ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသော တရုတ်- မြန်မာနယ်စပ် နမ့်ခမ်းမြို့အား ဗုံးကြဲရန်လာရောက်သည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစီးကို ယနေ့ နံနက်အစောပိုင်းတွင် တရုတ်ဘက်မှ ခြိမ်းခြောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
နမ့်ခမ်းမြို့ပေါ် သို့ ယနေ့ နံနက် ၇ နာရီခွဲခန့်မှစ၍ ၈ ကြိမ်ခန့်ပျံသန်းနေသည့် ဂျက်ဖိုက်တာအား နယ်စပ်အနီးကပ်လာ ခြင်းကြောင့် တရုတ်စစ်တပ်က မြေပြင်မှနေ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း နမ့်ခမ်းမြို့ခံ အမျိုးသားတဦးက ဧရာ ၀တီကို ပြောသည်။
၎င်းက “တိုက်လေယာဉ်က နမ့်ခမ်းကနေ တရုတ်ဘက်ကို ဦးတည်ပြီး ပြန်လှည့်တဲ့အချိန်မှာ တရုတ်ပိုင်နက်ထဲ မဝင် ရောက်နိုင်အောင် တရုတ်စစ်တပ်က ပြန်ပစ်တယ်။ တရုတ်ဘက်က တရစပ်ပစ်တော့ လေယာဉ်က ၅ မိနစ်ခြားဆို ပြန်လာတယ်၊ တရုတ်က ထပ်ပစ်တယ် အကြိမ်ကြိမ်ပဲ” ဟု ပြောသည်။
နမ့်ခမ်းမြို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံ နောင်တောင်းမြို့အခြေစိုက် နယ်စပ်၌တပ်ဖြန့်ထားသည့် တရုတ်စစ်တပ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်သို့ ကျည်များကျရောက်မှုရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦး က “ကျမ သိရသလောက်က မူဆယ်ကုန်သွယ်ရေးဇုန်ဘက် စစ်ကောင်စီ လေယာဉ်တွေ ကင်းလှည့်ပျံသန်းနေတဲ့အတွက် တရုတ်နိုင်ငံဘက်ကလည်း လေကြောင်းရန်ကာကွယ်ရေးနဲ့ ပြန်လည် ပစ်ခတ်တာတွေ လုပ်ဆောင်တာမျိုးရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၈ နာရီခန့်တွင် နမ့်ခမ်းမြို့ အရှေ့ဘက် ၁ မိုင်အကွာရှိ စခန်းသစ်ကုန်းနှင့် လွယ်ဆာ ကျေးရွာအနီးသို့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့သလို နမ့်ခမ်းနှင့် ထိစပ်နေသည့် ကချင်ပြည်နယ် မန့်ဝိန်းကြီးမြို့သို့ ဗုံး ၄ လုံး ကြဲချခဲ့သည်။

ယနေ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း စက်တင်ဘာ ၆ ရက် နံနက်အစောပိုင်းတွင် နမ့်ခမ်း မြို့လယ်ခေါင် ညစျေးအနီးနှင့် ကျားဖြူခန်းမအနီးသို့ ဗုံးကြဲခံရမှုကြောင့် ကလေးငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ပြည်သူ ၁၁ ဦး အစုလိုက် သေဆုံးခဲ့ရသည်။
အောက်တိုဘာ ၂၀ ရက်တွင်လည်း တရုတ်- မြန်မာနယ်စပ်တွင် စစ်ကောင်စီ လေတပ်ပိုင် ရုရှားလုပ် MiG-29 ဂျက် တိုက်လေယာဉ်များနှင့် ဗုံးကြဲနေစဉ် တရုတ်စစ်တပ်က လေယာဉ်အား ပစ်ခတ်ခဲ့ကြောင်း ဘူဂေးရီးယားတပ်က ရုပ်သံ နှင့်တကွ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း နောင်တောင်းမြို့အနီး၌ လက်နက်ကြီးပစ်ခတ်မှုများဖြင့် တရုတ်စစ်တပ်က ၃ ရက်တိုင် စစ်ရေးလေ့ကျင့်ခဲ့ဖူးသည်။
ထို့အတူ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်း၌လည်း လေကြောင်းပစ်ကူပေးရန် ရောက်ရှိလာသည့် စစ်ကောင်စီ တိုက် လေယာဉ်များအား တရုတ်ဘက်မှအကြိမ်ကြိမ် ခြိမ်းခြောက်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်သည့် ယနေ့တွင် စစ်တပ်သည် ရှမ်းမြောက်မြို့များသို့ လေကြောင်းဗုံးကြဲလျက်ရှိသလို နံနက်အစောပိုင်းကလည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားသော ကိုးကန့်မြို့တော် လောက်ကိုင်အား ဗုံးကြဲခဲ့ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဟိုတယ်များ၊ နေအိမ်အများပြား၊ လမ်းများ ထိမှန်ပျက်စီးခဲ့ကြောင်း ကိုးကန့်တပ်က ထုတ်ပြန်ထားသည်။
ထို့ပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားသော မြို့၊ ရွာများအနေဖြင့် ယနေ့တွင်လေကြောင်းတိုက်ခိုက်မှုကို အထူးသတိပြုရန်လည်း TNLA တပ်ဖွဲ့ဝင်များက သတိပေးထားကြသည်။
You may also like these stories:
မန္တလေးမှ တရုတ်ကောင်စစ်ဝန်ရုံးကို မည်သူ ဗုံးခွဲတိုက်ခိုက်သနည်း
MNDAA ၏ ထုတ်ပြန်ချက် တရုတ်ဖိအား ပြင်းထန်မှုကိုပြ













