ယခုနှစ် အစောပိုင်းတွင် တရုတ်နိုင်ငံသည် သမိုင်းတွင် မြန်မာစစ်တပ်ကို အဆိုးရွားဆုံး ချေမှုန်းနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် စစ်တပ်အကြား ဆွေးနွေးပွဲများကို ကြားဝင်ဆောင်ရွက်ပေးသည်။
ထို စေ့စပ်ညှိနှိုင်းမှု၏ ရည်ရွယ်ချက်မှာ တိုက်ပွဲများကြောင့် ပြတ်တောက်သွားသည့် တရုတ်၏ ယူနန်ပြည်နယ်နှင့် မြန်မာအကြား ကုန်းတွင်းကုန်သွယ်မှု ပြန်လည် ထိန်းသိမ်းရေး ဖြစ်သည်။ တရုတ်အတွက် စိတ်ပျက်စရာကောင်းသည်မှာ ထိုဆွေးနွေးမှုများ မေလလယ်တွင် ပြိုကွဲသွားခြင်းနှင့် မဟာမိတ်အဖွဲ့က ဇွန်လနှောင်းပိုင်းတွင် စစ်ကောင်စီဆန့်ကျင်ရေး ထိုးစစ်ပြန်လည်စတင်ခြင်း ဖြစ်သည်။
သို့သော် စစ်မြေပြင်တွင် တရုတ်သည် အကြီးအကျယ် သြဇာသက်ရောက်နိုင်ကြောင်း သက်ဆိုင်သူအားလုံး အသိအမှတ် ပြုသည်။ တရုတ်သည် မြန်မာကို ကျယ်ပြန့်သော ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ ၎င်း၏ စီးပွားရေးနှင့် ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားဖြင့်သာ ရှုမြင်သုံးသပ်ကြောင်းလည်း ၎င်းတို့နားလည်သည်။ ထို့ကြောင့် တရုတ်အစိုးရသည် စစ်တိုက်နေသူများနှင့် ပတ်သက်သည့် ၎င်း၏ အနေအထား ပိုမို တောင့်တင်းခိုင်မာအောင် ယခုတိုက်ခိုက်မှု အဆင့်သစ်ကို အသုံးချဖွယ် ရှိသည်။
တရုတ်အစိုးရသည် စစ်တိုက်နေသူများနှင့် ပတ်သက်သည့် ၎င်း၏ အနေအထား ပိုမို တောင့်တင်းခိုင်မာအောင် ယခုတိုက်ခိုက်မှု အဆင့်သစ်ကို အသုံးချဖွယ် ရှိသည်။
အခြား မြန်မာနှင့်အနီးကပ် ဆက်ဆံသည့်နိုင်ငံများ၊ အမေရိကန် ပြည်ထောင်စုနှင့် မြန်မာတွင် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းလိုသည့် မည်သည့်နိုင်ငံ မဆိုသည် ထိုသို့ ဖြစ်ပေါ်လာသည့် အခြေအနေကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်သင့်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့သည် တရုတ်နှင့် မြန်မာအကြား အဓိက နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများ အပါအဝင် ပိုင်နက် စတုရန်းကီလိုမီတာ ၂၀,၀၀၀ ကျော် (၇,၇၂၂ စတုရန်းမိုင်) သိမ်းပိုက်နိုင်သည်။ တရုတ်သည် ၎င်း၏နယ်စပ်မှ ငွေကြေးလိမ်လည်သည့် ဂိုဏ်းများ၊ အထူးသဖြင့် ကိုးကန့်ဒေသမှ မြန်မာစစ်တပ်၏ နယ်ခြားစောင့်တပ် (BGF) က စီမံသည့် ငွေကြေးလိမ်လည်မှု ဂိုဏ်းများကို ဖြိုခွဲရန်အတွက် ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်ကို အသုံးပြုသည်။
ကိုးကန့် BGF တို့ ရှုံးနိမ့်ပြီးနောက် တရုတ်သည် အကျပ်ကိုင်သည့် သံတမန်ရေးနှင့် စစ်ဖြစ်နေသော အင်အားစုများအပေါ် အသစ်ရလာသည့် သြဇာကို သုံးပြီး ဟိုင်ဂင်သဘောတူညီချက်ဟုခေါ်သည့် ပဏာမ အပစ်အခတ်ရပ်စဲရေး ရအောင်လုပ်သည်။ ထိုသဘောတူညီချက်ကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် ပဋိပက္ခရပ်ဆိုင်းသွားပြီး ကုန်းတွင်းကုန်သွယ်ရေး အပါအဝင် တရုတ်စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရေးနှင့် တိုးတက်စေရေး တဖွဲ့နှင့်တဖွဲ့ ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထိုသဘောတူညီချက် စတင်သက်ဝင်ပြီးနောက် တရုတ်သည် နယ်စပ်ကုန်သွယ်ရေးအတွက် နောက်ထပ် သဘောတူညီချက်များ ရစေရန် စစ်တပ်နှင့် အထက်ပါ တိုင်းရင်းသားမဟာမိတ်များကို စတင်တွန်းအားပေးသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ကျင်းပသည့် ထိုဆွေးနွေးပွဲများသည် ကုန်သွယ်ရေး အခွန်ငွေများခွဲဝေရေးနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ ပိုင်နက်နယ်မြေ အဆင့်အတန်းကို အာရုံစိုက်သည်။ ညီနောင်မဟာမိတ် သုံးဖွဲ့တွင် အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ပါဝင်သည်။
သို့သော် ဧပြီလရောက်သောအခါ ဆွေးနွေးပွဲများသည် မြေပြင်မှ ပကတိအခြေအနေနှင့် ဆက်စပ်မှု မရှိတော့ပေ။
တရုတ်ပြည်၌ ပြုလုပ်သည့် အဆိုပြုချက်များတွင် တရုတ်က နယ်စပ်ကုန်သွယ်ရေး ချောမွေ့စေရေးအတွက် စစ်တပ်သည် အကျိုးခံစားခွင့်နည်းသည့် အပိုင်းဖြစ်စေရန် ရည်ရွယ်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့၏ ပိုင်နက်နယ်မြေထိန်းချုပ်မှုကို အသိအမှတ်ပြုခြင်းအတွက် ညီနောင်မဟာမိတ် သုံးဖွဲ့ ပိုင်နက်တွင် စစ်တပ်တည်ရှိခွင့်ကို အမည်ခံသက်သက်မျှသာပေးသည်။ တချိန်တည်းတွင် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီသည် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန် အစီအစဉ်များကို အကောင်အထည်ဖော်သည်။
အတင်းအကျပ် စစ်သားစုဆောင်းခြင်းဖြင့် စစ်ကောင်စီသည် ထိုဒေသမှ တပ်များကို အင်အား ပြန်လည်ဖြည့်တင်းပြီး ပြည်ပမှ အကြီးအကျယ် ဝယ်ယူကာ မန္တလေးတိုင်းနှင့် လားရှိုးဒေသတွင် လက်နက်များနှင့် ဒရုန်းတပ်များကို အဆင့်မြှင့်တင်သည်။
ထိုသို့လုပ်နေခြင်းကို ညီနောင်မဟာမိတ် သုံးဖွဲ့က မသိဘဲ မနေပေ။ ညီနောင်မဟာမိတ်တပ်များသည် မကြာသေးမီကမှ ရရှိထားသည့် ပိုင်နက်များအပေါ် ထိန်းချုပ်မှု ကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်ပြီး ၁၀၂၇ စစ်ဆင်ရေး အဆင့်သစ်အတွက် ပြင်ဆင်ရာတွင် စွမ်းရည်တောင့်တင်းအောင် လုပ်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မတ်လတွင် ၀၃၀၇ စစ်ဆင်ရေး (မတ်လ ၇ ရက်နေ့) အဖြစ် သီးခြားထိုးစစ်တခု စတင်လိုက်သောအခါ ညီနောင်မဟာမိတ် သုံးဖွဲ့သည် ပိုမိုရဲတင်းလာသည်။ ထိုစစ်ဆင်ရေးသည် တရုတ်နယ်စပ်တလျှောက် အပါအဝင် ကချင်ပြည်နယ်တဝန်းမှ စစ်တပ်၏စခန်းများကို အလျင်အမြန် သိမ်းပိုက်သည်။
၎င်းတို့၏ ခပ်ကျဲကျဲဝိုင်းထားသည့် တပ်များကို ပြန်လည်ဖြန့်ကြက်ရန် စစ်တပ်ကို ဖိအားပေးခြင်းဖြင့် KIA တိုက်ခိုက်မှုများသည် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ၎င်းတို့၏ ထိုးစစ်အဆင့်သစ် ဖော်ဆောင်ရန် အကောင်းဆုံး အခြေအနေများကို ဖြစ်ပေါ်စေသည်။
တရုတ် ကြားဝင်ဆောင်ရွက်ပေးသည့် မေလက ဆွေးနွေးပွဲများ မတိုင်မီ စစ်ကောင်စီသည် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ၎င်း၏အခြေအနေကို မြှင့်တင်ရန်အတွက် TNLA ကို အကြီးအကျယ် တိုက်ခိုက်ပြီး ဟိုင်ဂင်သဘောတူညီချက်ကို ဗြောင်ကျကျချိုးဖောက်သည်။ သို့သော် TNLA ကလည်း အင်အားအလုံးအရင်းဖြင့် တုံ့ပြန်သည်။ TNLA ထိန်းချုပ်ဒေသတွင် စစ်ကောင်စီ၏ မည်သည့်ကိုယ်စားလှယ်ကိုမှ ခွင့်မပြုတော့ပေ။
တရုတ်တွင် ဖြေရှင်းရမည့် အဓိကပြဿနာမှာ နယ်စပ်ကုန်သွယ်ရေးကို ကူညီစီမံရန် ညီနောင်မဟာမိတ် ပိုင်နက်တွင် စစ်ကောင်စီတည်ရှိရေး ဖြစ်သောကြောင့် ဆွေးနွေးပွဲများ မအောင်မြင်နိုင်တော့သည်မှာ သေချာသွားသည်။
ဆွေးနွေးပွဲများပျက်ပြီး နှစ်ပတ်အကြာ ဇွန်လ ၁ ရက်နေ့တွင် တရုတ်က MNDAA ကို လိုက်လျောပြီး ကိုးကန့်ပိုင်နက်သို့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်ဆက်သွယ်မှုနှင့် ရေ ပြန်လည်ပေးပို့သောကြောင့် ဆွေးနွေးပွဲများ မအောင်မြင်ခြင်းသည် အဓိကအားဖြင့် စစ်ကောင်စီကြောင့် ဖြစ်သည်ဆိုသည့် တရုတ်၏အမြင်သည် ထင်ရှားလာသည်။
ဆွေးနွေးပွဲများပျက်ပြီး နှစ်ပတ်အကြာ ဇွန်လ ၁ ရက်နေ့တွင် တရုတ်က MNDAA ကို လိုက်လျောပြီး ကိုးကန့်ပိုင်နက်သို့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်ဆက်သွယ်မှုနှင့် ရေ ပြန်လည်ပေးပို့သောကြောင့် ဆွေးနွေးပွဲများ မအောင်မြင်ခြင်းသည် အဓိကအားဖြင့် စစ်ကောင်စီကြောင့် ဖြစ်သည်ဆိုသည့် တရုတ်၏အမြင်သည် ထင်ရှားလာသည်။
ထိုဝန်ဆောင်မှုများကို တရုတ်က ဖြတ်တောက်ထားသည်မှာ ရှစ်လကြာပြီးနောက် ပြန်လည် ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ထိုဝန်ဆောင်မှုများသည် MNDAA အပေါ် တရုတ်သြဇာ သက်ရောက်နိုင်ခြင်း၏ အဓိကရင်းမြစ်လည်း ဖြစ်သည်။ MNDAA သည် ၎င်းတို့ အသစ်တဖန် သိမ်းပိုက်ထားသည့် နယ်မြေတွင် စီးပွားရေးတိုးတက်မှုရှိစေရန် ထိုဝန်ဆောင်မှုများကို လိုအပ်သည်။
တရုတ်၏ရည်ရွယ်ချက်မှာ စစ်တပ်နှင့် တိုက်ခိုက်မှုရပ်စဲရေးအတွက် MNDAA ကို ဆွဲဆောင်ရန် ဖြစ်နိုင်သော်လည်း ထိုဝန်ဆောင်မှုများ ပြန်ပေးခြင်းသည် စစ်ကောင်စီကို စိတ်ပျက်စေသည်။ စစ်ကောင်စီသည် တော်လှန်ရေး လှုပ်ရှားမှုများ လုံးဝရပ်ဆိုင်းစေရေးအတွက် ညီနောင်မဟာမိတ် သုံးဖွဲ့ကို တရုတ်က ပိုမိုဖိအားပေးရန် မျှော်လင့်နေသည်။
နောက် သီတင်း သုံးပတ်မျှသာကြာပြီး မိုးမိတ်ရှိ TNLA စခန်းတခုကို အဓိကကျသည့် လေကြောင်းတိုက်ခိုက်မှု အပြီးတွင် TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း စတင်ကြောင်း ကြေညာလိုက်သည်။ ဟိုင်ဂင်သဘောတူညီချက်လည်း ပျက်စီးသွားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှ EAOs များကို စစ်ကောင်စီ လှည့်ဖျားခြင်း
စစ်မြေပြင်စွမ်းရည် မြှင့်တင်ခြင်းသည် ရှမ်းပြည်မြောက်ပိုင်းတွင် ဆုံးရှုံးထားသည့် နယ်မြေများ ပြန်လည် ရရှိရေးအတွက် စစ်တပ်၏ သေနင်္ဂဗျူဟာ တစိတ်တပိုင်းမျှသာ ဖြစ်သည်။ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ဟု ခေါ်သည့် လျော့ရဲသော မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော မြောက်ပိုင်းမှ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ခုအကြား ရှုပ်ထွေးသည့် ဆက်ဆံရေးကို အသုံးချရန်လည်း စစ်ကောင်စီဗိုလ်ချုပ်များ ကြိုးစားကြသည်။
ဇန်နဝါရီလမှ ဇွန်လအတွင်း စစ်တပ်သည် နယ်စပ်ဂိတ်များနှင့် ပတ်သက်ပြီး MNDAA နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အကြား တင်းမာမှု မြင့်မားလာခြင်း၊ ပိုင်နက်အငြင်းပွားမှုနှင့် ထိန်းချုပ် နယ်နိမိတ် သတ်မှတ်ချက်အပေါ် MNDAA, TNLA, KIA နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA) တို့အကြား ပြဿနာများကို စစ်တပ်က စောင့်ကြည့်နေသည်။
ဧပြီနှင့်မေလတွင် စစ်တပ်သည် TNLA ကို အားမပြင်းလှသည့် တိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ပြီး MNDAA နှင့် TNLA အကြား မဟာမိတ်ကို ဖျက်ဆီးရန် သေနင်္ဂဗျူဟာ၏ တစိတ်တပိုင်းဖြစ်ပုံရသည်။ MNDAA သည် နယ်မြေတောင်းဆိုမှုများနှင့် ပတ်သက်ပြီး ကျေနပ်သွားမည်၊ ၎င်း၏ ပိုင်နက်ကို လေကြောင်းတိုက်ခိုက်မည့် ခြိမ်းခြောက်မှုကြောင့် လားရှိုးသို့ ဆက်လက် ချီတက်မည်မဟုတ်ဟု စစ်ကောင်စီဗိုလ်ချုပ်များ ထင်ပုံရသည်။
ထိုတွက်ချက်မှု လုံးဝမှားယွင်းကြောင်း ပေါ်ထွက်လာသည်။
မဟာမိတ်ဖွဲ့မှုကို အင်အားနည်းမသွားစေဘဲ TNLA ကို စစ်ကောင်စီက တိုက်ခိုက်နေခြင်းသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း EAO များ သိမ်းပိုက်လိုက်သည့် နယ်မြေများကို စစ်ကောင်စီဗိုလ်ချုပ်များက ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် TNLA ရှုံးနိမ့်ပါက MNDAA ဘက်သို့ ချက်ချင်းလှည့်လာမည်ဖြစ်ကြောင်း ပြသနေသည်ဟု MNDAA က ယူဆသည်။
MNDAA သေနင်္ဂဗျူဟာသမားတဦး၏ အွန်လိုင်းဆောင်းပါးအတိုင်း ဆိုရပါက “MNDAA သည် လားရှိုးကို မသိမ်းပိုက်ပါက လောက်ကိုင် (ကိုးကန့်) သည် မည်သည့်အခါမျှ လုံခြုံမည်မဟုတ်ပေ” ဟုသာ ဆိုရမည်ဖြစ်သည်။
ထိုအချက်ကြောင့် MNDAA သည် ဇွန်လနှောင်းပိုင်းတွင် TNLA ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်တွင် ပါဝင်ရန် ရဲတင်းလာစေပုံရပြီး တချိန်တည်းတွင် ၎င်း၏ ပိုင်နက်ကို စစ်ကောင်စီတပ် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးအထိ ပိုင်နက်ရည်မှန်းချက် ထားလာသည်။ MNDAA သေနင်္ဂဗျူဟာသမားတဦး၏ အွန်လိုင်းဆောင်းပါးအတိုင်း ဆိုရပါက “MNDAA သည် လားရှိုးကို မသိမ်းပိုက်ပါက လောက်ကိုင် (ကိုးကန့်) သည် မည်သည့်အခါမျှ လုံခြုံမည်မဟုတ်ပေ” ဟုသာ ဆိုရမည်ဖြစ်သည်။
စစ်ကောင်စီ၏ လုပ်ရပ်များသည် တရုတ်နှင့် အင်အားအကြီးမားဆုံး EAO ဖြစ်သည့် UWSA တို့အတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေသည်။ UWSA သည် မြန်မာနိုင်ငံအောက်ပိုင်းတွင် ဖြစ်နေသည့် ပဋိပက္ခတွင် ကြားနေသည်ဟု ပြောဆိုနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။
UWSA သည် မြောက်ပိုင်း EAO များနှင့် ခိုင်မာသော လုံခြုံရေးမဟာမိတ် ဖွဲ့စည်းထားသော်လည်း စစ်တပ်နှင့် ကြီးမားသော စီးပွားရေးဆက်စပ်မှု ရှိသည်။ တရုတ်နှင့် UWSA တို့သည် ပိုမိုကျယ်ပြန့်သည့် နယ်စပ်ဒေသ လုံခြုံရေးအတွက် သက်ရောက်နိုင်သောကြောင့် FPNCC အဖွဲ့ဝင်များအကြား ကြီးမားသည့်ပဋိပက္ခ ပေါ်ပေါက်လာသည်ကို မမြင်လိုကြပေ။
တရုတ်နိုင်ငံက ကြိုဆိုရမည့် လုပ်ရပ်တခုအနေဖြင့် UWSA သည် SSA-မြောက်ပိုင်းနှင့် TNLA အကြား ဇူလိုင်လတွင် တိုက်ခိုက်မှု ဖြစ်သောအခါ ကြားဝင်စေ့စပ်ပေးသည်။ ၎င်း၏ ကြီးထွားလာနေသည့် သြဇာနှင့် အာဏာကို ပြသသည့်အနေဖြင့် UWSA သည် ရှမ်းပြည်နယ်မှ စစ်ကောင်စီနယ်မြေတခုကို SSA-မြောက်ပိုင်းက ငြိမ်းချမ်းစွာ ထိန်းချုပ်စေရန် ကူညီခြင်းနှင့် အခြားကိစ္စများဖြင့် ပဋိပက္ခကြေအေးစေရန် လုပ်ခဲ့သည်။
ထိုသို့လုပ်ခြင်းနှင့်အတူ UWSA သည် ၎င်း၏သြဇာနယ်ပယ်မှ အဓိကကျသည့် ဒုတိယမြို့တမြို့ဖြစ်သော တန့်ယန်းသို့ ဝင်ရောက်လာသည်။ ထိုလုပ်ရပ်သည် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်တပ်အကြား စစ်ပွဲကျယ်ပြန့်လာချိန်တွင် ၎င်း၏ကြီးမားသော အကျိုးစီးပွားများကို ကာကွယ်ရန် တန့်ယန်း အုပ်ချုပ်ရေးကို လွှဲယူသည့် လုပ်ရပ်အဖြစ် စစ်ကောင်စီက လက်ခံထားပုံရသည်။
ဇူလိုင်လလယ်သို့ ရောက်လာသောအခါ မြောက်ပိုင်းတွင် အသာစီးရရန် စစ်တပ်၏ လုပ်ဆောင်မှု ဆိုးဆိုးရွားရွား ကျဆုံးကြောင်း ထင်ရှားလာသည်။ FPNCC သည် စစ်သေနင်္ဂဗျူဟာအရ သာလွန်သည်သာမက နိုင်ငံမြောက်ပိုင်းမှ ညီနောင်မဟာမိတ်အဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပိုမိုနက်ရှိုင်းလာသည့် မဟာမိတ်ဖွဲ့မှုသည် မြောက်ပိုင်း EAO များနှင့် စင်ပြိုင်အစိုးရအကြား စစ်မြေပြင် မဟာမိတ်ဖွဲ့စည်းမှု ဖြစ်နိုင်ခြေကို ဖော်ပြနေသည်။
စစ်ကောင်စီက တရုတ်၏ အကူအညီကို မျှော်လင့်နေ
ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်းပြည်နယ်တွင် ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် လားရှိုးကို အလျင်အမြန် ချဉ်းကပ်လာခြင်းနှင့်အတူ ပိုမို မျှော်လင့်ချက်ကင်းမဲ့လာသည့် စစ်ကောင်စီတပ်သည် တရုတ်အကူအညီကို မျှော်လင့်နေသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်များကို ဆွဲဆောင်သည့် လုပ်ရပ်များ ဧပြီလမှ စတင် လုပ်ဆောင်နေသည်။ ပထမတခုမှာ အဓိကကျသည့် မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ရန် ကမ်းလှမ်းသည်။ တရုတ်နိုင်ငံပိုင်လုပ်ငန်းတခုသည် ထိုစီမံကိန်း ပြန်လည်စတင်ရန် တောင်းဆိုနေသည်မှာ ဆယ်စုနှစ်တခု ကြာပြီဖြစ်သည်။
အခြားတခုမှာ တရုတ်နှစ်သစ်ကူးကို မြန်မာတွင် ရုံးပိတ်ရက်အဖြစ် ကြေညာပြီး တရုတ်နိုင်ငံပိုင် မီဒီယာတွင် အပြုသဘော ဖော်ပြခံရခြင်းဖြစ်သည်။ ထို့ပြင် ဇူလိုင်လ အစောပိုင်းက ဘေဂျင်းတွင် ကျင်းပသည့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူ ငါးချက် နှစ် ၇၀ ပြည့် အခမ်းအနားသို့ သမ္မတဟောင်း ဦးသိန်းစိန်ကို စေလွှတ်ခြင်းဖြင့် တရုတ်၏ ဒေသတွင်း ဝါဒဖြန့်ချိရန် အားထုတ်မှုကို ၎င်းက ထောက်ခံသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရပ်စဲရေးအတွက် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဖိအားပေးရာတွင် တရုတ်အကူအညီ ရရန်အတွက် မင်းအောင်လှိုင်က ဦးသိန်းစိန်၏ ခရီးစဉ်ကို အသုံးချသည်။ တရုတ်နိုင်ငံသည် MNDAA ကို တဖက်သတ် အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရပ်စဲရေးအတွက် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဖိအားပေးရာတွင် တရုတ်အကူအညီ ရရန်အတွက် မင်းအောင်လှိုင်က ဦးသိန်းစိန်၏ ခရီးစဉ်ကို အသုံးချသည်။ တရုတ်နိုင်ငံသည် MNDAA ကို တဖက်သတ် အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည်။ သို့သော် ပဋိပက္ခရပ်ဆိုင်းရန် ဘာလုပ်ရလုပ်ရ လုပ်မည်ဆိုသော ကန့်သတ်ချက်ရှိသည့် သဘောထားမျိုးကို တရုတ်အစိုးရက ရှင်းလင်းစွာ ဖော်ပြသည်။
ထို့ကြောင့် MNDAA သည် တရုတ်နိုင်ငံက တောင်းဆိုသည့် အပစ်အခတ်ရပ်စဲရေးကို ကြေညာပြီးနောက်တွင် ဇူလိုင်လ ၃၁ ရက်နေ့အထိပင် သက်တမ်းတိုးချဲ့ခဲ့သော်လည်း MNDAA သည် စစ်ကောင်စီဘက်မှ ထွက်ပြေးလာသူများနှင့် ဘက်ပြောင်းလာသူများကို ဆုငွေချီးမြှင့်ခြင်းဖြင့် လားရှိုးကို သိမ်းပိုက်ရေး ငြိမ်းချမ်းသော သေနင်္ဂဗျူဟာကို စတင်သည်။
စစ်ကောင်စီကလည်း တရုတ်နယ်စပ်အနီး လောက်ကိုင်ရှိ MNDAA စခန်းများကို လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်သည်။ ထိုသို့ လုပ်ခြင်းကြောင့် MNDAA အပစ်အခတ်ရပ်စဲရေး စည်းကမ်းများအရ လားရှိုးနှင့် ကီလိုမီတာအနည်းငယ်သာ ဝေးသည့် စစ်ကောင်စီစခန်းများသို့ ဆက်လက် ချီတက်ခြင်းသည် မှန်ကန်သည့် လုပ်ရပ်ဖြစ်သွားသည်။
နယ်စပ်မှ ကီလိုမီတာ အနည်းငယ်သာဝေးသည့် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများဖြင့်ဖျက်ဆီးနေသည်ကို တရုတ်က စိတ်ရှည်စွာ စောင့်ကြည့်နေသော်လည်း လောက်ကိုင်ကို ဖျက်ဆီးခြင်းဖြင့် MNDAA နှင့် ချေမှုန်းရေးစစ်တိုက်ရန် မြန်မာစစ်တပ်၏ အားထုတ်မှုသည် ဆိုးကျိုးသာဖြစ်ဖွယ်ရှိသည်။ အထူးသဖြင့် တရုတ်အကျိုးစီးပွားကို ထိခိုက်လျှင် ဆိုကျိုးသာ ဖြစ်စေမည်။
ဦးသိန်းစိန်၏ခရီးစဉ်သည် တရုတ်၏ဆန္ဒများကို စစ်ကောင်စီကို ပြသသောကြောင့်လည်း အရေးပါသည်။
ထိုခရီးစဉ်နောက်ပိုင်းတွင် မြန်မာနိုင်ငံရေးပါတီများကို တရုတ်သို့ ဖိတ်ခေါ်ခြင်း အပါအဝင် မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တရုတ်၏ သံတမန်ရေးလှုပ်ရှားမှု အများအပြား ဖြစ်လာသည်။ တရုတ်နိုင်ငံ၏အမြင်တွင် ရွေးကောက်ပွဲများသည် အခြေအနေတည်ငြိမ်စေပြီး ပုံမှန်အခြေအနေ ပြန်ရောက်နိုင်မည့် နည်းလမ်းတခုဖြစ်သည်။
ထိုကိစ္စသည် အဆင့်အသီးသီးတွင် မရေရာသည့် အလားအလာဖြစ်သော်လည်း UWSA နှင့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို လွှတ်တော်တွင်း ပြန်လည်ခေါ်ယူခဲ့သည့် ပြုပြင်ပြောင်းလဲရေး သမ္မတကို ဖိတ်ခေါ်ခြင်းဖြင့် တရုတ်အစိုးက မြန်မာသည် ၂၀၀၈ ခုနှစ်တွင် စစ်တပ်က စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသို့ ပြန်သွားမည်ဟု မျှော်လင့်ကြောင်း ခိုင်မာသည့် သတင်းစကား ပေးပို့လိုက်ခြင်းဖြစ်သည်။
ညီနောင်မဟာမိတ်အဖွဲ့ လားရှိုးအနီး ချဉ်းကပ်လာသောအခါ တရုတ်သည် စစ်ကောင်စီနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ အတင့်အရဲဆုံး လုပ်ရပ်အဖြစ် စစ်ကောင်စီ ဒု ခေါင်းဆောင်ကို တရုတ်သို့ ဇူလိုင်လ အစောပိုင်းတွင် ဖိတ်ခေါ်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှု ဖိုရမ်သို့ တက်ရောက်စေသည်။
ညီနောင်မဟာမိတ်အဖွဲ့ လားရှိုးအနီး ချဉ်းကပ်လာသောအခါ တရုတ်သည် စစ်ကောင်စီနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ အတင့်အရဲဆုံး လုပ်ရပ်အဖြစ် စစ်ကောင်စီ ဒု ခေါင်းဆောင်ကို တရုတ်သို့ ဇူလိုင်လ အစောပိုင်းတွင် ဖိတ်ခေါ်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှု ဖိုရမ်သို့ တက်ရောက်စေသည်။
ထိုသို့ဖိတ်ခေါ်ခြင်းသည် အကြောင်းရင်း နှစ်ခုကြောင့် ထူးခြားသည်။ ပထမအချက်မှာ ဒေသတွင်း လုံခြုံရေးပြဿနာများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟု တရုတ်က မျှော်လင့်သည့် နိုင်ငံစုံအဖွဲ့အစည်းတခုတွင် စစ်ကောင်စီကို တရားဝင်မှု လွှမ်းခြုံပေးသည်။ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းသည် ထိုအစည်းအဝေးကို တက်ရောက်လာသည့် အမြင့်ဆုံးအရာရှိဖြစ်သော အီရန် ဒုသမ္မတနှင့်အတူ တွဲရပ်ခွင့်ရသည်။
ဒုတိယအချက်မှာ ဒု စစ်ခေါင်းဆောင် စိုးဝင်းသည် ထို ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့်တွေ့ဆုံရန် အခွင့်အရေးရသွားသည်။
တရုတ်အစိုးရသည် မြန်မာ့ရေးရာများတွင် SCO ကို ပိုမိုနက်နက်ရှိုင်းရှိုင်း ပါဝင်စေပြီး ဝန်ကြီးအဆင့်နှင့်အထက် စစ်ကောင်စီအရာရှိများကို အစည်းအဝေးတက်ခွင့် မပြုသည့် အာဆီယံ၏ အခန်းကဏ္ဍကို အစားထိုးမည်ဆိုသည့် လက္ခဏာဖြစ်ကြောင်း ထိုသို့တွေ့ဆုံခြင်းက ပြသနေသည်။ သို့သော် မှတ်သားစရာကောင်းသည်မှာ ဦးသိန်းစိန်နှင့် မတူဘဲ စိုးဝင်းသည် မည်သည့် တရုတ်အဆင့်မြင့်အရာရှိနှင့်မှ တွေ့ခွင့်မရပေ။
သိမ်းပိုက်ရမည့် နယ်မြေ
တချိန်တည်းတွင် မြေပြင်မှ ပဋိပက္ခသည် လျော့ကျခြင်း မရှိပေ။ ဇူလိုင်လ ၂၃ ရက်နေ့တွင် အင်အားကြီးမားသည့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်သား ၃၁၇ ဦး ဘက်ပြောင်းလာသောအခါ MNDAA သည် ထူးခြားသော အောင်မြင်မှုရရှိသည်။
ရက်အတန်ကြာသောအခါ MNDAA က လားရှိုး အပြည့်အဝ လွတ်မြောက်ကြောင်း ကြေညာသည်။ ထိုကြေညာချက်သည် အချိန်မတိုင်မီ ထုတ်ပြန်သည့် ကြေညာချက်ဖြစ်သော်လည်း အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် ကျဆုံးရန် နီးကပ်လာပုံရသည်။
ထူးခြားသည်မှာ UWSA က ၎င်းတို့ တပ်လားရှိုးသို့ ဝင်ရောက်ကြောင်း ဇူလိုင်လ ၂၉ ရက်နေ့တွင် ကြေညာခြင်း ဖြစ်သည်။ ထိုပိုင်နက်တွင် ပိုင်ဆိုင်မှုတောင်းဆိုရန်နှင့် ထိုမြို့မှ UWSA ၏ ကျယ်ပြန့်သော အကျိုးစီးပွားများကို ပျက်စီးစေနိုင်သည့် လေကြောင်းတိုက်ခိုက်မှုများ မလုပ်ရန်အတွက် စစ်ကောင်စီကို တားဆီးရန် ထိုသို့ ဝင်ရောက်လာခြင်း ဖြစ်ပုံရသည်။
တရုတ်၏ရေရှည်အမြင်
စစ်ကောင်စီနှင် FPNCC မှ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းများဖြင့်သာ တရုတ်အစိုးရက ဆက်ဆံခြင်း၊ NUG နှင့် လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု မရှိခြင်းက ဖော်ပြနေသည့်အတိုင်း တရုတ်သည် မြန်မာနိုင်ငံမှ ဒီမိုကရေစီကို စိတ်မဝင်စားပေ။ ပိုမိုကျယ်ပြန့်သော ငြိမ်းချမ်းရေးကို အားပေးရန်လည်း တရုတ်က စိတ်မဝင်စားပေ။
၎င်း၏ ကြားဝင်စေ့စပ်ရေး အားထုတ်မှုများသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် သက်ဆိုင်သူ အနည်းငယ်ကိုသာ အသုံးချရန်နှင့် သေနင်္ဂဗျူဟာကျသည့် နယ်စပ်ဒေသတွင် စစ်တပ်အင်အားချိနဲ့ပြီး တရုတ်သြဇာ တိုးချဲ့ရန်အတွက်သာ ဗဟိုပြုသည်။
သို့သော် တရုတ်က လက်ရှိအခြေအနေသည် ရေရှည်မတည်မြဲနိုင်ဟု အထင်အရှားမြင်သည်။ စစ်ကောင်စီဗိုလ်ချုပ်များသည် ညီနောင်မဟာမိတ် သုံးဖွဲ့သို့ ကြီးကြီးမားမား လိုက်လျောရန် ငြင်းဆန်သောကြောင့် စစ်တပ်သည် ယခု မတည်ငြိမ်မှုတွင် အခြေခံအားဖြင့် တာဝန်ရှိသည်ဟု တရုတ်အစိုးရက ယူဆသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဆုံးရှုံးမှုများကို စစ်ကောင်စီ ထပ်မံခံစားရပြီး ပဋိပက္ခ အဆုံးသတ်ရေး ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်တပ်ကို ပိုမိုဖိအားပေးရန် မြန်မာတွင် တရုတ်က ကြားဝင်ဆောင်ရွက်ခြင်းသည် ကာလတိုအတွင်း ကျယ်ပြန့်လာဖွယ်ရှိသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဆုံးရှုံးမှုများကို စစ်ကောင်စီ ထပ်မံခံစားရပြီး ပဋိပက္ခ အဆုံးသတ်ရေး ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်တပ်ကို ပိုမိုဖိအားပေးရန် မြန်မာတွင် တရုတ်က ကြားဝင်ဆောင်ရွက်ခြင်းသည် ကာလတိုအတွင်း ကျယ်ပြန့်လာဖွယ်ရှိသည်။
ထိုအခြေအနေသည် UWSA အတွက် အကျိုးအရှိဆုံးဖြစ်ကြောင်း ပြသနိုင်ဖွယ် ရှိသည်။ UWSA သည် ၎င်း၏ နယ်မြေထိန်းချုပ်မှုနှင့် အာဏာရှင်သြဇာကို တန်ဖိုးအနည်းငယ်မျှဖြင့် ဆက်လက် တိုးချဲ့မည်ဖြစ်ပြီး စစ်တပ်သည် ပြိုကွဲမှုသို့ ဦးတည်နေပုံံရသည်။
UWSA ၏ အနီးကပ်ဆုံး မဟာမိတ်များဖြစ်သော ညီနောင်မဟာမိတ် သုံးဖွဲ့သည်လည်း ဘေးမှကပ်ပါသည့် အနိုင်ရသူများ ဖြစ်လာနိုင်သော်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်ဖြစ်လာမည့် မြန်မာနိုင်ငံမြောက်ပိုင်းမှ လူမှုအသိုက်အဝန်းများအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ပြီး အနိုင်ရခြင်း ဖြစ်ဖွယ်ရှိသည်။
နိုင်ငံတကာမှ ဆက်စပ်နေသူများနှင့် ပတ်သက်၍ ပြောရလျှင် တရုတ်သည် SCO စင်မြင့်မှတဆင့် ၎င်း၏ နိုင်ငံစုံ လုံခြုံရေး သြဇာကို နက်ရှိုင်းစေရန် မြန်မာအကျပ်အတည်းကို အသုံးချဖွယ်ရှိပြီး အာဆီယံနှင့် အိန္ဒိယအတွက်မူ အရေးပါသော ဆုံးရှုံးမှုဖြစ်သည်။
ဒေသတွင်းတည်ငြိမ်ရေးနှင့် လွတ်လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်အတွက် စိုးရိမ်သော အမေရိကန် ပြည်ထောင်စုနှင့် ၎င်းနှင့်စိတ်တူကိုယ်တူနိုင်ငံများ အနေဖြင့် ထိုဖြစ်ပေါ်တိုးတက်မှုများကို တုန်လှုပ်စရာအဖြစ် မြင်ရမည် ဖြစ်သည်။
စစ်မြေပြင်တွင် စစ်ကောင်စီတပ် ဆက်လက်ရှုံးနိမ့်နေစဉ် တရုတ်က မျက်နှာသာပေးသည့် EAO များဖြစ်သော UWSA နှင့် MNDAA သည် နိုင်ငံရေးလမ်းကြောင်းကို အာဏာရှင်ဆန်သော စုစည်းမှုဘက်သို့ ပိုမိုယိမ်းသွားစေမည် ဖြစ်သည်။
(USIP ပါ Jason Tower ၏ As Myanmar’s Junta Loses Control in the North, China’s Influence Grows ကို ဘာသာပြန်သည်။ Jason Tower သည် USIP ၏ မြန်မာ့အရေးဆိုင်ရာ ဒါရိုက်တာဖြစ်သည်။)
You may also like these stories:
တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း
မြောက်ပိုင်း EAO ခေါင်းဆောင်များ တရုတ်အထူးသံကို ကူမင်းသွားတွေ့
စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်အရာရှိ ယူနန်တွင် တွေ့ဆုံ
သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်
၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း