မြန်မာက ထင်ရှား လူသိများသူ နှစ်ဦးကို မကြာသေးခင်က တရုတ်သို့ ဖိတ်ခေါ်ခဲ့သည်။
သမ္မတဟောင်း ဦးသိန်းစိန်က ဇွန်လ ၂၇ ရက်နေ့တွင် ဘေဂျင်းသို့သွားကာ၊ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက နောက်တပတ် ကြာသောအခါ ချင်တောင်းသို့ သွားသည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ဦသိန်းစိန်ကို လက်ခံတွေ့ဆုံသောကြောင့် ခန့်မှန်းပြောဆိုမှု မြင့်မားပြီး ထိုခရီးစဉ်၏ ရည်ရွယ်ချက်၊ ပိုမိုအရေးပါမှုတို့နှင့် ပတ်သက်သည့် ကောလာဟလများ ပျံ့နှံ့နေသည်။
တရုတ်သို့ ဦးသိန်းစိန် သွားရောက်လည်ပတ်သည့် ကာလတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် စစ်ကောင်စီကြား တရုတ်က ကြားဝင် ဆောင်ရွက်ထားသည့် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီး ရှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
တရုတ်၏ ပင်လယ်နက် ဆိပ်ကမ်းတခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများရှိသည့် ရခိုင်ပြည်နယ်တွင် အာရက္ခ တပ်တော် (AA) ကလည်း ပိုင်နက်နယ်မြေ ပိုမိုရရှိပြီး စစ်ကောင်စီတပ်ကို မောင်းထုတ်နေခဲ့သည်။
ဦးသိန်းစိန် တရုတ်သို့ သွားရောက်ခြင်း အတွက် တရားဝင် အကြောင်းအရင်းမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် ကြေညာသည့် နှစ် ၇၀ ပြည့် နှစ်ပတ်လည် အခမ်းအနားဖြစ်သည်။
ထိုမူများသည် တရုတ်နိုင်ငံ ကွန်မြူနစ် အုပ်ချုပ်ရေး၏ နိုင်ငံခြားဆက်ဆံရေးကို လွှမ်းမိုးချုပ်ကိုင်သည့် မူများဖြစ်သည်။
စစ်တပ်က လွန်ခဲ့သော သုံးနှစ်ကျော်တွင် အာဏာသိမ်းကာ တိုင်းပြည်ကို ဖရိုဖရဲ ဖြစ်စေပြီးနောက် ထိုခရီးစဉ်သည် ဦးသိန်းစိန်၏ ပထမဆုံး နိုင်ငံခြားခရီး ဖြစ်သည်။
ဦးသိန်းစိန် နေပြည်တော်သို့ ပြန်မရောက်ခင်မှာပင် မတားဆီးနိုင်သည့် ကောလာဟလများ အကြီးအကျယ် ပျံ့နှံ့နေသည်။
တခုမှာ ဦးသိန်းစိန် ခေါင်းဆောင်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အရပ်သား အစိုးရအတု ဝန်ကြီးများ ပါဝင်သည့် ကြားကာလ အစိုးရဖွဲ့စည်းရန် တရုတ်က စစ်ကောင်စီကို တွန်းအားပေးသည်ဟု ဆိုသည်။
အခြား ကောလာဟလ တခုကလည်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နုတ်ထွက်ရန် တရုတ်က ဦးသိန်းစိန်ကို ဖျောင်းဖျပြောဆိုသည်ဟု ဆိုသည်။
စာရေးသူအမြင်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ပထမအချက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံကို တစုတစည်းတည်း ထိန်းချုပ်ရန် မစွမ်းဆောင်နိုင်ဟု တရုတ်က ယုံကြည်ပြီး သူ့အပေါ် စိတ်ကုန်နေသည်။ သို့သော် မင်းအောင်လှိုင်သည် ရာထူးမှ ဆန္ဒအလျောက် နုတ်ထွက်မည် မဟုတ်ဘဲ ထိုသို့လုပ်ရန် ဖျောင်းဖျလို့ ရမည်မဟုတ်။
ဒုတိယအချက်မှာ အနာဂတ် တချိန်ချိန်တွင် နိုင်ငံရေးသို့ ပြန်ဝင်ရေး သူ၏ ထင်မြင်ချက်နှင့် ဖြစ်နိုင်ခြေကို တီးခေါက် ကြည့်ရန် ဖြစ်သည်။ သို့သော် ထိုကိစ္စသည် လက်တွေ့ကျပါသလား။
ဦးသိန်းစိန်သည် ကျန်းမာရေး အင်အား ချိနဲ့နေမည် ဖြစ်သည်။ သူသည် မြန်မာ ပြဿနာများကို ပြင်ဆင်ရန် နိုင်ငံရေး အရ ထောက်ခံမှု လိုမည်ဖြစ်သည်။ မင်းအောင်လှိုင် နုတ်ထွက်ရန် သူက ဖျောင်းဖျ ပြောဆိုနိုင်ပါမည်လား။ ထိုသို့ လုပ်နိုင်မည် မဟုတ်ပါ။
စစ်ကောင်စီ ကျင်းပရန် အားခဲထားသည့် ၂၀၂၅ ရွေးကောက်ပွဲ အပြီးတွင် ဦးသိန်းစိန်သည် အရပ်သားအုပ်ချုပ်ရေးသို့ လမ်းညွှန်ပေးနိုင်သည် ဆိုသည့် ဇာတ်လမ်းမျိုးကို တချို့က ပြောနေကြသည်။
ထိုအမြင်မှ ပေါ်ပေါက်လာသည့် မေးခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလျှင် ဦးသိန်းစိန်သည် နိုင်ငံတည်ငြိမ်မှု ထိန်းသိမ်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံရေးလမ်းညွှန်မှု အင်အားအဖြစ် လက်တွဲ နိုင်မည်လား ဆိုသည့် မေးခွန်းဖြစ်သည်။ သို့မဟုတ် ထိုကိစ္စသည် စိတ်ကူးယဉ် ဇာတ်လမ်း ဖြစ်ပါသလား။
တတိယ အချက်မှာ တရုတ်သည် စစ်ကောင်စီက အရေးပေါ်အခြေအနေ နောက်ထပ် သက်တမ်းတိုးသည်ကို မလိုလား ဟူသည့်အချက် ဖြစ်သည်။
ထိုသို့ မလိုလားသည်မှာ တရုတ်တနိုင်ငံတည်း မဟုတ်ပေ။ မြန်မာ၏ အခြား အိမ်နီးချင်းများကလည်း စစ်ကောင်စီ အုပ်ချုပ်ရေး သက်တမ်းတိုးသည်ကို မမြင်လိုကြပေ။
နားလည်ထားရမည့် ကိစ္စတခုမှာ မင်းအောင်လှိုင်သည် သူ့ကို အင်အားသုံး ဖယ်ရှားမှု မလုပ်မချင်း အမျိုးသား နိုင်ငံရေးမှ ထွက်ခွာမည် မဟုတ်ပေ။
နားလည်ထားရမည့် ကိစ္စတခုမှာ မင်းအောင်လှိုင်သည် သူ့ကို အင်အားသုံး ဖယ်ရှားမှု မလုပ်မချင်း အမျိုးသား နိုင်ငံရေးမှ ထွက်ခွာမည် မဟုတ်ပေ။
မစ္စတာ ဝမ်ယိနှင့် ဦးသိန်းစိန်တို့ ဆွေးနွေးရာတွင် တရုတ်သည် နှစ်နိုင်ငံကြား “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးကို အကြိမ်ကြိမ် ကတိကဝတ် ပြုမည်ဖြစ်ပြီး (ထိုစကားလုံးသည် မြန်မာနှင့် ဆွေးနွေးရာတွင် တရုတ်၏ အကြိုက်ဆုံး ရေလဲသုံး ဖြစ်ပုံရသည်) တောင်ပိုင်း အိမ်းနီးချင်း မြန်မာတွင် တည်ငြိမ်မှု ပြန်လည် ထိန်းသိမ်းရန် ဆန္ဒကို ဖော်ပြကြောင်း သံသဖြစ်စရာမလိုပေ။
နိုင်ငံမြောက်ပိုင်းမှ စစ်ပွဲရပ်ရန် တိုင်းရင်းသား တပ်မတော်များနှင့် ကြားဝင်ဆောင်ရွက်ပေးရေး စစ်ကောင်စီထံမှ မေတ္တာရပ်ခံမှုကို မြန်မာ သမ္မတဟောင်းက ပြောကြားမည်ဟု ဆိုလျှင် မမှားနိုင်သောကြောင့် တရုတ်၏ သြဇာနှင့် မြန်မာ ပဋိပက္ခတွင် တရုတ် ပါဝင်နေသည့် ကြီးမားသော အခန်းကဏ္ဍကို ဖော်ပြနေသည်။
အဖမ်းဆီးခံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သြဇာကြီးမားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ အပါအဝင် အဓိကကျသည့် ခေါင်းဆောင် အများအပြားနှင့် ဆွေးနွေးပွဲ ကျင်းပရန် တရုတ်က စစ်ကောင်စီကို တိုက်တွန်းသည် ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း လွန်ခဲ့သော နှစ်ပတ်အတွင်း ထွက်ပေါ်လာသည်။
ထိုအဆိုပြုချက်ကို စစ်ကောင်စီခေါင်းဆောင်က ပယ်ချပြီး ဒေါ်အောင်ဆန်းစုကြည်သည် ရာဇဝတ်သား ဖြစ်သောကြောင့် ဆွေးနွေးခွင့်မရှိဟု ပြန်ကြားကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ပတ်သက်ပြီး မင်းအောင်လှိုင်က ထိုအဖွဲ့အစည်းများကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) အရ ဆွေးနွေးပွဲများသို့ တရားဝင် ဖိတ်ခေါ်ထားကြောင်း ပြောသည်။
ထိုပြန်ကြားချက်ကို ကြားသောအခါ တရုတ်သာမက မြန်မာ၏ အိမ်နီးချင်းများပါ မနှစ်မြို့ကြပေ။
ဒု တပ်ချုပ် စိုးဝင်း၏ ရုတ်တရက် ခရီး
တရုတ်က ဗိုလ်ချုပ်စိုးဝင်းကို ဖိတ်ခေါ်ခြင်းက အတော်များများကို အံ့သြစေသည်။ သဘောထားတင်းမာသူ စစ်ကောင်စီ ဒုခေါင်းဆောင်သည် အပြစ်မဲ့ အရပ်သားများကို ဗုံးကြဲရန် အမိန့်ပေးသည် ဆိုသည့် စွပ်စွဲချက်ကြောင့် အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးမှု အတွက် တာဝန်ရှိသည်ဟု ဆိုသော်လည်း သူ့တွင် နိုင်ငံရေး ရည်မှန်းချက် ရှိပုံမရပေ။
စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း မင်းအောင်လှိုင်နှင့် အပတ်စဉ် ၂၂ ဆင်း စိုးဝင်းတို့သည် သဘောထား ကွဲလွဲနေသည်ဟု သိရသော်လည်း စိုးဝင်းသည် မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုကို စိန်မခေါ်ရဲပေ။
တရုတ်သည် မင်းအောင်လှိုင်အား ဖယ်ရှားလိုက်သည်ကို တွေ့မြင်လိုသည်ဟု သုတေသီတချို့က ခန့်မှန်းသည်။
ထိုသို့ဆိုသောကြောင့် သူ့ကို စိုးဝင်းနှင့် အစားထိုးသည်ကို တရုတ်က မြင်တွေ့လိုပါသလား။ တကယ်ကတော့ မင်းအောင်လှိုင်နှင့် စိုးဝင်း နှစ်ဦးလုံးသည် စစ်ရာဇဝတ်ကောင်များ ဖြစ်သည်။ ၎င်းတို့အနက် မည်သူမဆို နိုင်ငံကို ဦးဆောင်သည် ဖြစ်စေ ကျဆုံးမည်သာ ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် တရုတ်သို့ ပထမဆုံး တရားဝင်ခရီးတွင် ဒု တပ်ချုပ် စိုးဝင်းသည် ဘေဂျင်းသို့ မဟုတ်ဘဲ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) က ကျင်းပသည့် စိမ်းလန်းသော ဖွံ့ဖြိုးမှု ဖိုရမ် တက်ရန် ချင်တောင်းမြို့သို့ သွားသည်။
ထိုဖိုရမ်တွင် သူသည် နယ်စပ် တည်ငြိမ်ရေး၊ မြန်မာမှ တရုတ် ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရေး၊ အွန်လိုင်း ငွေကြေး လိမ်လည်မှု ပပျောက်ရေး၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် အဆိုပြု ရွေးကောက်ပွဲများ ကျင်းပရေးတို့ ဆွေးနွေးသည်ဟု စစ်ကောင်စီ မီဒီယာများက ဖော်ပြသည်။
ဒု တပ်ချုပ် စိုးဝင်းသည် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဒုဥက္ကဋ္ဌနှင့် SCO အိမ်နီးချင်းကောင်း ပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် ဥက္ကဋ္ဌ မစ္စ ရှန်ယွဲ့ယွဲ့နှင့် တွေ့ဆုံသည်။
မစ္စ ရှန်နှင့် တွေ့ဆုံစဉ်အတွင်း စစ်ကောင်စီသို့ မကြာမီ ပို့ဆောင်မည့် များပြားလှသော တရုတ် လက်နက်များ အကြောင်း သတင်း ခေါင်းစဉ်ကိုတော့ မတွေ့ရပေ။
“ဝ” သို့မဟုတ် မြောက်ပိုင်းစစ်ပွဲမှ ဝှက်ဖဲ
ဒု တပ်ချုပ် စိုးဝင်း တရုတ်မှ ပြန်လာပြီး ရက်အနည်းငယ် အကြာတွင် အင်အားကြီးမားသော ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်များကို ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းတွင် ဖြန့်ကြက်လိုက်သောကြောင့် ဝ ၏ နယ်မြေချဲ့ထွင်ရေး ရည်မှန်းချက်ကို အခိုင်အမာ ဖော်ပြနေသည်။
ဒု တပ်ချုပ် စိုးဝင်း တရုတ်မှ ပြန်လာပြီး ရက်အနည်းငယ် အကြာတွင် အင်အားကြီးမားသော ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်များကို ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းတွင် ဖြန့်ကြက်လိုက်သောကြောင့် ဝ ၏ နယ်မြေချဲ့ထွင်ရေး ရည်မှန်းချက်ကို အခိုင်အမာ ဖော်ပြနေသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီကြား တိုက်ပွဲများမှ အကာအကွယ်ပေးရန် ဒေသခံများက တောင်းဆိုပြီးနောက် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး တန့်ယန်းတွင် တပ်များ ဖြန့်ကြက်ထားသည်ဟု UWSA ပြောခွင့်ရသူ ဦးညီရန်းက ပြောသည်။
ထိုကိစ္စသည် ရှမ်းပြည်မြောက်ပိုင်းမှ ပဋိပက္ခများ တန့်ယန်းသို့ ပျံ့နှံ့မလာစေရန် တားဆီးသည့် အစီအစဉ်ဖြစ်ကြောင်း၊ ၎င်းတို့သည် ကြားနေပြီး ပဋိပက္ခကို လက်မခံကြောင်း၊ တန့်ယန်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး လိုလားကြောင်း နှင့် ၎င်းတို့တပ်များ ဖြန့်ကြက်ခြင်းသည် မည်သည့် ရှုထောင့်မှမဆို အပြုသဘောဆောင်သည်ဟု ယုံကြည်ကြောင်းလည်း ဦးညီရန်းက ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီသည် ဝ များ တန့်ယန်းသို့ ဝင်ရန် ခွင့်ပြုခဲ့ပါသလား။
ထိုဖြစ်ရပ်သည် ဒု တပ်ချုပ် စိုးဝင်း၏ တရုတ်ခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။
တရုတ်အရာရှိများနှင့် စိုးဝင်းသည် ဝ ၏ အနေအထား အပါအဝင် ရှမ်းပြည်မြောက်ပိုင်း အခြေအနေကို ဆွေးနွေးဖွယ် ရှိသည်။ မြောက်ပိုင်းမှ လက်နက်ကိုင် ပဋိပက္ခ လျော့နည်းစေရန် ဝ ၏ နိုင်ငံရေး အဆင့်အတန်းကို တိုးမြှင့်ပေးရေး တရုတ် အရာရှိများက မြန်မာစစ်တပ်ကို တိုက်တွန်း ပြောဆိုသည်ဟု ဖော်ပြကြသည်။
လက်တွေ့တွင်လည်း တရုတ် ကျောထောက်နောက်ခံပြုပြီး ဝ သည် မြောက်ပိုင်းမှ ပဋိပက္ခတွင် အဆုံးအဖြတ်ပေးသူ ဖြစ်ပြီး ညီနောင်မဟာမိတ် အဖွဲ့ကို (လက်နက်ထောက်ပံ့ခြင်း အပါအဝင်) ထောက်ခံသည်ဟု သံသယရှိကြသည်။
ညီနောင် မဟာမိတ်အဖွဲ့တွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အာရက္ခ တပ်တော် (AA) နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သည်။
ထိုမဟာမိတ်အဖွဲ့သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက် လားရှိုးကို အပြင်းအထန် ခြိမ်းခြောက်နေသည်။
ဝ ကို နိုင်ငံရေး အဆင့်သစ်ပေးခြင်းသည် စစ်ကောင်စီ ဆက်လက် အထိနာနေသည့် မြောက်ပိုင်းတွင် တိုင်းရင်းသား ထိုးစစ် သက်သာစေရန် စစ်ကောင်စီအတွက် နည်းလမ်းတခု ဖြစ်နိုင်သည်။
ပိုင်နက်ချဲ့ထွင်ခြင်း
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီကြား တရုတ်က ကြားဝင် ဆောင်ရွက်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီး ရက်အနည်းငယ် အကြာတွင် ရှမ်းပြည် မြောက်ပိုင်း ဟိုပင်နှင့် ပင်လုံမြို့များကို အုပ်ချုပ်ရေးအရ ထိန်းချုပ်ရန် ဝ က တောင်းဆိုသည်ကို စစ်ကောင်စီ သဘောတူသည်။
မြန်မာမှ အင်အား အကြီးမားဆုံး တိုင်းရင်းသားတပ်သို့ ထိုမြို့ နှစ်မြို့ကို လွှဲပြောင်းပေးခြင်းသည် သံလွင်မြစ် အရှေ့ဘက်မှ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသကို ပိုမိုကျယ်ပြန့်လာစေသည်။
UWSA နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ကို ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက်ပြီး ထိုစဉ်က စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူပြီးနောက် တည်ထောင်ခဲ့သည်။
ဝ တို့က ဝ ပြည် မြောက်ပိုင်းဟု ခေါ်သည့်ဒေသကို စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ သို့မဟုတ် အထူးဒေသ ၂ အဖြစ် တရားဝင် သတ်မှတ်ထားသည်။
ထိုဒေသ၏ မြို့တော်မှာ ပန်ဆန်း (ခေါ်) ပန်ခမ်း ဖြစ်ပြီး မိုင်းမော၊ မိုင်းလင်၊ မိုင်းပေါက် ခရိုင်များနှင့် ပန်ခမ်း အထူးမြို့နယ် တို့ဖြင့် ဖွဲ့စည်းထားကာ စတုရန်း ကီလိုမီတာ ၁,၅၀၀ ခန့် ကျယ်ဝန်းသည်။
ယနေ့တွင် UWSA သည် မြန်မာ၌ အင်အားအကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။
ထိုအဖွဲ့သည် အစိုးရအဆက်ဆက်နှင့် အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းထားသော်လည်း ၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ငြင်းဆန်သည်။
ဝ ပြည်သည် ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း ဝ ခေါင်းဆောင်များ ပြောသော်လည်း UWSA သည် ၎င်းတို့ ပြည်နယ်ကို အမျိုးသား ကာကွယ်ရေးနှင့် သံတမန် ဆက်ဆံရေးမှအပ လွတ်လပ်စွာ စီမံခန့်ခွဲသည်။
ယခင် စစ်အုပ်စု၏ သဘောတူညီချက်ဖြင့် UWSA သည် ၎င်းတို့ပိုင်နက်တွင် ရှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်မှ မိုင်းဖြတ်ခရိုင်ကိုလည်း ထည့်သွင်းလိုက်ပြီး ဝ လူမျိုးစု ၈ သောင်းမှ ၁ သိန်းခန့်ကို ထိုနေရာတွင် နေရာချထားသည်။
ယခုအခါ ထိုခရိုင်ကို ဝ ပြည်တောင်ပိုင်း သို့မဟုတ် ဝ အခေါ်အရ အမှတ် ၁၇၁ စစ်ဒေသ ဟုခေါ်ပြီး ဝ စစ်သား ၉ ထောင်ခန့် တပ်စွဲထားသည်။ ဝ သည် ရှမ်းပြည်တောင်ပိုင်းမှ ၎င်းတို့ပိုင်နက်ကို မြောက်ပိုင်းဒေသများနှင့် ပေါင်းစပ်ပြီး ဝ ပြည်နယ်အဖြစ် တရားဝင် အသိအမှတ်ပြု ခံလိုကြောင်း ထင်ရှားသည်။
အနိုင်ရသူက ဘယ်သူလဲ
တရုတ် နယ်စပ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေစဉ်အတွင်း လွန်ခဲ့သော အပတ်က မင်းအောင်လှိုင်သည် တရုတ် နှစ်သစ်ကူးကို နိုင်ငံတော် အားလပ်ရက် အဖြစ် ကြေညာကာ အားလုံး အတွက် အံ့သြစေခဲ့သည်။
ပြည်ပ ပွဲတော်တခုကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် ကြေညာသည်မှာ ယခုအကြိမ်သည် မြန်မာ့သမိုင်းတွင် ပထမဆုံး ဖြစ်သည်။
တခုတည်းသော နှစ်ပတ်လည်နေ့ နှစ်သစ်ကူးနေ့ကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြုနေ့များ၊ ခရစ္စမတ်နှင့် အိဒ်ပွဲတော် ကဲ့သို့ ဘာသာရေး အားလပ်ရက်များနှင့် ရိုးရာ ကရင် နှစ်သစ်ကူးနေ့ ကဲ့သို့သော အခမ်းအနားများကိုသာ ကျင်းပ ကြသည်။
စစ်ကောင်စီ၏ တရားဝင် ရှင်းလင်းချက်မှာ တရုတ် နှစ်သစ်ကူးနေ့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) မှ မြန်မာ၏ အိမ်နီးချင်းများနှင့် ကမ္ဘာတဝန်းမှ အခြားနိုင်ငံ အများအပြားတွင် အများပြည်သူ ရုံးပိတ်ရက် ဖြစ်သည်ဟူသည့် အချက်ဖြစ်သည်။
အမှန်တရားမှာ အာဆီယံတခုလုံးတွင် တရုတ်နှစ်သစ်ကူး ကျင်းပသည့် အစဉ်အလာ မရှိပေ။
စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားတွင် တရုတ် နှစ်သစ်ကူးနေ့ ကျင်းပသော်လည်း ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဘရူနိုင်းတွင် ကျင်းပခြင်း မရှိပေ။ ဗီယက်နမ်တွင် ၎င်း၏ သီးခြား တက်ငုယင်ဒန် (ခေါ်) တက်လူနာ နှစ်သစ်ကူး အားလပ်ရက် ရှိသည်။
မည်သို့ဆိုစေ စစ်ကောင်စီ ကြေညာချက်တွင် ဖော်ပြသည့်အတိုင်း ထိုလုပ်ရပ်အတွက် အခြေခံ အကြောင်းရင်းမှာ မြန်မာသည် “တရုတ်နှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေလိုခြင်း” ဖြစ်သည်။
တာဝန်ထမ်းဆောင်မှု ပြီးဆုံးပြီး ပြန်လည် ထွက်ခွာတော့မည့် တရုတ်သံအမတ် မစ္စတာ ချန်းဟိုင်က ထိုနေ့ကို တရားဝင် အသိအမှတ်ပြုရန် ဖေဖော်ဝါရီလက တရုတ်သံရုံးတွင် ကျင်းပသည့် နှစ်သစ်ကူး အခမ်းအနားတွင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို အဆိုပြုသည်ဟု ဖော်ပြကြသည်။
ထိုလုပ်ရပ်သည် မြန်မာ လွတ်လပ်ရေးရပြီး ၇၆ နှစ်အတွင်း ယခင် မကြုံဘူးသည့် တရုတ်အပေါ် မှီခိုမှုအဆင့်ကို “တရား အားထုတ်သည်”ဟု လေ့လာသူများက ပြောသည်။ ထိုရုံးပိတ်ရက် ကြေညာချက်သည် အငြင်းပွားဖွယ် ဖြစ်သည်မှာ သေချာပြီး စစ်တပ်တွင်း အပါအဝင် မြန်မာနိုင်ငံသားများကြား စိတ်မသက်မသာ ဖြစ်စေသည်။
ဒါကြောင့်လည်း မြန်မာပြည်သူများက ၎င်းတို့နိုင်ငံကို “တရုတ်ပြည်သူ့ သမ္မတ ပြည်ထောင်စု မြန်မာနိုင်ငံ” ဟု လှောင်ပြောင် ခေါ်ဝေါ်ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။
မြန်မာနိုင်ငံ မြောက်ပိုင်းမှ “တရုတ်ပြည်နယ်များ” သို့မဟုတ် “ကာကွယ်စောင့်ရှောက်ခံ ဒေသများ” ကတော့ တရုတ် နှစ်သစ်ကူး ကျင်းပမည်ကို သံသယဖြစ်စရာ မလိုပေ။
ဥပမာအားဖြင့် ဆိုပါက MNDAA က ၎င်းတို့သည် ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၂ နာရီအထိ အပစ်အခတ် ရပ်စဲမည်ဖြစ်ကြောင်း ကြေညာပြီး တရုတ် ကွန်မြူနစ်ပါတီ တတိယအကြိမ် စုံညီ အစည်းအဝေး ကာလ၌ တိုက်ခိုက်ရေးတပ်များ အားလုံး ထိုးစစ်စစ်ဆင်ရေးများ ရပ်ထားရန် ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုအခါ တရုတ်နှင့် ပတ်သက်သည့် မြောက်ပိုင်း တိုင်းရင်းသား တပ်များသည် ပိုင်နက်နယ်မြေများ ပိုမိုရရှိလာပြီး စစ်စခန်းများကို သိမ်းယူနေကာ နိုင်ငံအတွင်းပိုင်းသို့ ထိုးဖောက်လာခြင်းနှင့်အတူ စစ်ကောင်စီက တရုတ်အပေါ် မှီခိုမှုသည် ပိုမိုနက်ရှိုင်းလာမည်သာ ဖြစ်သည်။
ယခုအခါ တရုတ်နှင့် ပတ်သက်သည့် မြောက်ပိုင်း တိုင်းရင်းသား တပ်များသည် ပိုင်နက်နယ်မြေများ ပိုမိုရရှိလာပြီး စစ်စခန်းများကို သိမ်းယူနေကာ နိုင်ငံအတွင်းပိုင်းသို့ ထိုးဖောက်လာခြင်းနှင့်အတူ စစ်ကောင်စီက တရုတ်အပေါ် မှီခိုမှုသည် ပိုမိုနက်ရှိုင်းလာမည်သာ ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၊ ရထားလမ်းများ၊ ဘင်္ဂလား ပင်လယ်အော်မှ ရေနက်ဆိပ်ကမ်းများ၊ နယ်စပ် ကုန်သွယ်ရေးနှင့် အိန္ဒိယ သမုဒ္ဒရာကို အသုံးပြုခွင့် အပါအဝင် တရုတ်၏ ပထဝီ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများသည် မြန်မာတွင် လွန်စွာကြီးမားသည်ဟု ဆိုရမည်။
မြန်မာ့ အကျပ်အတည်းတွင် အရှုံးသမား အများအပြား ရှိသော်လည်း မည်သူအနိုင်ရသနည်း ဆိုသည့် ကိစ္စမှာတော့ ထင်ရှားပြီး ထိုအနိုင်ရသူများမှာ မြန်မာပြည်သူများ မဟုတ်ကြောင်း မေးခွန်းထုတ်စရာ မလိုပေ။
မြန်မာ နိုင်ငံသားတွေကို Happy Chinese New Year ပျော်ရွှင်သော တရုတ် နှစ်သစ်ကူးဟု ဆုတောင်းပေးရန် အချိန် လွန်စွာ စောနေသေးပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဇူလိုင် ၁၅ ရက်က ဖော်ပြခဲ့သော အောင်ဇော်၏ The Chinese Way of ‘Peacemaking’ and ‘Democracy-Building’ in Myanmar ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်ပြောင်းဖို့ တရုတ်ဖိအားပေးနေ (ရုပ်/သံ)
မင်းအောင်လှိုင် ကိုယ်စား ဦးသိန်းစိန်က တရုတ်ကို အကူအညီတောင်းခဲ့သလား
အသံတွေကြားနေရတယ် … ၆ လသက်တမ်းတိုးရင် တရုတ်လက်ခံပါ့မလား (ရုပ်/သံ)
မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား
စစ်တပ်ကို တရုတ်က လက်နက်တွေ ပေးဖို့ ပြင်နေ (ရုပ်/သံ)
မြန်မာစစ်တပ်-တရုတ်ဆက်ဆံရေး သုံးသပ်ချက်အပေါ် ဖြည့်စွက် စဉ်းစားစရာများ