အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က အမျိုးသားလွှတ်တော်အမတ် ကေဗန်လာဗန်းနားက ချင်းအမျိုးသား တပ်မတော် (CNA) ဌာနချုပ် ဗစ်တိုရီးယားသို့ လာရောက်ကာ ချင်းပြည်နယ်ကို သူတို့နှင့် ပူးပေါင်းဖို့ စည်းရုံးခဲ့သလို ကသည်းတို့ကလည်း စစ်ကိုင်းတိုင်းတွင်းက ကဘော်ချိုင့်ဝှမ်းကို မဏိပူရ်ပြည်နယ်ထဲထည့်ဖို့ တောင်းဆိုလာသည်ကို အိန္ဒိယသတင်းများက ဖော်ပြကြသည်။
ဤသည်က ၂၀၂၁ ခု ဖေဖေါ်ဝါရီ ၁ရက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုင်းပြည်အာဏာကို သိမ်းပြီးနောက် လေးနှစ် အကြာ ပြည်တွင်းစစ်ပဋိပက္ခကို အကြောင်းပြု၍ ထွက်ပေါ်လာသည့် မြန်မာ့မြေအား ဖဲ့ယူရန် ပြောင်ပြောင်တင်းတင်း ကြိုးစားမှုတခု ဟု ဆိုရမည်။
မီဇိုရမ်ပြည်နယ်အမတ် ကေဗန်လားဗန်နားက ဖေဖေါ်ဝါရီ ၂၇ရက် CNA နှင့် တွေ့ဆုံသည့် ခရီးစဉ်အတွင်း မီဇို၊ ကူကီး ချင်းမျိုးနွယ်များသည် တအူတုံဆင်းများဖြစ်ပြီး အပြန်အလှန် ပံ့ပိုးကူညီကြမည်ဖြစ်ကြောင်း၊ စစ်တပ်အာဏာ သိမ်းမှုကြောင့် ချင်းညီအစ်ကိုများ၏ နစ်နာဆုံးရှုံးမှုများအတွက် အတတ်နိုင်ဆုံး ကူညီသွားမည်ဟု ပြောသွားကြောင်း သိရသည်။
လက်ရှိ ချင်းပြည်နယ်အခြေအနေက စစ်အာဏာရှင်အား တိုက်နေသော်လည်း မြောက်ပိုင်း ချင်းအမျိုးသား တပ်မတော် (CNA)နှင့် တောင်ပိုင်း Chin Brotherhood Alliance ချင်းညီနောင်အဖွဲ့ (CB)တို့ကြား တင်းမာနေရာ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် လမ်းညွှန်မှုဖြင့် ဖွဲ့ထားသည့် မီဇိုငြိမ်းချမ်းရေးအဖွဲ့ (Advocacy for Peace)၏ စေ့စပ် ညှိနှိုင်းပေးမှု ကြောင့် ပူးပေါင်းထားသည့် အနေအထားဖြစ်သည်။
ထိုကမ်းလှမ်းချက်အပေါ် CNA ပြောခွင့်ရ ဆလိုင်းထက်နီက “မီဇိုရမ်ပြည်နယ်အမတ်ရဲ့ အိန္ဒိယဘက်မှာ ကျနော်တို့ ပေါင်း စည်းရေးတောင်းဆိုချက်က ကိုလိုနီခေတ်ကအဲဒီဒေသတွေက ချင်းနွယ်ဝင် တွေကို နယ်မြေတခုတည်း သီးခြားအုပ်ချုပ်တဲ့ ဒေသတွေ လွတ်လပ်ရေးရပြီးမှ နှစ်နိုင်ငံ နယ်စည်းခြားသွားတာဆိုတဲ့ သမိုင်းကြောင်းအရပါပဲ၊ နှစ်နိုင်ငံထဲက ချင်း အနွယ် ဝင်တွေ ပေါင်းစည်းရေးဆိုတဲ့ ပေါ်လစီ ကျနော်တို့မှာ မရှိသေးဘူး။ အခုက စစ်ကောင်စီကို အပြုတ်တိုက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့၊ အဲဒီအတွက်ပဲ တိုက်ပွဲဝင်နေတဲ့ ကာလဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းအမျိုးသား တပ်မတော် (CNA) အနေနှင်မူ စစ်ကောင်စီ ကင်းစင်ရေးကိုသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ် ကြောင်း သူတို့၏ သဘောထားကို ပြောဆိုသည်ဟု သိရသည်။
ယခင်က ဝိသေသတိုင်းတခုအနေဖြင့် ရှိခဲ့သည့် ချင်းပြည်နယ်သည် စတုရန်းမိုင် ၁၃၉ ၀၂ ကျယ်ဝန်းပြီး ၁၉၄၇ ခုနှစ် ပြည်မ နှင့်အတူ လွတ်လပ်ရေးယူခဲ့သလို ကိုလိုနီခေတ်တလျှောက်လုံး နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်ဆန့်ကျင်ရေး သာမက စစ်အာဏာရှင် ဆန့်ကျင်ရေးကိုလည်း ပြည်မနည်းတူ လုပ်ဆောင်ခဲ့သည်မှာ အများသိပြီးဖြစ်၍ ပြောစရာမလိုအောင်ပင် ဖြစ်သည်။
မတ်လ ၁၀ရက်ကလည်း အိန္ဒိယအထက်လွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကဘော် ချိုင့်ဝှမ်းကို မဏိပူရ်ပြည်နယ်ထဲသို့ ပြန်ထည့်ရန် ပြည်နယ် အထက်လွှတ်တော်အမတ် လိုင်ရှန်ဘာဆာနာဂျာရိုဘာ (Leishemba Sanajaoba)က တောင်းဆိုလိုက်ပြန်သည်။

အထက်လွှတ်တော်အမတ် လိုင်ရှန်ဘာဆာနာဂျာရိုဘာက ၂၂ ဒသမ ၂၁၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့် ကဘော် ချိုင့်ဝှမ်းသည် ၁၄၅၀ ခုနှစ်က မဏိပူရပိုင်ကြောင်း၊ အိန္ဒိယပထမဦးဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာလ် နေရူးက ၁၉၅၃ ခုနှစ် မတ် ၃ ရက်တွင် မဏိပူရ်ပြည်နယ်အစိုးရနှင့် အိန္ဒိယပါလီမန် အတည်မပြုဘဲ ကဘော်ချိုင့်ဝှမ်းကို မြန်မာဝန်ကြီးချုပ် ဦးနု အား လက်ဆောင်ပေးခဲ့သဖြင့် ပြည်နယ်သမိုင်း၌ အမှောင်ဆုံးအချိန်ဖြစ်ကြောင်း၊ ၁၈၂၆ ခုနှစ်ချုပ်ခဲ့သည့် ရန္တပိုစာချုပ်ကို ချိုးဖောက်သလို ၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်း သဘောတူညီချက်အရ ဗမာမှ မဏိပူရဘုရင် ဂမ်ဘီဆင်းထံ နစ်နာကြေး လစဉ် ရူပီး ငွေ ၅၀၀ ကို ၁၉၄၉ ခုနှစ်အထိ ပေးဆောင်ခဲ့ကြောင်း၊ ၁၉၅၃ ခုနှစ်ခန့်ထိ အိန္ဒိယအစိုးရသို့ ပြည်နယ်အစိုးရက ဆက်လက် ပေးဆောင်ခဲ့ရသဖြင့် ကဘော်ချိုင့်ဝှမ်းကို ပြန်ပေးရန်နှင့် နစ်နာကြေး ပြန်ရရန် တင်ပြခဲ့သည်။
သို့သော် မဏိပူရပြည်နယ် ကွန်ဂရက်ကော်မတီ (MPCC) ကမူ ထိုအမတ်၏ ပြောဆိုမှုက ၉၀ရာခိုင်နှုန်း မှားယွင်းပြီး ကဘော်ချိုင့်ဝှမ်းကဲ့သို့ အထိအခိုက်မခံသည့် ကိစ္စရပ်များကို နိုင်ငံရေးအတွက် အသုံးချမှု မပြုသင့်ကြောင်း သတိပေးခဲ့ သလို အာဏာရ BJP ပါတီ (The Bharatiya Janata Party )ကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးပွဲတခုလုပ်ရန် စိန်ခေါ်ကာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ သည်။
ကွန်ဂရက်ပါတီ၏ အဆိုအရ ကဘော်ချိုင့်ဝှမ်း လွှဲပြောင်းပေးမှုသည် မဏိပူရဘုရင် မာဂျစ်ဆင်း (၁၈၁၃-၁၈၁၉) လက်ထက်ကတည်းက စတင်ခဲ့ပြီး ယင်းဘုရင်သည် ဗမာသို့ သွားရောက်ခဲ့ပြီး ၎င်းအား ဘုရင်အဖြစ် အသိအမှတ်ပြုရန် အကူအညီတောင်းရာမှ ကဘော်ချိုင့်ဝှမ်းကို စတင်လက်လွှတ်ခဲ့ကြောင်း၊ ဗမာမှ မဏိပူရသို့ နစ်နာကြေးပေးခဲ့ခြင်း လုံးဝ မရှိကြောင်း အမှန်မှာ ဗြိတိသျှတို့က မဏိပူရသို့ နစ်နာကြေးပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းခဲ့သည်။
ထို့အပြင် ၁၉၄၉ ခုနှစ် မဏိပူရ-အိန္ဒိယ ပေါင်းစည်းရာတွင် ကဘော်ချိုင့်ဝှမ်းပါဝင်ခဲ့ခြင်း ရှိမရှိဟူသော မရှင်းလင်းသည့် အချက်ကိုလည်း အိန္ဒိယ ကွန်ဂရက်ပါတီက မေးခွန်းထုတ်ခဲ့သည်။
တမူးဒေသခံတဦးက “ကဘော်ဒေသကို ပြန်ယူဖို့ကိစ္စ ကျနော်တို့ လုံး၀ ကန့်ကွက်တယ်။ အိန္ဒိယထဲမှာ အရင်ကပါတာ ဟုတ်ပေမယ့် လွတ်လပ်ရေး ယူပြီးချိန်ကတည်းက နယ်မြေလဲလှယ်တာတွေ လုပ်ခွင့်မှမရှိတော့တာ။ သမိုင်းလှန်ကြေး ဆိုရင် ဗမာဘုရင်တွေလက်ထက်မှာ မဏိပူရ်က အခွန်ဆက်သရတဲ့နယ်မြေ ဖြစ်ခဲ့တယ်လေ” ဟု ပြောသည်။
မြန်မာနှင့် အိန္ဒိယသည် နယ်စပ်ခြင်း မိုင် ၁ထောင်ကျော် ဆက်စပ်နေပြီး ၁၉၆၇ ခုနှစ် နယ်နိမိတ်သတ်မှတ်ရေး သဘော တူညီချက်စာချုပ်အရ မြန်မာက အောင်နိမိတ်စစ်ဆင်ရေးဖြင့် ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်တိုင် အဆင့် ၄ဆင့်ဖြင့် မိုင် ၉ ၀၀ကျော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ယခုအိန္ဒိယအမတ် ပြောနေသည့် ကဘော်ချိုင့်ဝှမ်းဆိုသည်က အထက်ချင်းတွင်းခရိုင်ဟု ဗြိတိသျှတို့ သတ်မှတ်ခဲ့သည့် မော်လိုက်ခရိုင်တွင် ပါဝင်သည့် တမူး မြို့နယ်အတွင်းမှ ဒေသဖြစ်ပြီး၊ မဏိပူရ်ပြည်နယ်နှင့် အနောက်ရိုးမ တောင်တန်း (မလိန်းတောင်)နှင့် ပိုင်းခြားထားကာ အရှေ့ ဘက်တွင် ချင်းတွင်း မြစ်ကမ်းပေါ်မှ ဟုမ္မလင်းမြို့နယ်၊ တောင်ဘက်တွင် ကလေး- တမူးကားလမ်း ရှိသည်။
တောတောင်လျှိုမြှောင် ချောင်းမြောင်းများပေါ၍ ရှေးကတည်းက အခြေချ နေထိုင်မှု နည်းပါးသည့် ဒေသဖြစ်ပြီး ကျေးရွာ ပေါင်း ၃၃ ရွာရှိကာ ရွာကြီးများက ကွမ်းတောင်း၊ တုံကတင်၊ လှည်းဆိပ်၊ မင်းသား၊ မြို့သစ်၊ သနန်စံပြရွာတို့ဖြစ်သည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် ဗမာနှင့် ရှမ်းလူမျိုးများ၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သည့် ချင်းလူမျိုးများလည်းနေထိုင်သည်။
ကဘော်ချိုင့်ဝှမ်းသို့ တမူးမှ လာရောက်နိုင်သလို မဏိပူရပြည်နယ်မှ စီးဆင်းလာသည့် ယုမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ ယု၀ ရွာမှနေ၍ ယုမြစ်ကြောင်းအတိုင်း နွေအခါ စက်လှေများဖြင့်လည်း သွားနိုင်သည်၊ ထို့အပြင် သနန်ရွာမှ ချင်းတွင်းမြစ်ကမ်းရှိ တုံဟဲ ရွာသို့ သွားနိုင်သည်။

မြန်မာနှင့် မဏိပူရ်ကသည်းတို့ကြား ရှေးက အပြန်အလှန် ကူးလူးဆက်ဆံရာတွင်လည်းကောင်း ကျူးကျော်ရာတွင်လည်း ကောင်း ကဘော်ချိုင်ဝှမ်း ဒေသက အဓိကဝင်ပေါက်ဖြစ်ပြီး၊ အင်္ဂလိပ်- မြန်မာပထမစစ်အပြီး ရန္တပိုစာချုပ်အရ ကဘော် ချိုင့်ဝှမ်းကို မြန်မာပိုင်အဖြစ် အသိအမှတ်ပြုခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယလူမျိုးများ ကဘော်ချိုင့်ဝှမ်းကိုဖြတ်ကာ ပြည်တော်ပြန်ကြသလို ဂျပန်တပ်များနှင့် အိန္ဒိယချီ ရာတွင်လည်းကောင်း အင်္ဂလိပ်တို့ မြန်မာပြည်သို့ ပြန်ဝင်ရာတွင်လည်းကောင်း ထိုလမ်းကြောင်းကို သုံးကြသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်မှစ၍ ကာကွယ်ရေးဝန်ကြီးဌာနက မြို့သစ်ရွာကို အခြေခံကာ နေရာချထားရေး တပ်ကို ဖွဲ့ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်ခဲ့သလို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဦးစီးကာ သနန်ရွာသစ်ကိုလည်း ဖော်ထုတ်ကာ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ထူထောင်သည်။
၁၉၉၁ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန်က တဖက်နိုင်ငံမှ စိမ့်ဝင်နေထိုင်မှုကို ကာကွယ်ရန်ဆိုကာ ကဘော်ချိုင့်ဝှမ်း၌ အိမ်ခြေ ၃၀၀ပါ ရွာကြီး ၃ရွာတည်ရန် ညွှန်ကြားခဲ့ရာ အောင်ဇေယျ၊ ဆရာစံ၊ ဗန္ဓုလ အမည်ဖြင့် ရွာတည်ခဲ့သေးသည်။
ထိုသို့ အိန္ဒိယလွှတ် တော်အမတ်တို့၏ ချင်းပြည်နယ် ကဘော်ချိုင်ဝှမ်းအား ၎င်းတို့နှင့် ပေါင်းစည်းရန်ဆိုသည့် ပုဂ္ဂလိက တောင်းဆိုချက်များမှာ လက်တွေ့မဖြစ်နိုင်ကြောင်း အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) တည်ထောင်သူ ဆလိုင်းဒိုခါရ်ကမှတ်ချက်ပြုသည်။
၎င်းက “မြန်မာ့နိုင်ငံရေးမှာ အဖြေမရှာဘဲနဲ့ တဖက်နဲ့တဖက် အရမ်းကြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်ဆိုရင်တော့ အတူတကွနေထိုင်နိုင်ဖို့ လိုအင်ဆန္ဒမရှိတဲ့အခါကျရင် ချင်းဒေသက ချင်းလူမျိုးတွေ ပိုင်ဆိုင်တဲ့ နယ်မြေဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒခံယူပြီး အိန္ဒိယထဲပါသွားတဲ့ဟာမျိုးတွေ လက်တွေ့ဖြစ်လာနိုင်ခြေ အလားအလာရှိပေမယ့် မဏိပူရ်အမတ်ရဲ့ ပြောဆိုမှုနဲ့ မဏိပူရ်ပြည်နယ်ထဲကို ကဘော်ဒေသ ထည့်ဖို့ ဆိုတာကတော့ အလားအလာ မရှိဘူး” ဟု ပြောသည်။
အိန္ဒိယ-မြန်မာနယ်စပ်သည် မိုင်ပေါင်း ၁,၀၁၀ မိုင်ကျော် ရှည်လျားပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ပြည်နယ် ၄ ခု ဖြစ်သော မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်းနှင့် အရူနာချယ်ပရာဒက်ရှ် ပြည်နယ်များသည် မြန်မာနိုင်ငံဘက်ခြမ်းရှိ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ထိုတောင်းဆိုမှုများ အပေါ် စစ်ကောင်စီ၏ တုံ့ပြန်မှုက အိန္ဒိယနိုင်ငံရေးပါတီကြီးတခုဖြစ်သည့် ကွန်ဂရက်ပါတီလောက် ပြင်းပြင်းထန်ထန်ပြောဆိုခြင်းမရှိဘဲ အိန္ဒိယ နိုင်ငံရေးသမားအချို့အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနယ် မြေပိုင်ဆိုင်မှုကို လေးစားသင့်ကြောင်းသာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနယ်မြေကို အသုံးပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့ အုပ်စုများကို မလိုလားသလို မြန်မာနယ်မြေကို အသုံးပြုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုတွေကို မြန်မာအနေနဲ့ လက်ခံမထားပါဘူး။ အိန္ဒိယမှာရှိတဲ့ အချို့သော နိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့ နိုင်ငံရေးလိုဘတခုတည်းကို ကြည့်ပြီး နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အသိပေးသင့် တာတွေ၊ ပြောဆိုသင့်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု သူကပြောသည်။
You may also like these stories:
ချင်းပြည်နယ် တောင်ပိုင်းတခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက်ခြင်း
ချင်းပြည်ကောင်စီရုံးချုပ်သို့ မီဇိုရမ်လွှတ်တော်အမတ် လာရောက်
ချင်းပြည်သူများအတွက် ကောင်စီနှစ်ခု ပူးပေါင်း
ကွဲနေတဲ့ချင်းတပ်တွေ ပေါင်းစည်းစေချင်တယ် (ရုပ်/သံ)