စစ်တပ်သည် နည်းဗျူဟာတိုက်ခိုက်ရေး ဒရုန်းများအတွက် အနီအောက်ရောင်ခြည်စနစ် (forward-looking infrared – FLIR) များကို အသုံးပြုကာ မောင်းသူမဲ့လေယာဉ် (UAV) စွမ်းရည်များ မြှင့်တင်နေသည်။
အရှိန်မြင့်မားနေသည့် ဒရုန်းစစ်ရေးတွင် အပူလှိုင်းဖြင့်ပုံဖော်သည့် FLIR နည်းပညာ စတင်အသုံးပြုခြင်းကို စစ်ကောင်စီလိုလားသည့် လူမှုကွန်ရက်မှ ဝါဒဖြန့် ဗီဒီယိုတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရသည်။
ဒရုန်းတွင် တပ်ဆင်ထားသည့် FLIR ကင်မရာမှ ရိုက်ကူးမှုသည် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗန်းမော်ထောင်အတွင်းနှင့် ပတ်ဝန်းကျင် ညတိုက်ပွဲကို ပြသသည်။ ဗန်းမော်သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် ဝိုင်းထားသည့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ မြို့ကြီးတမြို့ ဖြစ်သည်။
အပူလှိုင်းဖြင့် ပုံဖော်ခြင်းသည် အဆောက်အအုံများကြားနှင့် အတွင်းသို့ ပြေးလွှားနေသည့် စစ်သားများ တဦးချင်းကို ထိုမောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ် (UCAV) ပေါ်မှ ဗုံးကြဲချရန် ပစ်မှတ်ချိန်နိုင်သည်။
ထိုဗီဒီယိုနှင့် ယှဉ်တွဲပါလာသည့်စာ၌ ဒရုန်းတွင် တပ်ဆင်ထားသည့် FLIR ကင်မရာမှ ရိုက်ကူးမှုကို စစ်တပ်က ဇန်နဝါရီလတွင် ပထမဆုံးထုတ်ပြန်ပြီး ဗန်းမော်မြို့မှ ညတိုက်ပွဲကို ပြသကြောင်း ရေးသားထားသည်။
FLIR နည်းပညာကို မြန်မာလေတပ်က Mi-35 နှင့် အခြားလေယာဉ်များတွင် အသုံးပြုနေသည်မှာ ကာလကြာမြင့်ပြီးဖြစ်ကြောင်း ထိုစာတွင် ရေးသားထားသော်လည်း မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ် (UCAV) များတွင် ထိုစနစ် အသုံးပြုခြင်းကို ရှည်ကြာသည့် ဗန်းမော်တိုက်ပွဲတွင် ၂၀၂၅ ခုနှစ်က စတင်အသုံးပြုသည်ဟု ဖော်ပြသည်။

FLIR နည်းပညာကို UCAV များတွင် အသုံးပြုခြင်းသည် စစ်တပ်၏ ဒရုန်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးက တောင်ပံလည်နှင့် တောင်ပံသေ မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်များကို ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးအတွက် တနိုင်ငံလုံးမှ တိုက်ပွဲများတွင် လျင်မြန်စွာတိုးချဲ့မှုများအနက် နောက်ဆုံးအခြေအနေ ဖြစ်သည်။
အလွန်ကျယ်ပြန့်သော စစ်မြေပြင်တွင် ထိုစနစ်ကို ဖြန့်ကြက်နိုင်သည့် မြန်ဆန်မှုအပေါ်မူတည်ပြီး ထိုကိစ္စသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအတွက် ညဘက်တိုက်ခိုက်ရေးနှင့် သယ်ယူပို့ဆောင်ရေး စစ်ဆင်ရေးများတွင် ကြီးမားသော စိန်ခေါ်မှုကို ပြသနေသည်။
ယနေ့အထိ လေကြောင်းမှ ညဘက် အနှောင့်အယှက်ပေးနိုင်မှုသည် မြန်မာလေတပ်၏ တောင်ပံသေ လေယာဉ်များ၊ အများအားဖြင့် ရုရှားလုပ် Yakovlev YAK-130 အပေါ့စား တိုက်ခိုက်ရေးနှင့် အမောင်းသင် ဂျက်လေယာဉ်များ၏ အချိန်တိုပြီး တိကျမှုနည်းသည့် တိုက်ခိုက်နိုင်မှုသာရှိသည်။ ထိုသို့သော တိုက်ခိုက်မှုသည် စစ်ဘက်ထက် အရပ်သား ထိခိုက်သေဆုံးမှုကိုသာ ဖြစ်စေသည်။
မကြာသေးမီလများအတွင်း တိုက်ပွဲများတွင် လူလိုက်ပါသည့် စက်တပ်လေထီး (paramotor) အသုံးပြုမှု ကျယ်ပြန့်လာပြီး ယခုနှစ်အစတွင် တိုက်ခိုက်မှု ၂၅ ကြိမ်ခန့် မှတ်တမ်းတင်ထားသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ ကနဦးအသုံးပြုသည်ဟု မှတ်တမ်းတင်ထားပြီး စက်တပ်လေထီးများကို အလယ်ပိုင်းဒေသများဖြစ်သော မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတို့တွင် ပထမ ဖြန့်ကြက်သည်။ ထို့နောက် ပဲခူးအနောက်ပိုင်းနှင့် ဧရာဝတီသို့ ပျံ့နှံ့လာသည်။

စက်တပ်လေထီးများသည် ထုတ်လုပ်မှုကုန်ကျစရိတ် နည်းခြင်း၊ လှုပ်ရှားနိုင်မှု၊ စစ်ဆင်ရေး ရိုးရှင်းမှု (ထုံးစံအားဖြင့် လူ သုံးဦးအဖွဲ့ဖြင့် လုပ်နိုင်)၊ ရှည်ကြာသော ပျံသန်းချိန်၊ အရွယ်အစားပေါ် မူတည်၍ ၁၅ ကီလိုဂရမ် သို့မဟုတ် ထို့ထက်မက သယ်ဆောင်နိုင်မှု စသည့် အားသာချက်များရှိသည်။ စက်တပ်လေထီးများသည် ဒရုန်းတိုက်ဖျက်ရေး ဂျမ်မာများကိုလည်း ထိရောက်စွာ ကျော်လွှားနိုင်သည်။
စက်တပ်လေထီးများကို UCAV များအဖြစ် ရုရှားတွင် ၂၀၁၇ ခုနှစ်ခန့်က ထုတ်လုပ်သောကြောင့် ရုရှားအကြံဥာဏ်နှင့် နည်းပညာအကူအညီသည် စစ်ကောင်စီ ဒရုန်းတပ်ညွှန်ကြားရေးမှူးရုံး၏ စက်တပ်လေထီး အစီအစဉ်သစ် စတင်မှုနောက်ကွယ်မှ အဓိက အားပေးမှု ဖြစ်ဖွယ်ရှိသည်။ ဒရုန်းတပ်ညွှန်ကြားရေးမှူးရုံးသည် စစ်တပ်၏ ကြည်း၊ ရေ၊ လေ လေကြောင်းကာကွယ်ရေးအရာရှိချုပ်ရုံး လက်အောက်တွင် ရှိသည်။
၂၀၂၄ ခုနှစ်တွင် ရုရှားသည် အဆင့်မြှင့်တင်ထားသည့် Orlan-10E နှင့် ပိုမိုကြီးမားသည့် Orion-2 မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များကို မြန်မာသို့ ရောင်းချသည်။
ဒရုန်းတပ်ညွှန်ကြားရေးမှူးရုံး၏ လူကိုယ်တိုင် စောင့်ကြည့်နိုင်သည့် FPV (first-person-view) အသေခံဒရုန်း အစီအစဉ်အသေးစား၏ အကန့်အသတ်ရှိသော တိုးတက်မှုတွင် ရုရှားအကြံပေးများ ကူညီသည့် အတိုင်းအတာကို ရှင်းလင်းစွာ မသိရပေ။
သို့သော်လည်း စစ်တပ် နှစ်ခုအကြား ရင်းနှီးသော ဆက်ဆံရေး၊ FPV စစ်ဆင်ရေးများတွင် ရုရှား၏ များပြားသော အတွေ့အကြုံနှင့် ယူကရိန်းစစ်ပွဲ နည်းဗျူဟာများအရ ရုရှားအကူအညီ မပါဟုဆိုလျှင် အံ့သြစရာကောင်းမည် ဖြစ်သည်။
ကိုးကား ။ ။ Janes သတင်း Myanmar military adapts FLIR systems for expanding drone war
You may also like these stories:
ဇန်နဝါရီတလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇၀ ကျော်သေဆုံး
အင်ဂျင်တပ်လေထီးများနှင့် စစ်ကောင်စီ တိုက်ခိုက်လာ
အထိနာ စစ်ကောင်စီနှင့် အလံဖြူ စစ်တပ်အပေါ် ၂၀၂၄ လည်ပြန် သုံးသပ်ချက်
ရုရှား စစ်လေယာဉ်မှူးများ ပါသော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်နေ
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး














