နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေဖို့ ရည်ရွယ်တဲ့ ပြောဆိုချက်တွေ ဒါမှမဟုတ် တရုတ်နိုင်ငံကို အသရေဖျက်တဲ့ ပြောဆိုချက်တွေကို ဘေဂျင်းက လက်ခံမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သတိပေးလိုက်တယ်လို့ သူတို့ နှစ်ဦး နေပြည်တော်မှာ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တရုတ်- မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင်လုပ်ဆောင်ခြင်း၊ တရုတ်နိုင်ငံအပေါ် မဟုတ်မမှန်ပြောဆို လုပ်ကြံ တိုက်ခိုက်နေမှု မှန်သမျှကို ဆန့်ကျင်ကြောင်း မစ္စတာ ဝမ်ယိက တွေ့ဆုံစဉ်ပြောခဲ့တယ်လို့ သံရုံးက ဖော်ပြပါတယ်။ တရုတ်နယ်စပ်အနီး ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေမှာ ပြည်ပစွက်ဖက်မှု ပါတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုပ်သံမိန့်ခွန်းမှာ ဘယ်နိုင်ငံကိုမှ အမည်မတပ်ဘဲ ပြောကြားပြီးနောက် သူတို့တွေ့ဆုံတာ ဖြစ်ပါတယ်။
၉ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံကို မသွားခင် မစ္စတာ ဝမ်ယိက မြန်မာကို ဩဂုတ်လ ၁၄ ရက်နေ့မှာ လာရောက်တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က မန္တလေးတိုင်း၊ ပုဂံမှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်စဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ခေါင်းဆောင်ကို တွေ့ဆုံခြင်း မပြုခဲ့ပါဘူး။
၂၀၂၂ ခုနှစ်က မန္တလေးတိုင်း၊ ပုဂံမှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်စဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ စစ်ခေါင်းဆောင်ကို တွေ့ဆုံခြင်း မပြုခဲ့ပါဘူး။
ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီဆန့်ကျင်ရေး စစ်ဆင်ရေးတွေနောက်ကွယ်မှာ တရုတ်ရှိနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြိမ်ကြိမ် သွယ်ဝိုက်ပြောနေပြီးနောက် ဘေဂျင်းက သူ့ကို လူကိုယ်တိုင် သတိပေးရမယ်လို့ ယူဆကြောင်း ထင်ရှားပါတယ်။
လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းမှာ ထိုးစစ်ကြီး စတင်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဟာ အဲဒီဒေသက စစ်ကောင်စီစခန်းတွေကို ဗုံးကြဲဖို့ တရုတ်လုပ် ဒရုန်းတွေ သုံးနေတယ်၊ ပြည်ပကျွမ်းကျင်သူတွေက အဲဒီအင်အားစုတွေကို ကူညီနေတယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
အဲဒီလို သူပေါက်ကွဲပြီးနောက် စစ်ကောင်စီ ကျောထောက်နောက်ခံပြု အမျိုးသားရေးဝါဒီတွေက ရန်ကုန်မြို့လယ်နဲ့ တရုတ်သံရုံးပြင်ပမှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ကြတယ်။
စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခုလ အစောပိုင်းမှာ တိုင်းရင်းသားနဲ့ တော်လှန်ရေးအင်အားစုတွေ လက်ထဲကို ကျရောက်ပြီးနောက် စစ်ခေါင်းဆောင်က ပြည်ပနိုင်ငံတချို့ဟာ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နေတယ်လို့ ရုပ်သံမိန့်ခွန်းကနေ ပြောပေမယ့် တရုတ်နိုင်ငံအမည်ကိုတော့ အတိအကျ ပြောဆိုခြင်း မရှိပါဘူး။
တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဒေသက လက်နက်ခဲယမ်းစက်ရုံတွေဟာ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကို လက်နက်ရောင်းနေတယ်၊ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိမ်းဆည်းမိတဲ့ လက်နက်တွေက အဲဒီစက်ရုံတွေက လာတာဖြစ်တယ်လို့ မင်းအောင်လှိုင်က စွပ်စွဲခဲ့တယ်။
ပြည်ပနိုင်ငံတချို့ဟာ မြန်မာပဋိပက္ခ ရှည်ကြာအောင်လို့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကို ရိက္ခာ၊ ဆေးဝါး၊ လက်နက်၊ နည်းပညာနဲ့ စီမံအုပ်ချုပ်ရေးပိုင်း အကူအညီပေးနေတယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းမှာ ပြောပါတယ်။
ပြည်ပနိုင်ငံတချို့ဟာ မြန်မာပဋိပက္ခ ရှည်ကြာအောင်လို့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကို ရိက္ခာ၊ ဆေးဝါး၊ လက်နက်၊ နည်းပညာနဲ့ စီမံအုပ်ချုပ်ရေးပိုင်း အကူအညီပေးနေတယ်လို့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းမှာ ပြောပါတယ်။
နောက်တော့ စစ်တပ်ထောက်ခံသူတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ပွဲမှာ ပြည်ပစွက်ဖက်မှု ရှိတယ်ဆိုတာကို သရုပ်ဖော်ဖို့ ကြိုးစားရင်း ညီနောင်မဟာမိတ်အဖွဲ့ကို ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်လာတယ်။ အဲဒီ ဆန္ဒပြသူတွေက မြန်မာအလံကို အလေးပြုပြီး တရားသောစစ်အောင်ရမည် ဆိုတဲ့ စာတန်းတွေ ထောင်ကြသလို နိုင်ငံတော်သီချင်းနဲ့ မျိုးချစ်သီချင်းတွေ ဆိုကြတယ်။
စစ်ကောင်စီလိုလားတဲ့ တယ်လီဂရမ် ချန်နယ်တွေကလည်း တရုတ်ကြေးစားစစ်သားတွေ အဲဒီစစ်ပွဲမှာ လာတိုက်နေတယ်လို့ ရေးကြတယ်။
အဲဒီ ဆန္ဒပြပွဲတွေအပြီးမှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရှီကျွန်းဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့တဲ့အခါ မစ္စတာ ဝမ်ယိက တရုတ်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ထိန်းသိမ်းရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသားညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို အခိုင်အမာ ထောက်ခံတယ်လို့ပြောကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာမှာ ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်ထိန်းသိမ်းဖို့ စစ်ကောင်စီရဲ့ အားထုတ်မှုတွေကို တရုတ်နိုင်ငံက ထောက်ခံကြောင်း မစ္စတာ ဝမ်ယိက ဖော်ပြခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို တွေ့ဆုံမှုကို ဖော်ပြရာမှာ စစ်ကောင်စီထိန်းချုပ် မီဒီယာတွေက တရုတ်ဟာ ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်တယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် ဆင်ဟွာသတင်းဌာနနဲ့ တရုတ်သံရုံးကတော့ မစ္စတာ ဝမ်ယိက တရုတ်ဟာ မြန်မာက ဖရိုဖရဲအခြေအနေတွေ ဒါမှမဟုတ် ပဋိပက္ခတွေကို ဆန့်ကျင်တယ်လို့ပဲ ဖော်ပြပါတယ်။
တရုတ်- မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင်လုပ်ဆောင်ခြင်း၊ တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် ပြောဆို လုပ်ကြံ တိုက်ခိုက်နေမှုမှန်သမျှကို ဆန့်ကျင်ကြောင်း မစ္စတာ ဝမ်ယိက ပြောခဲ့တာကိုတော့ စစ်ကောင်စီမီဒီယာတွေက မဖော်ပြကြပါဘူး။
တရုတ်- မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်ခြင်း၊ တရုတ်နိုင်ငံအပေါ် မဟုတ်မမှန် ပြောဆို လုပ်ကြံ တိုက်ခိုက်နေမှုမှန်သမျှကို ဆန့်ကျင်ကြောင်း မစ္စတာ ဝမ်ယိက ပြောခဲ့တာကိုတော့ စစ်ကောင်စီမီဒီယာတွေက မဖော်ပြကြပါဘူး။
တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ထိထိရောက်ရောက် လည်ပတ်ဖို့နဲ့ စီမံကိန်းနဲ့ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံအောင်လုပ်ဖို့ မစ္စတာ ဝမ်ယိက သတိပေးခဲ့တာကိုလည်း စစ်ကောင်စီမီဒီယာတွေက မဖော်ပြကြပါဘူး။
စစ်ကောင်စီမီဒီယာက ထုတ်ပြန်တဲ့သတင်းကို အွန်လိုင်းမှာ လှောင်ပြောင်နေကြပြီး စစ်ကောင်စီခေါင်းဆောင်ဟာ မကြာသေးမီက ယာယီသမ္မတရာထူးကို ယူခဲ့ပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အချုပ်အခြာအာဏာ သင်္ကေတ ပလ္လင်ဘေးမှာ အတူထိုင်ပြီး တန်းတူဆက်ဆံနေရတယ်ဆိုတာကို ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Chinese Foreign Minister Delivers Thinly Veiled Rebuke to Myanmar Junta Boss ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်- မြန်မာဆက်ဆံရေး သွေးကွဲအောင် မလုပ်ဖို့ ဝမ်ယိ သတိပေး
မန္တလေးတိုင်းမှ တရုတ်ပိုက်လိုင်း အစောင့်တပ်စခန်းများကို PDF သိမ်းပိုက်
ရမခ ကျပြီးနောက် စစ်ကောင်စီက တရုတ်ဆန့်ကျင်ရေးလှုံ့ဆော်
တရုတ်နဲ့ စစ်ကောင်စီ ဝေးသွားပြီလား (ရုပ်/သံ)
စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား
ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ
စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ