အာရက္ခတပ်တော် (AA) က ချဉ်းကပ်လာစဉ် စစ်ကောင်စီ ပိတ်ဆို့မှုများအကြား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဒေသခံများသည် စားနပ်ရိက္ခာနှင့် ဆေးဝါး မလုံလောက်မှုများကို ရင်ဆိုင်နေရသည်။
ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူသည် စစ်ကောင်စီက အပြင်းအထန် ကာကွယ်နေသော တရုတ်ရင်းနှီးမြှုပ်နှံသည့် အထူးစီးပွားရေးဇုန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ရှိသော နေရာဖြစ်သည်။
လွန်ခဲ့သောနှစ်ကုန်ပိုင်းတွင် AA က ထိုးစစ် စတင်ပြီးနောက် ရခိုင်ပြည်နယ်မှ အခြားမြို့နယ်များကဲ့သို့ပင် ကျောက်ဖြူကို စစ်တပ်က ပိတ်ဆို့ထားသည်။ လက်ရှိအချိန်အထိ AA သည် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၂ ခုကို သိမ်းပိုက်ထားသော်လည်း ကျောက်ဖြူသည် စစ်တပ်ထိန်းချုပ်မှုအောက်တွင်ပင် ဆက်လက်ရှိနေသည်။
ထိုသို့သော ပိတ်ဆို့မှုကြောင့် “ပြည်သူတွေက ဆန်၊ ကြက်သွန်၊ ဆီ၊ ဆေးဝါးနဲ့ ဓာတ်ဆီလို အခြေခံကုန်စည်တွေ မလုံလောက်မှု ရင်ဆိုင်နေရတယ်” ဟု ကျောက်ဖြူဒေသခံတဦးက ပြောသည်။ “တချိန်တည်းမှာပဲ စစ်တပ်က တပ်အင်အားဖြည့်ပြီး လုံခြုံရေး တင်းကျပ်နေတယ်” ဟုလည်း ပြောသည်။
ထို့ကြောင့် ဓာတ်ဆီဈေးနှုန်းသည် တလီတာလျှင် ၃ သောင်းခွဲကျပ်အထိ ခုန်တက်သွားသည်။
“လမ်းပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေ မတွေ့ရတော့ဘူး။ အိမ်တိုင်းက အနီအနားသွားဖို့ စက်ဘီးတွေပဲ စီးနေကြတယ်” ဟု ဒေသခံတဦးက ပြောသည်။
ပြည်သူများသည် တစုံတခု ဝယ်လိုတိုင်း ဈေးများနှင့် စတိုးဆိုင်များတွင် တန်းစီရသည်။ ဆန်၊ ဆီ၊ အာလူးနှင့် အခြား အခြေခံစားကုန်ဈေးနှုန်းများ ၅ ဆမှ ၁၀ ဆအထိ တက်သည်။

လတ်တလော ကျောက်ဖြူမြို့နယ်နှင့် ပတ်ဝန်းကျင်တွင် တိုက်ပွဲများ မရှိသော်လည်း AA တပ်များသည် ဘက်ပေါင်းစုံမှ ချဉ်းကပ်လာနေသောကြောင့် ဒေသခံများသည် ပြင်းထန်လာနိုင်သည့်တိုက်ပွဲကို စိုးရိမ်နေရသည်။
လွန်ခဲ့သော လလယ်မှစတင်ပြီး စစ်တပ်သည် စစ်ကူများကို ရေကြောင်း၊ လေကြောင်းမှ ပို့နေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ချမှတ်သည့် ကန့်သတ်ချက်များကြောင့် ပြည်သူများသည် အသက်မွေးဝမ်းကြောင်း မလုပ်နိုင်တော့ကြောင်း လူထုအခြေပြုအဖွဲ့အစည်း အဖွဲ့ဝင်တဦးက ပြောသည်။ ဒေသခံများသည် AA နှင့် အဆက်အသွယ်ရှိသည်ဆိုသည့် သံသယကြောင့် မကြာခဏ တားဆီး၊ ဖမ်းဆီး၊ စစ်မေးခံရသည်။
စစ်ကောင်စီ၏ အဓိက ရည်ရွယ်ချက်မှာ ထိုဒေသမှ တရုတ်စီမံကိန်းများကို ကာကွယ်ရန်ဖြစ်ကြောင်း ဒေသခံများပြောသည်။
ကျောက်ဖြူသည် တရုတ်ရင်းနှီးမြှုပ်နှံမှု အချက်အခြာဒေသဖြစ်သည်။ ထိုနေရာမှ ရေနက်ဆိပ်ကမ်းက တရုတ်ကို အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်သွားရောက်နိုင်မည့် မြန်မာနိုင်ငံဖြတ် ရထားလမ်းဆုံး ဖြစ်ပြီး ကျောက်ဖြူသည် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အသီးသီးစတင်ပြီး တရုတ်နိုင်ငံ၊ ယူနန်သို့ သွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်များ စတင်သည့်နေရာလည်း ဖြစ်သည်။
တရုတ်ဝန်ထမ်းများ၊ အင်စတီကျူးရှင်းများနှင့် စီမံကိန်းများ လုံခြုံရေးအတွက် ဘာမဆို လုပ်ဆောင်ပေးမည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းကို လွန်ခဲ့သောလက ကတိပေးသည်။
စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ကျောက်ဖြူစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် တရုတ်မှ CITIC အုပ်စုသည် ထိုနေရာကို AA တိုက်ခိုက်မှုမှ ကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့ထားကြောင်း ဒေသခံမီဒီယာများက ဖော်ပြသည်။
တရုတ်သည် ၎င်းတို့၏ စီမံကိန်းများနှင့် ဝန်ထမ်းများကို ကာကွယ်ရေးအတွက် ဖက်စပ်လုံခြုံရေးကုမ္ပဏီ ထူထောင်ရန် အဆိုပြုထားသည်မှာ လအတန်ကြာပြီဖြစ်သည်။ ထိုအဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီသည် နားလည်မှုစာချွန်လွှာ မူကြမ်းရေးရန် လုပ်ငန်းကော်မတီတခုကို ဖွဲ့စည်းထားသည်။
တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့စီမံကိန်းများကို ကာကွယ်ရန် တရုတ် လုံခြုံရေးဝန်ထမ်းများကို မဒေးကျွန်းတွင် ခန့်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ကြောင်း၊ အလားတူအစီအမံကို ကျောက်ဖြူတွင် သုံးနိုင်ခြေများကြောင်း ရခိုင်ပဋိပက္ခလေ့လာသူတဦးက ပြောသည်။

ထိုမြို့နယ်ကို ဓညဝတီရေတပ်စခန်း ဌာနချုပ်၊ အမှတ် ၅၄၂၊ ၅၄၃ ခြေမြန်တပ်ရင်းနှင့် အမှတ် ၃၂ ရဲတပ်ရင်း၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ အပါအဝင် စစ်ကောင်စီ စစ်စခန်းများက အကြီးအကျယ် စောင့်ကြပ်နေသည်။
အများပြည်သူသုံး ကုန်းလမ်းရေလမ်းများကို မဖွင့်တော့သောကြောင့် တခုတည်းသော ထွက်ပေါက်သည် လေကြောင်းလမ်း ဖြစ်သည်။
ကျောက်ဖြူမှ ထွက်ခွာလိုသော ဒေသခံများသည် ရန်ကုန်သို့ လေကြောင်းမှ သွားရောက်ရမည် ဖြစ်သော်လည်း လေယာဉ်ခသည် အလွန်မြင့်မားပြီး ခရီးစဉ်တခုလျှင် ၅ သိန်းအထိ ကုန်ကျသည်။ ထိုပမာဏသည် ရန်ကုန်မှ မန္တလေးနှင့် အခြားခရီးစဉ်များသို့ ပြည်တွင်းလေကြောင်းခရီး ကျပ် ၂ သိန်းထက် နှစ်ဆကျော် ပိုမိုကုန်ကျသည်။
၎င်းတို့ကို စစ်ကောင်စီတပ်များက ပိုမို အနီးကပ်စောင့်ကြည်ပြီး လှုပ်ရှားမှုများကို ပိုမိုကန့်သတ်လာကြောင်း ဒေသခံများက ပြောသည်။ ဒေသတွင်း မီဒီယာသတင်းများအရ အစားအစာနှင့် ရိက္ခာမှောင်ခိုသွင်းသောကြောင့် စက်တင်ဘာလတွင် လူအနည်းဆုံး ခုနစ်ဦး ဖမ်းဆီးခံရသည်ဟု သိရသည်။
“ကျနော်တို့ အရမ်းစိုးရိမ်တယ်။ အစားအသောက်၊ ဆေးဝါးနဲ့ အခြားအခြေခံကုန်ပစ္စည်းတွေ အရမ်းနည်းတယ်။ တိုက်ပွဲတွေထပ်ဖြစ်နိုင်ခြေကို ကျနော်တို့ စိတ်ပူတယ်” ဟု ဒေသခံတဦးက ပြောသည်။
ချမ်းသာသူများသည် လေကြောင်းမှတဆင့် မြို့မှထွက်ခွာနိုင်ခြင်း သို့မဟုတ် အိမ်သုံးအခြေခံကုန်စည်များကို ဝယ်ထားနိုင်ခြင်း ရှိသော်လည်း ကျန်သူများသည် ကြီးမားသော အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။
“ကျောက်ဖြူနဲ့ အနီးနားမြို့နယ်တွေ ကုန်စည်နဲ့ အခြေခံကုန်ပစ္စည်း ကုန်သွယ်ရေး ခွင့်ပြုဖို့ ဒါမှမဟုတ် ပြည်သူတွေ လိုတာရအောင်လုပ်ဖို့ နည်းလမ်းရှာရေး နှစ်ဖက်လုံးကို ကျနော်တောင်းဆိုတယ်” ဟုလည်း သူကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Food, Medicine Shortages Hit Rakhine’s Kyaukphyu ကို ဘာသာပြန်သည်။)
You may also like these stories:
ရခိုင်အထူးစီးပွားရေးဇုန် တရုတ်အရှိန်မြှင့်လုပ်နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ပိတ်ဆို့
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ စစ်ကောင်စီ ရေငုပ်သင်္ဘော ရောက်လာ
သတိထားရမယ့် တရုတ်ရဲ့ ပူးတွဲလုံခြုံရေးကုမ္ပဏီ အဆိုပြုချက် (ရုပ်/သံ)
Blackwater ကန်ထရိုက်တာဟောင်း မြန်မာမှာ လုံခြုံရေးကုမ္ပဏီ ဖွင့်














