ကာကွယ်ရေးပစ္စည်း စက်ရုံများရှိရာ ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်နှင့် ကပ်လျက်ရှိသည့် ရခိုင်ရိုးမပေါ်မှ တောင်ပုံကြီးစစ်စခန်းအား ယမန်နေ့တွင် အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်၍ တိုက်ပွဲများဖြစ်ပွားကာ လေကြောင်းမှပါ တိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်ကြောင်းသိရသည်။
တောင်ပုံကြီးစစ်စခန်းသည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းနယ်ခြားဂိတ်ဖြစ်ပြီး ညောင်ကျိုးရွာအနီး၌တည်ရှိကာ စစ်ကောင်စီတပ်စွဲ၍ အခိုင်အမာ ခံစစ်ပြင်ထားသော စစ်ဆေးရေးဂိတ်တခု ဖြစ်သည်။ ယမန်နေ့တိုက်ပွဲတွင် လေကြောင်းပစ်ခတ်မှုများကြောင့် အရပ်သားအချို့သေဆုံးမှုရှိခဲ့ပြီး ဒေသခံများမှာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ဘက်သို့ ထွက်ပြေး တိမ်းရှောင်မှုများလည်းရှိကြောင်း ရခိုင်ရိုးမပေါ်မှ စစ်ဘေးရှောင်လာသူတဦးက ပြောသည်။
“တောင်ကုတ်-ပန်းတောင်းလမ်းကြောထဲမှာ၊ ရခိုင်ရိုးမပေါ်မှာ ဖြစ်တယ်၊ ညောင်ကျိုး၊ မိုက်ကရို၊ သပြေစတဲ့ ရွာတွေက ဒေသခံတွေ ဥသျှစ်ပင်ဘက်ကို ထွက်ပြေးတယ်။ အသေအပျောက်နည်းနည်းတော့ များတယ်လို့ သိရတယ်” ဟု ဧရာဝတီကို ပြောသည်။
ယမန်နေ့တိုက်ပွဲတွင် တောင်ပုံကြီးရွာနှင့် တဆက်တည်းရှိ သပြေရွာ၊ မိုက်ကရိုရွာနှင့် စွပ်ပျက်ရွာ ပတ်ဝန်းကျင်ကိုပါ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဒေသတွင်း ဆက်သွယ်ရေးအခက်အခဲကြောင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် အရပ်သားထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်အား ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ရခိုင်ပြည်နှင့် ပြည်မကို ဆက်သွယ်သည့် တောင်ကုတ်တောင်ကြားလမ်း ညောင်ကျိုးရွာအနီးရှိ တောင်ပုံကြီးဂိတ်စခန်းမှာ အရေးပါသည့် စစ်ဆေးရေးဂိတ်ဖြစ်ပြီး၊ ထိုမှဆင်းလာပါက ရခိုင်ရိုးမအခြေ ပဲခူးတိုင်းပန်းတောင်းမြို့နယ် ညောင်ခြေထောက်၊ ဆင်တဲ၊ ကမြိုင်၊ ကျောက်ဖူး၊ ထုံးဘိုစသည့်ဒေသများတွင် ကပစ(၃)၊ ကပစ (၅၊ ကပစ(၆)၊ ကပစ(၉ )၊ ကပစ ၁၆) စစ်လက်နက် ပစ္စည်း စက်ရုံများ ရှိသကဲ့သို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရ လက်ထက်ကတည်းက တည်ထားသည့် အကြီးစားစက်မှုလက်မှု စက်ရုံများလည်း ရှိသည်။ ထိုအပြင်ဥသျှစ်ပင်မြို့ လမ်းဆုံမှ ပုသိမ်- မုံရွာလမ်းအတိုင်း ကြို့ပင်၊ ပဒါန်း စသည့် ရွာများမှ မင်းဘူးမြို့နယ်သို့ သွားရောက်နိုင်သည်။
အမှတ်-၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အခြေစိုက်ရာ တောင်ကုတ်မြို့ကို AA က ဒီဇင်ဘာ ၁၄ ရက်တွင် အပြီး သတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တောင်ကုတ်- ပန်းတောင်းလမ်း ရခိုင်ရိုးမပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား ဆက်လက် နယ်မြေရှင်းလင်း တိုက်ခိုက်နေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့အပါအဝင် မြို့ ၁၄ မြို့အား သိမ်းပိုက် နိုင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်နှင့် ထိစပ်ရာ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားမည်ကို စိုး ရိမ်သည့်အတွက် စစ်ကောင်စီဘက်က ခံစစ်အင်အား တိုးမြှင့်ပြင်ဆင်မှုများ ရှိနေကြောင်းလည်း သိရသည်။
You may also like these stories:
ဧရာဝတီတိုင်းမှာ စစ်ရိပ်စစ်ငွေ့သန်းပြီ
ရခိုင်တိုက်ပွဲများ ဧရာဝတီတိုင်းနှင့် နီးလာ