ဗဟိုအခြေပြုဖက်ဒရယ်စနစ်အား လက်မခံဘဲ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-Up Federalism) ကို အခြေခံကာ တိုင်းပြည်တည်ဆောက်ရေး ကြိုးပမ်းနေကြောင်း တော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့တွင် ထုတ်ပြန်ကြေညာသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည် သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး)-NMSP-AD၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက် ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊ ပလောင် (တအာင်း)နိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB တို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ဖက်ဒရယ်ယူနစ်များနှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။
KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြည်ထောင်စုအစိုးရမှ ပြည်နယ်အစိုးရများအား လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးသည့် ဗဟိုအခြေပြုစနစ်သည် နှစ်ပေါင်း ၇၀ ကျော်ကြာ နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဘဲ ဗဟိုချုပ်ကိုင်မှုနှင့် အာဏာရှင်စနစ်ကိုသာ ရောက်သွားစေကြောင်း ပြောသည်။
၎င်းက “နှစ်ပေါင်း ၇၀ ကျော်ကြာ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ အာဏာရှင်စနစ်အောက်မှာ ရုန်းကန်ရှင်သန်လာရတာကြာပြီ။ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုသွားမယ်၊ နိုင်ငံတော်သစ်ကို တည်ဆောက်မယ်ဆိုရင် အပြောင်းအလဲတော့ လုပ်ရမှာပေါ့။ ပြည်ထောင်စုဆိုတာက ပြည်ထောင်တွေပေါင်းစုထားလို့သာ ပြည်ထောင်စုဖြစ်တာ၊ ပြည်ထောင်စုက အရင်လာတာမဟုတ်ဘူး။ ဒါကြောင့် ပြည်နယ်တွေကနေမှ အရင်ဆုံး အားကောင်းကောင်းနဲ့စုပြီးမှ ပြည်ထောင်စု အားကောင်းရေးကိုသွားဖို့ ပြောတာဖြစ်တယ်” ဟု ဆိုသည်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အသွင်ကူးပြောင်းရေးကာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးဆောင်ရွက်သွားရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေ (Articles of Federal Transitional Arrangement-AFTA) စတင်ပြင်ဆင် ရေးဆွဲနေပြီဖြစ်ကြောင်းလည်း တော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က ဆိုထားသည်။
ထိုသို့ရေးဆွဲရာတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) အောက် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (TCWG) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ပြည်နယ်ကောင်စီများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။
NUG က ဦးဆောင်ကျင်းပသည့် ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ပေးပို့သည့် သဝဏ်လွှာတွင်လည်း တန်းတူညီမျှမှု၊ ပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေးရှုသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလမှစတင်ကာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
တော်လှန်ရေးအင်အားစုများက နိုင်ငံ့လွတ်လပ်ရေးရယူပေးခဲ့သော တောင်တန်းပြည်မ ညီညွတ်မှုဖြင့်ချုပ်ဆိုခဲ့သည့် ပင်လုံ စာချုပ်ပါအချက်များအား ဆက်လက်ကိုင်စွဲထားဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အစိုးရအဆက်ဆက်အနေဖြင့် ပင်လုံကတိကဝတ်များအား လျစ်လျူရှု ချိုးဖောက်ကာ တပြည်ထောင်စနစ်ကို ကျင့်သုံးခဲ့ကြောင်း ဆိုကြသည်။
ထိုသို့ ပင်လုံသဘောတူညီမှု၏ အနှစ်သာရများအား ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည့် အဓိကရင်းမြစ်ပြဿနာမှာ လူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်ဝါဒတို့ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့တွင် ပြောသည်။
၎င်းက “ပင်လုံသဘောတူညီမှုရဲ့ အနှစ်သာရတွေကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ အဓိကရင်းမြစ်ပြဿနာတွေကို ဆန်းစစ် ကြည့်ရင် လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ကျနော်တို့ရဲ့ ပြည်ထောင်စုဖြစ်တည်မှုဟာ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒ ကြီးစိုးတာကြောင့် အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စုကြီးအဖြစ် ပြည့်ပြည့်ဝဝ၊ ပီပီပြင်ပြင် မရောက်ရှိခဲ့တာကို တွေ့ရပါတယ်” ဟု ဆိုသည်။
စစ်အစိုးရအဆက်ဆက်သည် ပင်လုံစာချုပ်ပါ ပြည်နယ်များ၏ ရပိုင်ခွင့်များအား လျစ်လျူရှုကာ တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်စနစ်အား နိုင်ငံပြိုကွဲစေမည့် ခွဲထွက်ရေးမူအဖြစ် ဝါဒမှိုင်းတိုက်ခဲ့ပြီး ဗဟိုချုပ်ကိုင်မှု နိုင်ငံရေး အာဏာတည်မြဲရေးကိုသာ ကြိုးပမ်းခဲ့ကြသည်။
ထို့ကြောင့် လက်ရှိ နွေဦးတော်လှန်ရေးအတွင်း ပင်လုံသဘောတူညီမှုကဲ့သို့ ပြည်မနှင့်တောင်တန်းဒေသများကြား တော်လှန်ရေးပဋိညာဉ်တရပ် ခိုင်ခိုင်မာမာပေါ်ပေါက်ရေး အလိုရှိကြောင်း ယာယီသမ္မတက ပြောသည်။
NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းကလည်း ပြည်နယ်ဖက်ဒရယ်ယူနစ်အသီးသီး၌ အစိုးရများ ပေါ် ပေါက်လာရန် အရေးကြီးပြီး ဖက်ဒရယ်ယူနစ်အစိုးရများအား NUG က တိုက်ရိုက်ပါဝင်ဖွဲ့စည်းမည်မဟုတ်ကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများကြား ဆက်ဆံရေး၊ ပြည်ထောင်စုတည်ဆောက်ရေး၊ တော်လှန်ရေး အောင်မြင်ရေးတို့အတွက် လိုအပ်သောမူဝါဒများကို အတူတကွချမှတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက် အွန်လိုင်းမှ ကျင်းပသည့် သတ္တမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောထားသည်။
၎င်းက “NUG အစိုးရကနေ ပြည်နယ်ဖက်ဒရယ်ယူနစ်အစိုးရတွေကို တိုက်ရိုက်ဖွဲ့စည်းပေးမှာ မဟုတ်ပါဘူး။ ဖက်ဒရယ် စနစ်နဲ့အညီ သက်ဆိုင်ရာ ပြည်နယ်ဖက်ဒရယ်ယူနစ်များက မိမိတို့ရဲ့ ပြည်နယ်ဖက်ဒရယ်အစိုးရများကို ဖွဲ့စည်းသွားကြရမှာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းနိုင်ဖို့ လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က NUG၊ NUCC၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) နှင့် ချင်းညီနောင်အဖွဲ့(CB) တို့ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်တွင်လည်း တန်းတူညီမျှမှုနှင့် ပြည်သူလူထုဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေး ရှေ့ရှုသော ပြည်နယ်/ဖက်ဒရယ်ယူနစ်အား ကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-Up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလမှစတင်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ဦးတည်လျှောက်လှမ်းနေပြီဖြစ်ကြောင်း ပြောထားသည်။
ထို့ပြင် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရေးကိစ္စရပ်များအား အသွင် ကူးပြောင်းရေးကာလ ရောက်သည့်အခါ ပြည်သူလူထုဆန္ဒကိုအခြေခံ၍ မည်သည့်ခွဲခြားဆက်ဆံမှုမှမရှိစေဘဲ အဓိက သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဟုလည်း ၎င်းတို့က ဆိုသည်။
You may also like these stories:
ဖက်ဒရယ်ဒီမိုကရေစီ၊ အသွင်ကူးပြောင်းရေးကာလ အစိုးရနဲ့ အခြေခံဥပဒေသစ်
“ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံကိုပဲ ဦးတည်ရမယ်”
လူမျိုးစုတွေများတဲ့ ကရင်နီပြည်မှာ ဖက်ဒရယ်စနစ်လိုတယ် (ရုပ်/သံ)
ဖက်ဒရယ်ချည်း သွားလို့မရ ဒီမိုကရေစီနည်းနဲ့လည်း သွားရမယ်