နွေမရောက်မီကတည်းက လျှပ်စစ်မီးက ဆိုးရွားစွာပြတ်တောက်နေရာ ပြည်သူတို့၏ နေ့စဉ်ဘဝတွင် အခက်အခဲ များစွာ ကြုံနေရသည်။
စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန်မပေးနိုင်သည်ကို ဖြေရှင်းဖို့ထက် ထမင်းရည်ပူလျှာလွှဲ ဓာတ်ငွေ့လုံလောက် အောင် မရခြင်း၊ ဓာတ်အားပေးစက်ရုံများ စွမ်းအားပြည့်မထုတ်နိုင်ခြင်း၊ တာဝါတိုင်များ ဖျက်ဆီးခံရခြင်းတို့ဖြင့်သာ အကြောင်း ပြနေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလကမှ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို ဖုတ်ပူမီးတိုက်ဖွဲ့စည်းကာ အချိန်တို အတွင်း မီးရရန် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး စက်ရုံများမှ လျှပ်စစ်မီး ထုတ်ယူရေး ဆောင်ရွက်နေကြောင်း ထုတ်ပြန်လာသည်။
လူဦးရေ ၇သန်းခွဲခန့် နေထိုင်သည့် ရန်ကုန်မြို့တွင် ဇန်နဝါရီ ၅ ရက်မှစ၍ မြို့နယ်အားလုံးကို A, B, C အုပ်စုသုံးစုခွဲ၍ တရက် ၄ နာရီ နှစ်ကြိမ်သာ မီးပေးနိုင်တော့မည် ဖြစ်ကြောင်း စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ရုံးများက ကြေညာထား သည်။
တရက်လျှင် ၄ နာရီ လာ ၈နာရီပျက်စနစ်ဖြင့် မီးပေးမည်ဆိုသော်လည်း လက်ရှိအနေအထားအရ သတ်မှတ်ထားသည့် အတိုင်း လျှပ်စစ်မီး မလာသည့်အတွက် ပြည်သူတို့၏ နေ့စဉ် လူနေမှုဘဝများ ပိုမိုထိခိုက်နစ်နာနေရသည်။
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတဦးက “ဘယ်လိုတွေ ပေးနေမှန်းကို မသိတော့ဘူး။ အတိအကျ မဟုတ်တော့လေ။ မလာတာက များနေတာ။ ခဏလာလိုက် ပြတ်လိုက်နဲ့ အလုပ်လည်း မပြီးတော့ဘူး။ ရေထတင်ရလို့ အိပ်ရေးလည်းပျက်၊ အားနည်းပြီး ဆေးရုံရောက်တော့မယ်” ဟု ပြောသည်။
ထိုသို့ လျှပ်စစ်မီးပေးမည့် အချိန်ဇယားများကို ထုတ်ပြန်ထားသော်လည်း ထိုအတိုင်း ရရှိခြင်းမဟုတ်ဘဲ ပြတ်လိုက်လာ လိုက်ဖြင့် မီးလာသည့်အချိန်၌လည်း ပြောထားသည့်အတိုင်း အပြည့်အဝ မရရှိကြောင်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နေ မြို့ခံတဦးကလည်း ဆိုသည်။
၎င်းက “အုပ်စုတွေခွဲပြီး ပေးတယ်ဆိုတာလည်း စာရွက်ပေါ်မှာပဲ ကြေညာတာ။ အောက်ခြေမှာက တရက်ကို နှစ်နာရီ လောက်ပဲလာတယ်။ ပြီးရင် တောက်လျှောက်ပြတ်သွားတယ်။ မနေ့ကဆိုရင် တနေကုန်မလာဘူး။ တညလုံးမလာဘူး။ ဒီနေ့မနက်ဆို ၉ နာရီခွဲလောက်မှ စလာတယ်။ ဘယ်အချိန် ပြန်ပြတ်မယ်ဆိုတာ မသိသေးဘူး” ဟု ပြောသည်။
မန္တလေးတွင် အုပ်စုလေးစုဖြင့် ၃ နာရီပေး၊ ၉ နာရီပြတ် အလှည့်ကျစနစ်ဖြင့် ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်၌ စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ရန်ကုန်တိုင်းသည် တနေ့လျှင် ပျမ်းမျှအားဖြင့် လျှပ်စစ်မီး ၈ နာရီသာ ရရှိပြီး မန္တလေးတိုင်းသည် ၆ နာရီသာ ရရှိသည့် အနေအထားဖြစ်သည်။
မြန်မာနိုင်ငံတွင် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာ ၂,၂၀၀ မဂ္ဂါဝပ်သာရှိနေပြီး ဇန်နဝါရီ ၆ ရက်၌ ၁,၇၀၀ မဂ္ဂါဝပ်စွန်းစွန်းသာ ထုတ်နိုင်တော့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (MOEP) ၏ အချက်အလက်အရ သိရသည်။
ဒီဇင်ဘာနောက်ဆုံးပတ်မှ စတင်ကာ မီးပြတ်သည့်အချိန် ပိုများလာပြီး မီးလာချိန်ကို ခန့်မှန်း၍ မရနိုင်ကြောင်း၊ မီး လာသည့်အချိန်မှာ ၄ နာရီမရှိဘဲ ၂ နာရီသာရရှိသည့်အတွက် ထမင်းဟင်း ချက်ပြုတ်ရာမှစ၍ လူမှုဘဝအခက်အခဲများ အား လူမှုကွန်ရက်စာမျက်နှာ အသုံးပြုသူများကြား ညည်းတွားရေးသားလျက်ရှိသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ အိမ်ရှင်မတဦးက “မနက်ဆို အိမ်မှာက ထမင်းဘူး လေးဘူးအတွက် ချက်ရတာ။ မီးမလာ တော့ တော်တော်ဒုက္ခများတယ်။ တိုက်ခန်းဆိုတော့ မီးသွေးမီးဖိုနဲ့လည်း ချက်လို့မရဘူး။ Gas တွေကလည်း ဈေးကြီး။ မီးလာမယ့်အချိန်ကို မှတ်ထားပြီး ထလုပ်လည်း ချက်ချင်းပြန်ပျက်တော့ ဘယ်လိုလုပ်မလဲ။ မီးလာလိုက် အပြေးလေး ရေတင်လိုက်၊ ထမင်းချက်လိုက်နဲ့ တခြားအလုပ်ကို မလုပ်ရဘူး” ဟု ပြောသည်။
လျှပ်စစ်မီးကို အမှီပြုပြီး အလုပ်လုပ်ကိုင်နေသည့် အလှပြင်ဆိုင် ဖွင့်ထားသူများ၊ အဝတ်လျှော်၊ မီးပူတိုက်လုပ်ငန်း လုပ်ကိုင်သူများ၊ မိတ္တူဆိုင်ဖွင့်ထားသူများ အနေဖြင့်လည်း မီးစက်နှိုး၍ လုပ်ကိုင်နေရသည့်အတွက် တွက်ခြေမကိုက် ဟု ဆိုသည်။
၂၀၂၅ ဇန်နဝါရီတွင် ရန်ကုန်တိုင်းသို့ ၄၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းသို့ ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းများအား ၃၅ ရာခိုင်နှုန်း အချိုးကျ ဓာတ်အားခွဲဝေပေးနေကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၆ ရက်၌ ထုတ်ပြန်ထားရာ ရန်ကုန်တိုင်းသည် တနေ့ လျှင် လျှပ်စစ်မီး ၈ နာရီ ရရှိပြီး ၁၆ နာရီ ဖြတ်တောက်ခံရကာ မန္တလေးတိုင်းသည် ၆ နာရီ ရရှိပြီး ၁၈ နာရီ ဖြတ်တောက် ခံနေရသည်။
မန္တလေးတွင် နေထိုင်သူတဦးက “အိမ်မှာက ဆိုလာရှိတော့ ဆိုလာကို ခေါင်မိုးပေါ်တင်ထားပြီး ပြန်သုံးရတာပေါ့။ အဓိက ကွန်ပျူတာအားသွင်းဖို့၊ ဖုန်းအားသွင်းဖို့နဲ့ ညပိုင်း မီးထွန်းတာလေးပဲလုပ်တယ်။ မီးမလာတော့ အဓိကက ရေမရတာ။ မီးမလာတော့ ရေမတင်နိုင်ဘူး။ ရေမတင်နိုင်တော့ ရေမလွှတ်ဘူး။ အဲဒီတော့ ရေမရဘူး” ဟု ပြောသည်။
ငွေကြေးတတ်နိုင်သူများအနေဖြင့် ဆိုလာ၊ မီးစက်များ ဝယ်ယူသုံးစွဲနိုင်သော်လည်း ငွေကြေးမတတ်နိုင်သူများမှာမူ လျှပ်စစ်မီးရရှိမည့်အချိန်ကိုသာ စောင့်ဆိုင်းပြီး ထမင်းဟင်းချက်၊ ရေတင်၊ လျှပ်စစ်ပစ္စည်းများ အားသွင်းခြင်း ပြုလုပ် နေရကြောင်း၊ ထိုသို့ မီးပုံမှန်မရသော်လည်း မီတာခများကိုမူ ပိုတိုးဆောင်နေရကြောင်း မြို့နေပြည်သူများက ဆိုသည်။
ဒီဇင်ဘာ ၁၈ ရက်၌ ဖွဲ့စည်းခဲ့ပြီး ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဥက္ကဋ္ဌ တာဝန်ယူထားသည့် လျှပ်စစ် နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်က အချိန်တိုအတွင်း မီးရရန် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး စက်ရုံများမှ လျှပ်စစ်မီး ထုတ်ယူရေး ဆောင်ရွက်နေကြောင်း ဆိုထားသည်။
ထို့ပြင် မကွေးတိုင်းတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်ရန်နှင့် ဧရာဝတီမြစ်ကြောင်းတလျှောက် နေရာ ၁၆ ခု၌ ရေအားလျှပ်စစ်ထုတ်ရန် ရွေးချယ်ထားပြီး ဦးစားပေး ၄ နေရာကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် အဆောက်အအုံအသစ်ဆောက်ပါက ဆိုလာစနစ်တပ်ဆင်ကာ ပိုလျှံသည့် လျှပ်စစ်များကို National Grid အတွင်း ပေးသွင်းနိုင်ရေး ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည့်အပြင် လျှပ်စစ်ထုတ်လုပ်ရန်အတွက် ရေအားနှင့် သဘာဝဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရသောကြောင့် ဆိုလာစွမ်းအင်ကဲ့ သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှု တွင်ကျယ်ရန်လိုကြောင်းလည်း ကော်မရှင်ဥက္ကဋ္ဌ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောသည်။
လက်ရှိ လျှပ်စစ်နှင့် အီလက်ထရောနစ်ဈေးကွက်တွင် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ မီးစက်များ အရောင်းသွက်နေ သလို ဆိုလာနှင့် ပတ်သက်သည့် ပစ္စည်းများ ရောင်းချသည့် ပြပွဲကြီးလည်း ရန်ကုန်မြို့တွင် ပြုလုပ်နေသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဆိုလာစနစ်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းများဆောင်ရွက်ရန်၊ ဧရာဝတီမြစ်ရေကိုထိန်းပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် အနိမ့်တမံများ တည်ဆောက်ရန် မှာကြားထားသဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ရမည်ဟု ဆိုသည်။
You may also like these stories:
မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး
စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့
လျှပ်စစ်မီးပျက် ဆိုလာဈေးကွက် အရောင်းသွက်