ဘီလီယံနာ အီလွန်မတ်စ်ဟာ Twitter (X) ကို အလုံးစုံ မဝယ်ယူခင် ၂၀၂၂ ခုနှစ်မှာ ရှယ်ယာ အမြောက်အမြား ဝယ်ယူ ခဲ့ခြင်းနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ဖို့ နောက်ကျခဲ့တယ် ဆိုကာ တရားစွဲ ခံထားရပါတယ်။
အမေရိကန် စီးပွားရေး ဈေးကွက် လုံခြုံ မျှတရေး ဆိုင်ရာ အဖွဲ့ (Securities and Exchange Commission – SEC) က အင်္ဂါနေ့မှာ တရားစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဝါရှင်တန် ဒီစီ ဗဟိုတရားရုံးကို တင်သွင်းထားတဲ့ တိုင်ကြားချက်မှာ အီလွန်မတ်စ်က Twitter ရဲ့ ဘုံရှယ်ယာ ၅ ရာခိုင်နှုန်း ကို ကနဦး ဝယ်ယူခဲ့ပြီးချိန်မှာ ထုတ်ပြန်ဖို့ အချိန် ၁၁ ရက်ထိ နောက်ကျ အချိန်ဆွဲခဲ့ပြီး ဖက်ဒရယ် လုံခြုံရေး ဥပဒေကို ချိုးဖောက် ခဲ့တယ်လို့ SEC က ဆိုထားပါတယ်။
အဲဒီ SEC အဖွဲ့ရဲ့ စည်းကမ်းချက် တခုမှာ ပိုင်ဆိုင်မှု ၅ ရာခိုင်နှုန်းနဲ့ အထက် ဝယ်ယူမယ် ဆိုရင် ရင်းနှီး မြှုပ်နှံသူဟာ ၁၀ ရက်အတွင်း သတင်း ထုတ်ပြန်ဖို့ လိုအပ်ခြင်း ဖြစ်ပြီး အီလွန်မတ်စ် ဝယ်ယူမှု အတွက် ဆိုပါက ၂၀၂၂ မတ်လ ၂၄ ရက်နေ့ အတွင်း ထုတ်ပြန်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၂ ဧပရယ်လ ၄ ရက်နေ့မှ ထုတ်ပြန်ခဲ့ပြီး မထုတ်ပြန်ခင် အချိန်မှာ Twitter ရဲ့ ရှယ်ယာတွေကို အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး မသင်္ကာစရာ ရင်းနှီး မြှုပ်နှံသူများမှတဆင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူခဲ့ပြီး ရှယ်ယာ ၉ ဒသမ ၂ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ခဲ့တယ်လို့လည်း SEC က ဆိုပါတယ်။
အီလွန်မတ်စ်ရဲ့ဝယ်ယူမှုကို ထုတ်ပြန်အပြီး Twitter ရဲ့ရှယ်ယာတွေဟာ ၂၇ ရာခိုင်နှုန်းအထိ ထောင်တက် သွားခဲ့ကြောင်း လည်း SEC က ဆိုထားပါသေးတယ်။
တရားစွဲဆိုမှုဟာ မတ်စ် ကို ငွေဒဏ် ပေးဆောင်ခိုင်းဖို့နဲ့ မရရှိသင့်တဲ့ အမြတ်အစွန်းတွေကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
၂၀၂၂ အောက်တိုဘာလ မှာတော့ အီလွန်မတ်စ်က ဒေါ်လာ ၄၄ ဘီလီယံနဲ့ Twitter ကို ဝယ်ယူခဲ့ပြီး X လို့ အမည် ပြောင်းခဲ့ပါတယ်။
မတ်စ် ရဲ့ ရှေ့နေဖြစ်သူ Alex Spiro က အီးမေးလ် တခုမှာ SEC ရဲ့ တရားစွဲမှုကို “သူ့ရဲ့အမှုသည်အပေါ် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ရဲ့ နှစ်ပေါင်းများစွာ အနှောင့်အယှက် ပေးလာမှုရဲ့ အမြင့်ဆုံးကာလ ဖြစ်တယ်”လို့ ပြောဆို ထားကြောင်း သိရပါတယ်။
“ဒီနေ့ကိစ္စဟာ SEC က တကယ့်ပြဿနာ အစစ်ကို မယူဆောင်လာနိုင်ဘူး ဆိုတာ ဝန်ခံလိုက်တာပါပဲ။ မစ္စတာ မတ်စ် က ဘာအမှားမှ မလုပ်ထားပါဘူး။ ဒါက အတုအယောင်ပဲ ဆိုတာ လူတိုင်း သိပါတယ်” လို့လည်း အဆိုပါ ရှေ့နေဖြစ်သူက ပြောဆိုပါတယ်။
တရားစွဲမှုဟာ “စာရွက်စာတမ်း တခု တင်သွင်းဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲမှုသာ ဖြစ်ပြီး သက်သေ ပြနိုင်ခဲ့ရင်တောင် သာမန် ပြစ်ဒဏ်လောက်ပဲ ပေးရမှာ ဖြစ်တယ်” လို့လည်း ၎င်းက ထပ်လောင်း ပြောကြားပါတယ်။
အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အကြံပေး တဦးလည်း ဖြစ်တဲ့ အီလွန်မတ်စ်ဟာ Forbes magazine ရဲ့ ထုတ်ပြန်ချက် အရ အမေရိကန် ဒေါ်လာ ၄၁၇ ဘီလီယံ အထိ ကြွယ်ဝပြီး လျှပ်စစ်ကား (EV) ကုမ္ပဏီ Tesla ၊ အာကာသ စူးစမ်း လေ့လာရေး ကုမ္ပဏီ SpaceX တို့ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။
ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂၃၂ ဘီလီယံ ကြွယ်ဝတဲ့ Amazon တည်ထောင်သူ Jeff Bezos ထက် အီလွန်မတ်စ် က နှစ်ဆနီးပါး ပိုကြွယ်ဝတယ်လို့ ဆိုပါတယ်။
SEC ဟာ ထရမ့် ရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတ ကျမ်းကျိန်ပွဲ မတိုင်ခင် ၆ ရက်အလိုမှာ မတ်စ်ကို တရားစွဲခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါနေ့မှာ SEC ရဲ့လက်ရှိ ဥက္ကဌ ဖြစ်သူ Gary Gensler ဟာ ရာထူးက ဆင်းပေးရမှာဖြစ်ပြီး ထရမ့်က အမည်စာရင်း ပေးထားတဲ့ Paul Atkins က အစားထိုး တာဝန်ယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Paul Atkins အနေနဲ့ Gensler ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေနဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည် သုံးသပ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။
Twitter ရဲ့ ယခင် ရှယ်ယာရှင်တွေကလည်း သတင်း ထုတ်ပြန်ဖို့ နောက်ကျခြင်းနဲ့ ပတ်သက်ပြီး မတ်စ်ကို မန်ဟက်တန် ဗဟိုတရားရုံးမှာ တရားစွဲဆိုမှု ပြုလုပ် ထားသေးတယ်လို့ သိရပါတယ်။
အဆိုပါ အမှုမှာ မတ်စ်က သူ့အနေနဲ့ တခြား ရှယ်ယာရှင်တွေကို လိမ်လည်တယ်လို့ ယုံကြည်စရာ မရှိကြောင်းနဲ့ သူ့ရဲ့ နောက်ကျမှု ဟာ အမှားတခု ဖြစ်ကြောင်း ညွှန်ပြနေတယ်လို့ ဆိုထားဖူးပါတယ်။
Tesla ကို Private Company ပြောင်းနိုင်ခြေရှိပြီး အဲ့ဒီလို လုပ်ဖို့သူ့မှာ ငွေအလုံအလောက် ရှိတယ်ဆိုတဲ့ Twitter post နဲ့ ပတ်သက်ပြီး ၂၀၁၈ မှာ SEC က မတ်စ် ကို တရားစွဲခဲ့တာ အပါအဝင် မတ်စ် နဲ့ SEC ကြားမှာ ကာလကြာရှည် တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအမှုမှာ မတ်စ်က ဒဏ်ငွေ ဒေါ်လာ သန်း ၂၀ ပေးဆောင်ခဲ့ပြီး Tesla ရဲ့ ဥက္ကဌ နေရာကို စွန့်လွှတ်ကာ Twitter post တချို့ကို Tesla ရှေ့နေတွေက ကြိုတင် စစ်ဆေးခြင်းအား သဘောတူညီပြီး ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
မတ်စ်ဟာ ဖလော်ရီဒါ ပြည်နယ်၊ Cape Canaveral မှာ ပြုလုပ်ခဲ့တဲ့ SpaceX ရဲ့ ဒုံးပျံ လွှတ်တင်မှု Polaris Dawn mission ကို တက်ရောက်ဖို့ အတွက် ပြီးခဲ့တဲ့ စက်တင်ဘာမှာ Twitter အပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ထွက်ဆိုဖို့ တရားရုံး ဆင့်ခေါ်မှုကို ပျက်ကွက်ခဲ့ အပြီးမှာ SEC က မတ်စ်ကို ပိတ်ဆို့ ကန့်သတ်နိုင်ဖို့ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါပေမယ့် မတ်စ် က နောက်ပိုင်းမှာ ထွက်ဆိုဖို့ လာရောက်ခဲ့ပြီး SEC ရဲ့ ခရီးသွား ကုန်ကျစရိတ်တွေကို ပေးဆောင်ဖို့ သဘော တူညီခဲ့တာကြောင့် ဆန်ဖရန်စ္စကို ဗဟိုတရားသူကြီးက အဆိုပါ တောင်းဆိုမှုကို ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
Ref : Reuters














