ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ(ကျားဖြန့်)မှ ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများ အနက် တရုတ်နိုင်ငံသားတဦး ယမန်နေ့၌ သေဆုံးခဲ့ကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဧရာဝတီကို ပြောသည်။
အဆိုပါတရုတ်နိုင်ငံသားသည် မြဝတီမြို့တောင်ဘက် မယ်ထော်သလေးနှင့် အင်ကြင်းမြိုင်ဒေသရှိ KK Park ကျားဖြန့် အလုပ်ဆိုက်တခုတွင် အထောက်အထားမဲ့ဖြင့် ခိုးဝင်လုပ်ကိုင်နေသူဖြစ်ပြီး အသည်းရောဂါ ကျွမ်းနေသည့်အခြေအနေ၌ ဆေးကုသပေးထားစဥ် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “အသည်းရောဂါဖြစ်တာ၊ ဗိုက်ကြီးကတင်းနေပြီးတော့ အတော်ကျွမ်းနေပြီ။ သူက ရောဂါဖြစ်တာ ၇ လလောက်ရှိပြီ။ ကျနော်တို့နိုင်ငံထဲကို သူတို့ရောက်လာတာက ၄ လပဲရှိသေးတယ်။ သူက တရုတ်ပြည်က နေ ဗီယက်နမ်၊ ဗီယက်နမ်ကနေမှ ထိုင်း၊ ထိုင်းကနေ မြန်မာကို ခိုးလမ်းကနေဝင်တာလို့ အဲဒီလိုပြောတယ်” ဟု ပြောသည်။
ကျားဖြန့်အလုပ်ဆိုက်များထဲမှ စစ်ဆေးခေါ်ယူထိန်းသိမ်းထားသည့် နိုင်ငံခြားသားများထဲ ကျန်းမာရေးမကောင်းသူတချို့ ပါဝင်နေရာ ၎င်းတို့ကို သီးခြားခွဲထား၍ ဆရာဝန်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်း၊ ၎င်းတို့အား သက်ဆိုင် ရာနိုင်ငံများထံ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ရန် ဦးစားပေးအဖြစ် စီစဥ်ထားသော်လည်း တဖက်နိုင်ငံမှ ခေါ်ယူမှုကြံ့ကြာနေ သဖြင့် မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများ ထပ်ကြုံနေရကြောင်း ၎င်းက ဆိုသည်။
BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကို၊ မြဝတီနှင့် KK Park တို့ရှိ ကျားဖြန့်အလုပ်ဆိုက်များတွင် နေရပ်ပြန်ပို့ရန် ခေါ်ယူထိန်းသိမ်း ထားသည့် တရုတ်နိုင်ငံသား ၅,၀၀၀ နီးပါးထိရှိနေရာ တရုတ်ဘက်မှ ၆၂၁ ဦးသာ ပြန်ခေါ်သေးပြီး ကျန်သူများ ဆက်လက်ပို့ ဆောင်ရန် ကြံ့ကြာနေကြောင်း သိရသည်။

ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “သူတို့ကို ကျနော်တို့က အချုပ်သားလိုထားလို့မရဘူး။ လှောင်ထားလို့လည်းမရ။ ဒီတိုင်း ပဲထားရပြီး အချိန်ကြာလာတော့ သူတို့က လုံခြုံရေးအဖွဲ့တွေကို အုံးနဲ့ကျင်းနဲ့ဝိုင်းပြီး ဘယ်နေ့ပြန်ပို့မလဲ ပြောဆိုပြီး ဆူပူနေ တာတွေ၊ လုံခြုံရေးအဖွဲ့တွေကို မချေမငံဆက်ဆံတာတွေ ရှိလာတယ်။ အချင်းချင်းခိုက်ရန်ဖြစ်တဲ့ကိစ္စတွေ မကြာခဏဖြစ် တယ်။ သူတို့က သွေးဆူလွယ်တဲ့ အနေအထားမျိုးတွေမြင်ရတော့ လုံခြုံရေးအဖွဲ့တွေနဲ့ ဒါကို သေသေချာချာ ကိုင်တွယ်နေရ တယ်” ဟု ပြောသည်။
နေရပ်ပြန်ပို့ရေး ကြံ့ကြာမှုများကြောင့် နိုင်ငံခြားသားများ ထွက်ပြေးမည်ကိုစိုးရိမ်၍ လုံခြုံရေးအင်အား ၂,၀၀၀ နီးပါး သုံးထားပြီး ဆူပူသောင်းကျန်းမှုများ ရှိလာနေသည့် နိုင်ငံခြားသားများကို နားလည်အောင်ပြောပြရန်အတွက် ဘာသာစကား အခက်အခဲများ ရှိနေကြောင်း ၎င်းက ဆိုသည်။
နိုင်ငံခြားသားထောင်နှင့်ချီ၍ ထိန်းသိမ်းထားရသည့်အခြေအနေတွင် စားသောက်စရိတ်၊ မီးစက်များ နေ့ညမပြတ်မောင်းပေး နေရသည့်စရိတ်၊ သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေ ကုန်ကျစရိတ်များအတွက် နေ့စဉ် ကျပ် သိန်း ၂,၀၀၀ ကျော်ထိ သုံးနေရကြောင်း သိရသည်။
ဧရာဝတီ၏ ကရင်သတင်းရင်းမြစ်တဦးက “တရုတ်တယောက်ရဲ့ စားစရိတ်နဲ့ အထွေထွေစရိတ်က တရက်ကို ၃ သောင်း ကျော်ကျပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများအား ခေါ်ယူရန် အချိန်ဆွဲနေခြင်းဖြင့် အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင် နေရသော BGF ကို ပညာပြနေသည့်သဘော တွေ့ရသည်ဟုလည်း ၎င်းက ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်နယ်မြေ ကျားဖြန့်အလုပ်ဆိုက်များမှ အချိန်နှစ်ပတ် အတွင်း စစ်ဆေးခေါ်ယူ ထိန်းသိမ်းထားသည့် နိုင်ငံခြားသားများအနက် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လူဦးရေ ၇,၁၄၁ ဦးကို စိစစ် ထားနိုင်ပြီး ၎င်းတို့ထဲ တရုတ်နိုင်ငံသား ၄,၈၆၀ ဦးဖြင့် အများဖြစ်ကြောင်း သိရသည်။
You may also like these stories:
နိုင်ငံခြားသား ၈၇၀၀ ကျော်ပြန်ပို့ရေး ကြန့်ကြာနေ၍ BGF အခက်ကြုံ
ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်
ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်














