အမျိုးသား ညီညွတ်ရေးအစိုးရ အနေဖြင့် ကက်သလစ် ဘုန်းတော်ကြီး ဖာသာရ် မာတင် ဒေါ်နယ်လ် ရဲနိုင်ဝင်း အသတ်ခံရမှု များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး အပူတပြင်း လုပ်ဆောင်နေကြောင်း ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မန္တလေးဂိုဏ်းချုပ်သာသနာမှ သက်တော် ၄၄ နှစ်ရှိ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်လ် ရဲနိုင်ဝင်းသည် ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၆ နာရီအချိန်က တာဝန်ကျရာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကံကြီးတောရွာ လုဒ်မယ်တော်သခင်မ ဘုရား ကျောင်းအတွင်း ဓားဖြင့်ခုတ်သတ်ခံရပြီး လည်ပင်းနှင့် ရင်ဘတ် ပြတ်ရှဒဏ်ရာ များဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
လတ်တလော စုံစမ်းစစ်ဆေးမှုများအရ သံသယတရားခံ ၁၀ဦးမှ ဒေသကာကွယ်ရေးအဖွဲ့ဝင်များ ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)က စစ်ခုံရုံးတင် စစ်ဆေးနေပြီး တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
“ အခုက မြို့နယ်ခရိုင်အဆင့်ထိကို စစ်ချက်တွေ ယူနေတယ်လို့ သိရတယ် ချက်ချင်းကြီး စီရင်ဆုံးဖြတ်ချက် ချမှတ် သေး တာတော့ မဟုတ်သေးဘူး၊ အခုက စစ်ဆေးနေဆဲဆိုတော့ ဘယ်လိုပြစ်ဒဏ်မျိုး ချမယ်ဆိုတာတော့ မသိရသေးဘူး၊ သေဆုံးသူအတွက် ဥပဒေအတိုင်း တရားမျှတမှု ရယူပေးနိုင်မယ်လို့ မျှော်လင့်တယ် ”ဟု စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှား နေသည့် ဒေသခံတဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့် လုပ်ရပ်များ မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများ ကိုလည်း ကျောသား ရင်သား မခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟုလည်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာရ် မာတင်ဒေါနယ်ရဲနိုင်ဝင်း သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရွှေဘိုခရိုင်တပ်ရင်း(၅)နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)ပူးပေါင်းကာ ကျူးလွန်သူဟု သံသယရှိ သည့် တအုံရွာသား ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကို သေနတ် ၅ လက်၊သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော ဓားများ နှင့်အတူ နေ့ချင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို ၁၀ဦးမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင်များဟု ဆိုသော်လည်း NUG ကွပ်ကဲမှုအောက်မရှိသော အဖွဲ့အစည်းတခုဖြစ်သလို ခရိုင် တပ်ရင်းတပ်ဖွဲ့များ၏ လက်အောက်ခံအဖွဲ့အစည်းလည်း မဟုတ်ကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားသည့် ကံကြီးတောနှင့် တအုံ ရွာသည် ၇မိုင်ခန့်ကွာဝေးပြီး ရွာ ၅ ရွာခန့် ခြားကြောင်း သိရသည်။
“သူတို့က Local PDF ဆိုတာထက် ကျေးရွာလုံခြုံရေးအဖွဲ့လို့ ပြောလို့ရတာပေါ့၊ ကျေးရွာကာကွယ်ရေးအဖွဲ့ပေါ့၊ တအုံ ရွာသားတွေလို့ သိရတယ်ဗျ၊ လက်နက်ကိုင်အဖွဲ့တခုပေါ့၊ သူတို့က တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါဝင် တိုက်ခိုက်တာမျိုး ရှိ မရှိဆိုတာ မသိရသေးဘူး၊ ပြောနိုင်တာကတော့ ဒီအဖွဲ့ဟာ ကျေးရွာထဲမှာ လက်နက်ကိုင်ဆောင်ပြီး တော့ ပြည်သူတွေကို မာမာတင်းတင်း ဆက်ဆံတဲ့ ပုံစံမျိုးတွေ၊ နောက် လမ်းပေါ်တက်ပြီး ဆက်ကြေးကောက်တဲ့ပုံစံမျိုးတွေ လုပ်တဲ့ အဖွဲ့အစည်းလို့လည်း သိရတယ် ”ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောသည်။
ကံကြီးတောကျေးရွာသည် ရွှေဘိုမြို့၏ အရှေ့တောင်ဘက် ရွေဘိုနှင့် ဝက်လက်မြို့နယ်အစပ်တွင် တည်ရှိသောကျေးရွာ ဖြစ်ကာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၈၃ ဦးနေထိုင်ပြီး လုဒ်မယ်တော်သခင်မဘုရားကျောင်းအပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းလည်း တည်ရှိကြောင်း၊ ချင်းတွင်းမြစ်နှင့် မူးမြစ်ကြားရှိ မုံလှ၊ ချမ်းသာ၊ မေဂွန်၊ ချောင်းရိုး၊ နဘက်၊ လက်တော်ရာ၊ ချောင်းဦး၊ မုဆိုးဘို၊ ဟံလင်း၊ ရွာတော် စသည့်ရွာများများမှာ ကက်သလစ်ရွာများဖြစ်ကြောင်း သိရသည်။
ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်လ်ရဲနိုင်ဝင်းသည် စိတ်သဘောထားအလွန်ကောင်းပြီး သာသနာပြုစိတ်ထား ကြီးမြတ်သူလည်း ဖြစ်ကြောင်း၊ ဒေသခံများနှင့် ဆက်ဆံရေး ကောင်းမွန်သူဖြစ်ကာ ယခုကဲ့သို့ သေဆုံးရသည့်အပေါ် ဝမ်းနည်းကြေကွဲရကြောင်း ခရစ်ယာန်အသိုင်းအဝန်းက ပြောသည်။

ကံကြီးတောကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၃ ခုအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ ခဲ့သလို ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်း၌ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဖာသာရ်မာတင်ဒေါနယ်ရဲနိုင်ဝင်း ကျောင်းထိုင်သည့် လုဒ်မယ်တော်သခင်မဘုရားကျောင်း အမိုးတွေ ပျက်စီးထိခိုက်မှုနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်အပါ အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဖာသာကြောင့်ဟု စွပ်စွဲပြစ်တင်ကာ ယခင်ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကြောင့် ယခုကဲ့သို့ သတ်ဖြတ်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ထူးခန့်ဇော်(အမေ့သား)က ပြောသည်။
ဖာသာရ်မာတင်ဒေါနယ် ရဲနိုင်ဝင်း သတ်ဖြတ်ခံရမှုအပေါ် အံ့ဩတုန်လှုပ်ခြင်းဖြင့် ကြေကွဲဝမ်းနည်းရကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်(CBCM)နှင့် မြန်မာကက်သလစ် သတင်းမီဒီယာ RVA Myanmar တို့က ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
ဖာသာရ်မာတင်ဒေါနယ် ရဲနိုင်ဝင်း၏ ဈာပနကို ဖေဖော်ဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့ စိန်မေရီ ဘုရားကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
You may also like these stories:
ချမ်းသာရွာက နှစ် ၁၀၀ ကျော်သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်း မီးရှို့ခံရ
အညာမြေရောက်ပေါ်တူဂီ မျိုးဆက်များ
မြန်မာစာ ပုံနှိပ်စာလုံးအစ ကက်သလစ် ဘုန်းတော်ကြီး ဂျွန်မေရီ ပယ်ရ်ကော်တို က














