မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်မှုနှင့် အရပ်သားသေဆုံးမှုနှုန်း မြင့်တက်လာပြီးနောက် ဂျပန်သည် စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချလိုက်သည့် နောက်ဆုံးနိုင်ငံဖြစ်လာပြီး သံအမတ်နေရာတွင် အဆင့်နိမ့်ကိုယ်စားလှယ်တဦးနှင့် အစားထိုးရန် စီစဉ်နေသည်။
လက်ရှိသံအမတ် မစ္စတာ အီချီရို မာရူယာမသည် မကြာမီ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး သူ့ကို ဒုတိယတန်း သံတမန်ဖြစ်သည့် သံရုံးယာယီတာဝန်ခံနှင့် အစားထိုးမည်ဖြစ်ကြောင်း ထိုကိစ္စကိုသိသည့် သတင်းရင်းမြစ်များက ပြောသည်။
မစ္စတာ ယိုရှီတာခဲ ဆိုသူသည် သံရုံးယာယီတာဝန်ခံရာထူးကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် လွှဲယူခဲ့သည်ဟု ဧရာဝတီက သိရသည်။ သူသည် ယခု ရန်ကုန်တွင် ရောက်ရှိနေပြီဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျနှင့် အခြား အနောက်နိုင်ငံများသည် မြန်မာမှ ၎င်းတို့၏ သံတမန်ကိုယ်စားလှယ်များကို သံရုံးယာယီတာဝန်ခံများနှင့် အစားထိုး လျှော့ချခဲ့သည်။
ထိုသို့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချခြင်းသည် စစ်ကောင်စီကို တရားဝင်မှုပေးရန် ငြင်းဆန်ခြင်းဟု မြင်ကြပြီး စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို သတ်ဖြတ်နှိမ်နင်းခြင်းနှင့် အရပ်သားပြည်သူများကို လေကြောင်းမှတိုက်ခိုက်ခြင်းတို့ ပါဝင်သည်။
ရန်ကုန်ရှိ ဂျပန်သံရုံးသို့ ဧရာဝတီသတင်းဌာနက မှတ်ချက်တောင်းခံသော်လည်း စက်တင်ဘာလ ၂၄ ရက်နေ့အထိ အကြောင်းပြန်ခြင်း မရှိသေးပေ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် အကြမ်းဖက်မှု ချက်ချင်းရပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန်နှင့် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် တောင်းဆိုသည့် အခြားကမ္ဘာ့အင်အားကြီး နိုင်ငံများတွင် ဂျပန် ပါဝင်လာသည်။
၂၀၂၁ ခုနှစ်၊ မတ်လတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက သွေးချောင်းစီးဖြိုခွဲမှု အရှိန်မြှင့်တင်သောအခါ သံအမတ် မစ္စတာ မာရူယာမသည် သတ်ဖြတ်မှုရပ်ရေးနှင့် ဖမ်းဆီးထားသော အတိုက်အခံများ လွှတ်ပေးရေး တောင်းဆိုရန် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို နေပြည်တော်တွင် တွေ့ဆုံသည်။
ထိုတွေ့ဆုံဆွေးနွေးခြင်းသည် ချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံဆက်ဆံရေး ထိန်းသိမ်းမြှင့်တင်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ် MRTV တွင် ထိုစဉ်က ထုတ်လွှင့်ကြေညာသောကြောင့် ရန်ကုန်ရှိ ဂျပန်သံရုံးက ရှင်းလင်းချက် ထုတ်ပြန်ရသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှု သုံးနှစ်ပြည့်သောအခါ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ယိုကို ကာမိကာဝါက မြန်မာစစ်ကောင်စီသည် ငြိမ်းချမ်းသော ဖြေရှင်းမှုမလုပ်ဘဲ အရေးပေါ်အခြေအနေကို အကြိမ်ကြိမ် သက်တမ်းတိုးပြီး အပြစ်မဲ့ အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားအကြမ်းဖက်မှုများဖြင့် နေ့စဉ် သတ်ဖြတ်၊ ဒဏ်ရာရစေသည့် အခြေအနေကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
မေလတွင် ဂျပန်သည် အကျပ်အတည်းကို ဆွေးနွေးရန် မြန်မာမှ စစ်အုပ်စုဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်များနှင့် အခြားသက်ဆိုင်သူများကို ဖိတ်ခေါ်ခဲ့သည်။
အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ဂျပန်က ဆွေးနွေးရန် စိတ်အားထက်သန်ကြောင်း ထိုအစည်းအဝေးတွင် ပြောသည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Japan Downgrades Diplomatic Ties With Myanmar Junta ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီပို့သည့် ဆင်များ လက်မခံရန် ဂျပန်တိရိစ္ဆာန်ရုံကို တိုက်တွန်း
စစ်ကောင်စီအတွက် ဒေါက်တာ အေးမောင်နှင့် ဒေါ်စန္ဒာမင်းတို့ ဂျပန်သွားစည်းရုံး
ဂျပန်ရထားစီမံကိန်းကိုသုံးပြီး စစ်ကောင်စီတပ်များ သယ်ယူပို့ဆောင်နေ
ဂျပန်-အာဆီယံဌာန စစ်ကောင်စီကို ငွေကြေးထောက်ပံ့
ဂျပန်မှ စစ်ကောင်စီလော်ဘီ USDP ကို ထောက်ခံအရောဝင်