အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် တိုက်ပွဲများအတွင်း လေကြောင်းပစ်ကူနှင့် အင်အားဖြည့်တင်းပေးနေသည့် ရဟတ်ယာဉ်/ တိုက်လေယာဉ်များအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပစ်ချနေရာ ယခုဆိုလျှင် စုစုပေါင်း ရဟတ်ယာဉ် ၄ စီးထိ ပစ်ချခံထားရသည်။
၂၀၂၁ မေ ၃ ရက်က မိုးမောက်မြို့နယ်တွင် Mi-35 ရဟတ်ယာဉ်တစီး၊ ၂၀၂၄ ဇန်နဝါရီ ၃ ရက်၌ ဝိုင်းမော်မြို့နယ်တွင် Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီးနှင့် ယနေ့ ဗန်းမော်စစ်မျက်နှာ၌ ၂စီး ပစ်ချခံခဲ့ရသည်။
ဗန်းမော်အခြေစိုက် အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)သို့ ယနေ့ စစ်ကူလာသည့် ရဟတ် ယာဉ် ၃ စီး အနက် ၂ စီးကို KIA က ပစ်ချလိုက်ရာ တစီးမှာ ရွှေကူမြို့နှင့် ၁၄ မိုင်ခန့်အကွာ တောတွင်းသို့ ပျက်ကျခဲ့သလို တစီးက ရွှေကူမြို့အနီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ အသေးစိတ်အခြေအနေကိုမူ ဆက်လက်စုံစမ်း နေကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။
၎င်းက “ဒီနေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဗန်းမော် စကခ ၂၁ ဌာနချုပ်ကို လူအင်အားဖြည့်ဖို့ ရဟတ်ယာဉ်သုံးစင်း ဆင်းတယ်။ သုံးစင်းထဲက နှစ်စင်းထိသွားတယ်။ ထိသွားတဲ့နှစ်စင်းထဲက တစင်းက ရွှေကူကနေ ၁၅ မိုင်ဝန်းကျင်လောက်ရှိတဲ့နေရာ တောထဲမှာကျသွားတယ်။ တစင်းကတော့ ရွှေကူဘက်မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ကနဦးသတင်းရပါတယ်” ဟု ဆိုသည်။
စစ်ကူပို့သည့် ရဟတ်ယာဉ်သုံးစီးအနက် လွတ်မြောက်ခဲ့သည့် တစီးမှာ မြစ်ကြီးနား၊ နန့်ပေါင်လေဆိပ်ဌာနချုပ်ဘက်သို့ ပျံသန်းသွားကြောင်း သိရသည်။
ရဟတ်ယာဉ်ပျက်ကျမှုတွင် ဗျူဟာမှူးတဦး အပါအဝင် အနည်းဆုံး ၇ ဦး သေဆုံးကြောင်း ကချင်သတင်းအရင်းအမြစ် များက လူမှုကွန်ရက်တွင် ရေးသားဖော်ပြနေသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်သေးပေ။

KIA အနေဖြင့် ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်၌ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်တွင် FTC- 2000 G တိုက်ခိုက်ရေး ဂျက်လေယာဉ်တို့အား ပစ်ချခဲ့သေးသည်။
KIA ပူးပေါင်းတပ်များအနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအား ယမန်နှစ် ဒီဇင်ဘာ ၄ ရက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ငါးလကျော်ကြာမြင့်လာသည်အထိ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်ဘက်မှ ဒရုန်းနှင့် လေယာဉ်များအသုံးပြု၍ ပြင်းပြင်း ထန်ထန် ခုခံနေကြောင်း သိရသည်။
လက်ရှိ KIA ပူးပေါင်းတပ်များက မြို့တွင်းနေရာအများစုအား ထိန်းချုပ်ထားသည့်အပြင် စကခ-၂၁ ဌာနချုပ်အတွင်းသို့ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး စစ်တပ်ဘက်မှလည်း စစ်ကူအင်အားဖြည့်တင်းကာ မြို့တွင်းစစ်ကြောင်းထိုးမှု များ ပြုလုပ်နေကြောင်း သိရသည်။
တိုက်ပွဲကြောင့် မြို့ခံအများအပြား တိမ်းရှောင်ထွက်ပြေးခဲ့ရသည့်အပြင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နေအိမ်များလည်း ပျက်စီးလျက်ရှိသည်။
ပြီးခဲ့သည့် မေ ၈ ရက်ကလည်း စစ်ဘေးရှောင်များခိုလှုံနေသည့် ဗန်းမော်မြို့၊ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းအား စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၁၅ ဦး သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။
You may also like these stories:
ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ
ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)














