊ အမေရိကန်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဖင်တနိုင်း မူးယစ်ဆေးဝါးကိစ္စတွေအပြင် မြန်မာနဲ့ မြောက်ကိုးရီးယားအရေးကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
အမေရိကန်လုံခြုံရေးအကြံပေး မစ္စတာ ဂျိတ် ဆူလီဗန်ဟာ တရုတ်ပြည်ကို ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ်ထောက်လှမ်းရေး မီးပုံးပျံတစီးကို အမေရိကန်က ပစ်ချခဲ့ပြီးနောက်ပိုင်း တင်းမာမှု အမြင့်မားဆုံး ရောက်ရှိခဲ့သလို ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီ ပယ်လိုစီ အလည်အပတ် သွားရောက်ပြီးနောက်မှာလည်း တင်းမာမှု မြင့်တက်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်စစ်တပ် PLA က အကြီးအကျယ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြသပြီး အမေရိကန်နဲ့ ထိုင်ဝမ်ကို သတိပေးတုံ့ပြန်မှုတွေ ရှိခဲ့တယ်။
ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံးဖြစ်လာတဲ့ တရုတ်ဟာ စီးပွားရေးသာမက နိုင်ငံရေး၊ စစ်ရေးတွေမှာပါ ဒေသတွင်းနဲ့ ကမ္ဘာပေါ်မှာ ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းလာနေတာတွေ့ရပါတယ်။ စစ်ရေးအရ အင်အားကြီးထွားလာတဲ့ တရုတ်ဟာ တောင်တရုတ်ပင်လယ် အပါအဝင် ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုတွေ လုပ်လာနေပြီလို့ ဆိုရမလား။
ထိုင်ဝမ်ရေလက်ကြားနဲ့ ထိုင်ဝမ်ကျွန်းပတ်လည်မှာ ရေတပ်၊ လေတပ် အင်အားအကြီးအကျယ်နဲ့ တရုတ်က စစ်ရေးလေ့ကျင့်ပြတာဟာ ထိုင်ဝမ်ကို သတိပေးတာဆိုရင် တရုတ်-မြန်မာနယ်စပ်၊ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကြယ်ခေါင်အနီးမှာ တရုတ်စစ်တပ်က ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်ပြတာဟာ ဘာကို ရည်ရွယ်နေပါသလဲ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက မြန်မာပြည်တွင်းစစ်ကို ဆန့်ကျင်တယ်လို့ ပြောသွားပါတယ်။ မြန်မာပြည်မှာ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေတာဟာ တရုတ်အကျိုးစီးပွားကို တနည်းတဖုံ ထိခိုက်နေစေတယ်၊ စစ်ရပ်စဲပါ၊ စစ်ရပ်စဲရေးအတွက် လုပ်ဆောင်သင့်တာမှန်သမျှ လုပ်ဆောင်ပါ၊ မြန်မာပြည်တွင်းရေးကို တရုတ်က ဝင်မစွက်ဘူးလို့ ပြောသွားခဲ့ပါတယ်။
ဒီလို ပြောသွားပေမယ့် မြန်မာပြည်တွင်းမှာ စစ်ရေးအခြေအနေ ပိုမို ရှုပ်ထွေးလာရင် မြန်မာနိုင်ငံထဲက တရုတ်အကျိုးစီးပွားတွေကို ထိခိုက်လာပြီး အကာကွယ်လည်း မပေးနိုင်တော့ဘူးဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။ တရုတ်-မြန်မာ နယ်စပ်က တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ အကြောင်းမဲ့တော့ မဖြစ်နိုင်ပါဘူးလို့ သုံးသပ်ရပါတယ်။
(နွေနေသည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)
You may also like these stories:
မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား
အပယ်ခံဗိုလ်ချုပ်များနှင့် တရုတ်ဆက်ဆံခြင်းက မြန်မာအတွက်ဆိုးကျိုး
ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ
တရုတ်ဆန့်ကျင်ရေးကို စွန့်လွှတ်ပြီး စစ်ခေါင်းဆောင်လေသံပြောင်း
ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်
တရုတ်- မြန်မာဆက်ဆံရေး သွေးကွဲအောင် မလုပ်ဖို့ ဝမ်ယိ သတိပေး
ဝမ်ယိ၏ ရင်ကြားစေ့ရေးတိုက်တွန်းချက် စစ်ကောင်စီ ချန်လှပ်ထား
မြန်မာ့ “ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ” တည်ဆောက်ရေး တရုတ်နည်း တရုတ်ဟန်














