ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များက မံစီမြို့ကို ယနေ့သိမ်းပိုက်လိုက်သည့်အတွက် ခရိုင်မြို့ ဖြစ် သည့် ဗန်းမော်မှာ ပိုမိုပိတ်ဆို့ခံနေရပြီး တပ်ရင်းဌာနချုပ်များကို အနီးကပ် တိုက်ခိုက်နေကြောင်း သိရသည်။
မံစီမြို့သည် ဗန်းမော်နှင့် ၁၇ ကီလိုမီတာခန့်သာဝေးပြီး မံစီရှိ ခြေမြန်တပ်ရင်း ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ်ရင်း အမတ ၅၂၃ တပ်ရင်း ဌာနချုပ်သုံးခုလုံးအား ယနေ့ ၁၁ နာရီခန့်တွင် KIA က အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “မံစီမြို့ကို အပြီးသတ်သိမ်းလိုက်တာ ဟုတ်ပါတယ်။ အခုချိန်မှာတော့ တပ်စခန်းတွေ မရှိတော့ပါဘူး။ ဗန်းမော်က သူတို့ရဲ့ ပင်မတပ်စခန်းတွေကို ကျနော်တို့ အနီးကပ် ထိန်းထားတယ် ရပ်ကွက် တချို့ တွေမှာ တပ်ပေါင်းစုတွေလည်း ဝင်ရောက်နေနိုင်ပြီ ဒါပေမယ့် နေရာချထားနိုင်တဲ့အထိတော့ မဟုတ်ဘူးပေါ့။ ဝင်လိုက်ထွက်လိုက်လုပ်လို့ရတဲ့ အဆင့်ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် ဗန်းမော်မြို့အား လေကြောင်းတခုတည်းမှသာ ပစ်ကူထောက်ပို့ပေးနေရ သည့် အခြေအနေဖြစ်သည်။
KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့နှင့် မံစီမြို့သိမ်းတိုက်ပွဲအား ယမန်နှစ် ဒီဇင်ဘာ ၄ ရက်ကစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာနောက်ဆုံးပတ်၌ ခမရ ၃၁၉ တပ်ရင်းအတွင်း စီးနင်းတိုက်ခိုက်ခဲ့ရာတွင် တပ်ရင်းမှူး ဗိုလ်မှူးကြီး အောင်ငြိမ်း ချမ်း သေဆုံးခဲ့သည်။
ထို့ပြင် ယနေ့မံစီမြို့သိမ်းတိုက်ပွဲတွင် ခမရ ၆၀၁ တပ်ရင်းမှူးသေဆုံးပြီး လက်နက်ချအလင်းဝင်သူ အများအပြား ရှိကြောင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများရှိကြောင်း ဗန်းမော်အခြေစိုက်သတင်းများကို ဖော်ပြပေးနေသည့် Banmaw Scout Team အဖွဲ့က ဆိုထားသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကမူ မံစီမြို့သိမ်းပိုက်ရရှိမှုအခြေအနေနှင့်ပတ်သက်ပြီး စစ်သုံ့ပန်းဖမ်းမိမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုအခြေအနေများအား လတ်တလောတွင် အသေးစိတ် မသိရသေးကြောင်း ပြောသည်။
မံစီမြို့သိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သားအချို့ ဗန်းမော်ဘက်သို့ ထွက်ပြေးမှုများရှိကြောင်းသိရပြီး KIA ပူးပေါင်းတပ်များ အနေဖြင့်လည်း ဗန်းမော်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်များအား ဆက်လက်တိုက်ခိုက်လျက်ရှိသည်။
ဗန်းမော်တိုက်ပွဲသည်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) ရှိရာ လေယာဉ်ကွင်း ပတ်ဝန်းကျင် ၂ မိုင်၊ ၃ မိုင်နှင့် တာမိုင်းလုံရပ်ကွက်၊ ခလရ ၄၇ နှင့် တက္ကသိုလ်အနီးဝန်းကျင်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ကလည်း နေ့စဉ် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်နေကြောင်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ဗန်းမော်မြို့အခြေစိုက် ရဲစခန်းနှင့်အရပ်ဘက်ဌာနဆိုင်ရာ ဝန်ထမ်းအများစုမှာ ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ပြီး လေ ကြောင်း၊လက်နက်ကြီး ပစ်ခတ်နေ၍ မြို့တွင်းသို့ ကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် ဒဏ် ရာရမှုများရှိနေသည့်အပြင် ဒေသခံများမြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းမှုများရှိနေကြောင်း လူမှုကူညီရေးလုပ် ဆောင်နေသူတဦးက ပြောသည်။
၎င်းက “မပြီးသေးပါဘူး၊ စစ်ပွဲက ဖြစ်နေတုန်းပါပဲ၊ ပြည်သူတွေလည်း ပြောင်းနေဆဲပါပဲ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က အမျိုးသားတဦး လက်နက်ကြီး စထိမှန်လို့ ရေဆိပ်ကို လိုက်ပို့ပေးရတာ ရှိတယ်။ မန္တလေးဘက်ကို ဆင်းပြီးဆေးကုနိုင်ဖို့ ပေါ့။ တခြား ပြောင်းရွှေ့ချင်တဲ့လူတွေကိုလည်း တဖက်ကမ်းကို ကူးနိုင်ဖို့ လှေဆိပ်ကို လူနာတင်ကားတွေနဲ့ လိုက်ပို့ပေးတာ တွေ လုပ်နေပါတယ်” ဟု ပြောဆိုသည်။
ဗန်းမော်မြို့တွင်း ရပ်ကွက်တချို့တွင်မူ မြို့ပေါ်အခြေစိုက် တပ်ရင်းဌာနချုပ်များအနီး တိုက်ပွဲဖြစ်ပွားနေသော်လည်း ဈေးဆိုင် များ ဖွင့်လှစ်ရောင်းချနေသည်ကို ဒေသတွင်းသတင်းအရင်းအမြစ်အချို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြသည့် ရုပ်သံ မှတ်တမ်းများတွင် တွေ့ရပြီး KIA တပ်ဖွဲ့ဝင်များ လှည့်လည်သွားလာနေကြသည်။
KIA ပူးပေါင်းတပ်များသည် ဗန်းမော်မြို့အရှေ့ဘက် မိုးမောက်မြို့၊ တောင်ဘက်မံစီမြို့နှင့် အနောက်ဘက် စင်းခန်းတံတားတို့ သိမ်းပိုက်ထားပြီး ဗန်းမော်ဒေသ ဧရာဝတီမြစ်အရှေ့ခြမ်းတခုလုံးအား စိုးမိုးထိန်းချုပ်ထားပြီဖြစ်သည်။
You may also like these stories:
တော်လှန်ရေးတပ်များ လက်နက်ချရန် စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် တောင်းဆို
အမ်းလည်း ပေးရ၊ ဂွလည်း ကျရတဲ့ စစ်ကောင်စီ
ဗန်းမော်မြို့တွင်း ပိတ်မိနေသူအချို့ လက်နက်ကြီးမှန်














