ရေပြန်ကျနေပြီဖြစ်၍ ရေကြီးနစ်မြုပ်ခဲ့သည့် သီးနှံစိုက်ခင်းများ၌ မူလသီးနှံများနှင့် အခြားသီးနှံများ ပြန်စိုက်ရန် စစ်ကောင်စီ က တိုက်တွန်းနေသော်လည်း ရေဘေးသင့် လယ်သမားများအနေဖြင့် ပြန်လည်စိုက်ပျိုးရန် အခက်အခဲများရှိ နေသည်။
တောင်တရုတ်ပင်လယ်တွင် ဖြစ်ခဲ့သည့် ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့် ကပ္ပလီပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာရွာခဲ့ပြီး ရေကြီးမြေပြိုမှုများဖြစ်ပေါ်ခဲ့ရာ နေပြည်တော်၊ ကရင်နီ၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည် နှင့် ဧရာဝတီတိုင်းတို့စပါး အပါအဝင် သီးနှံစိုက်ခင်းဧက ၆ သိန်းခွဲနီးပါး ရေကြီးနစ်မြှုပ်ခဲ့သလို သဲများ နုန်းများ ထုနှင့် ထည် နှင့် တင်၍ ပျက်စီးခဲ့ရသည်။
ထိုသို့ ရေကြီးနစ်မြုပ်မှု ဖြစ်ရပ်အပြီး ရက်ပိုင်းအတွင်းမှာပင် စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနက သီးနှံများအမြန်ပြန် စိုက်ပျိုးရန် တိုက်တွန်းနိုးဆော်နေသည်ကို တွေ့ရသည်။
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း လယ်ဧကဆယ်ချီ နစ်မြှုပ်သွားသော လယ်သမားကြီးတဦးက “ကျနော်တို့ဒေသမှာ သွားရေးလာရေးတောင် အခက်အခဲရှိတော့ မော်တော်ဘုတ်၊ စက်လှေလေးတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက စားနပ်ရိက္ခာ လာပို့တုန်း။ မိုးစပါး ၁၅ ရက်သားလောက်မှာ အကုန်နစ်သွားတာ၊ အခုချိန်ထိ လယ်ကဇင်းရိုး မပေါ်သေးဘူး။ ကျနော်တို့ ဒေသနဲ့ မြို့ပေါ်က ၁၈ မိုင်လောက်ဝေးတယ်။ ထောက်ပံ့ကြေးဆိုလို့ ကိုဗစ်ကာလတုန်းက ကျပ် ၅ သောင်းချေးဖူးတယ်။ ဒါပဲ။ အခု စပါးပြန်စိုက်ဖို့ကလည်း အချိန်ကနှောင်းနေပြီ။ ဒီအချိန်စိုက်လိုက်ရင် နောက်ပိုင်း ဆောင်းသီးနှံ အခက်တွေ့နိုင် တယ်။ ဒါကြောင့် စပါးတော့ ပြန်စိုက်ဖို့ အစီစဉ်မရှိတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
လယ်ဝေးမြို့နယ် ပင်တောင်ကျေးရွာအုပ်စု၌ လယ်ဧကပေါင်း ၂ ထောင်ကျော်ရှိပြီး နွေစပါး၊ မိုးစပါး စိုက်ပျိုးကြကာ လက်ရှိ တွင် မိုးစပါးမှာ ရေကြီးနစ်မြှုပ်သွားသောကြောင့် ဒီဇင်ဘာမတိုင်ခင် စိုက်ပျိုးမည့် မတ်ပဲကိုသာ ပြန်လည်စိုက်ပျိုးရန် မျှော်မှန်းထားကြောင်း ၎င်းက ရှင်းပြသည်။
ရေကြီးနစ်မြှုပ်မှုကြောင့် စပါးကြဲခင်း တဧကလျှင် အနိမ့်ဆုံး ကျပ် ၃ သိန်းမှ ၄သိန်းကျပ်အထိ ဆုံးရှုံးပြီး ရေပြန်ကျပါ ကလည်း စပါးထပ်စိုက်ပျိုးရန် မျိုးစပါးအခက်အခဲရှိကြောင်း၊ မိုးစပါးမှာ အနည်းဆုံး ရက်ပေါင်း ၁၂၀ ခန့် ကြာမည် ဖြစ်သောကြောင့် လယ်စိုက်မည့် တောင်သူအများစုက အချိန်ကာလတို၍ သေချာသည့် မတ်ပဲ၊ ပဲတီစိမ်းတို့ကိုသာ စိုက်ပျိုးချင်သော အခြေအနေရှိကြောင်း သိရသည်။
ပဲခူးတိုင်းမှ လယ်သမားကြီးတဦးက “ဇူလိုင်လ မြစ်ရေကြီးထဲက ပျက်တာ။ ကျနော်ဆို ဒီနှစ်မှာ သုံးလေးခါ ပြန်စိုက်ရတယ် ရေကြီးလို့။ ပဲခူးတိုင်းမှာဆို သာယာဝတီအနောက်ခြမ်းပေါ့။ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက် အကုန်လုံး ပါတာပေါ့။ သူတို့ (စကစ) ပြန်စိုက်ခိုင်းတာတွေ ရှိတယ်။ ဒါလည်း ထပ်မြုပ်ပြီးပျက်တာပဲ။ ကျနော်ဆို ၃ ခါရှိပြီ။ လယ်သမားတွေက မမီတော့ ငြင်းကြတာ။ စိုက်ဆိုလည်း ကိုယ့်အရင်းအနှီးနဲ့ကိုယ်ပဲ စိုက်ရတာ” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် ဇူလိုင်လအတွင်းက ရေနစ်မြုပ်ခဲ့သော ပြည်လမ်းဘေးဝဲယာရှိ လယ်သမားတချို့ကိုသာ မျိုးစပါး အနည်းငယ်ပေးခဲ့ပြီး ကျန်ထောက်ပံ့မှုကို ယခုအချိန်ထိ မရရှိခဲ့သည့်အပြင် လယ်သမားများအနေဖြင့် တဧကလျှင် သီးနှံအာမခံကြေး တလ ကျပ် ၃ ထောင် ပေးရသော်လည်း ဇူလိုင်လက ပျက်စီးခဲ့သည့် သီးနှံလျှော်ကြေးကိုပင် ယခု အချိန်ထိမရရှိကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “အခုတခေါက်ရေကြီးတာတော့ ပဲခူးအရှေ့ခြမ်းပေါ့။ သူတို့က ပိုဆိုးတယ်ဆိုတာ စပါးတွေက တချို့က သီးနေပြီ၊ တချို့က ရိတ်တဲ့ဟာတောင်ရိတ်တော့မယ်။ အဲဒါကြောင့် ပြန်ကယ်လို့ မရတော့ဘူး။ ပြန်စိုက်ဖို့ကျတော့လည်း မမီတော့ဘူး။ အရှေ့ခြမ်းက စပါးပဲများတယ်” ဟု ဆိုသည်။
ထို့ကြောင့် ဆန်စပါး အဓိကထွက်ရှိရာ ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် ယခုနှစ်တွင် ဆန်စပါးအထွက်နှုန်း သုံးပုံ နှစ်ပုံခန့် လျော့ကျနိုင်ကြောင်း ဒေသခံ တောင်သူလယ်သမားများတို့က ခန့်မှန်းသည်
လက်ရှိ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် သီးနှံများကို ပြည်လည်စိုက်ပျိုးနိုင်ရေး ထောက်ပံ့ငွေနှင့် စိုက်ပျိုးစရိတ် ချေးငွေတို့ကို ထုတ်ပေးသွားရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြ ထား သည်။
ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေတွင် မိုးသီးနှံဧက ၄ သောင်း ၇ ထောင်ကျော် ရေနစ်မြုပ်ခဲ့ကာ လက်ရှိအချိန်ထိ ဧက ၃ ထောင် ၉ ရာကျော် သီးနှံပျက်စီးခဲ့ပြီး တနိုင်ငံလုံးအနေဖြင့် ကျွဲ၊ နွား တိရစာ္ဆန်ကောင်ရေ ၁ သိန်း ၂ သောင်းကျော် သေဆုံးကာ စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆ သိန်းခွဲနီးပါး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကလည်း မန္တလေးတိုင်းတွင် စိုက်ပျိုးမြေဧက ၄ သောင်း နစ်မြှုပ်ခဲ့ပြီး ကရင်နီပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် တိရစာ္ဆန်နှင့် လယ်ယာမြေများစွာ ပျက်စီးခဲ့ ကြောင်း ထုတ်ပြန်ထားသည်။
ယခုရေကြီးမှုက တောင်များပြို၍ မြေများ၊ နုန်းများ၊ သဲများပါ လယ်ကွက်များ စိုက်ပျိုးမြေအတွင်း ဝင်သဖြင့် အချို့သော နေရာများတွင် ပြန်လည် ပြုပြင်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ပြည်တွင်းရှိ စိုက်ပျိုးရေးပညာရှင်တဦးက “အခုရှိရင်းစွဲ အချက်အလက်ပေါ်မူတည်ပြီး ပြောရရင် ရေကြီးနစ်မြှုပ်တဲ့ ဧက၊ ရေက မထွက်ဘဲ ချိုင့်နေတဲ့ နေရာတွေရှိသေးတယ်။ ဒါကြောင့် ရေပြန်ကျရင် ဘယ်လိုပြန်စိုက်မလဲရှိတယ်။ ကောက်စော စပါးပဲ ရက် ၉၀ ထက်နည်းတဲ့ စပါးပဲ စိုက်လို့ရမယ်။ ဒါပေမယ့် မျိုးရဖို့ ခက်ခဲတယ်။ အထွက်ကတော့ ရက် ၁၂၀ စပါးလို တော့ အထွက်ကောင်းမှာ မဟုတ်ဘူး” ဟု ပြောသည်။
You may also like these stories:
မြစ်သားနှင့်ကူမဲရှိ ရေဘေးသင့်ဒေသခံတို့ အကူအညီများလိုအပ်နေ
လွိုင်ကော်ရေဘေး ကူညီကယ်ဆယ်ရေး စစ်ကောင်စီ ပိတ်ထား