အမေရိကန်မှ တောင်ဆူဒန်သို့ ပို့ဆောင်ခံရကြောင်းထင်ရှားသည့် ရွှေ့ပြောင်းများအမှုသည် ဥပဒေနှင့် မညီကြောင်း အမိန့် ချနိုင်သောကြောင့် ၎င်းတို့ကို အမေရိကန် အရာရှိများ ဆက်လက်ထိန်းချုပ်ထားရန် ဖက်ဒရယ်တရားသူကြီးတဦးက အင်္ဂါနေ့နှောင်းပိုင်းတွင် အမိန့်ချလိုက်ကြောင်း AP သတင်းတွင် ဖော်ပြသည်။
မြန်မာနှင့် ဗီယက်နမ်အပါအဝင် နိုင်ငံပေါင်းများစွာမှ လူ တဒါဇင်ခန့်အထိကို အင်္ဂါနေ့အစောပိုင်းက အာဖရိကသို့ ပို့ဆောင်ခဲ့နိုင်သည်ဟု ရွှေ့ပြောင်းအခြေချသူများ၏ ရှေ့နေများက တရားရုံးမှတ်တမ်းများတွင် ပြောကြားပြီးနောက် မက်ဆာချူးဆက်ပြည်နယ် တရားသူကြီး ဘရိုင်ယန် အီ မာဖီသည် ဗုဒ္ဓဟူးနေ့တွင် အရေးပေါ်ကြားနာမှု လုပ်မည်ဖြစ်သည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနသို့ မှတ်ချက်တောင်းသော်လည်း လတ်တလော အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။
ထရမ့်အစိုးရက မြန်မာနှင့်ဗီယက်နမ်ရွှေ့ပြောင်းများကို တောင်ဆူဒန် ပို့ဆောင်
အခြားနိုင်ငံများသို့ ပို့ဆောင်ခြင်းကို ကန့်သတ်သည့် တရားရုံးအမိန့်ရှိသော်လည်း ထရမ့်အစိုးရသည် မြန်မာနှင့်ဗီယက်နမ်မှ ပြည်သူများကို တောင်ဆူဒန်သို့ စတင် ပြည်နှင်ဒဏ်ပေးနေပုံရသည်ဟု တရားရုံး စာရွက်စာတမ်းများကို ကိုးကားပြီး ရွှေ့ပြောင်းအခြေချသူများ၏ ရှေ့နေများက ပြောသည်။
ဇာတိနိုင်ငံ ပြင်ပသို့ ပို့ဆောင်ခြင်းသည် ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု စောဒကတက်ရန် ပြည်သူများတွင် အခွင့်အလမ်းရှိသည်ဆိုသည့် တရားရုံးအမိန့်တခုကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရှေ့နေများက ဆိုသည်။
မြန်မာနိုင်ငံသားတဦးကို ပို့ဆောင်လိုက်ကြောင်း တက္ကဆက်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးက အီးမေးလ်တစောင် တွင် အတည်ပြုသည်ဟု တရားရုံး စာရွက်စာတမ်းများအရ သိရသည်။ အဆိုပါ မြန်မာအမျိုးသားအား အင်္ဂလိပ်ဘာသာ စကားဖြင့် အကြောင်းကြားခဲ့ပြီး ပြည်နှင်ဒဏ်ပေးမည့်အချိန်မတိုင်မီ နာရီအနည်းငယ်အလိုရောက်မှသာ ထိုအစီအစဉ်ကို သူ၏ရှေ့နေများ သိရသည်ဟု ထိုစာရွက်စာတမ်းများတွင် ဖေါ်ပြသည်။
အလားတူ အမျိုးသမီးတဦးက ၎င်း၏ဗီယက်နမ်အမျိုးသားခင်းပွန်းအပါအဝင် လူ ၁၀ ဦးကို အာဖရိကသို့ အင်္ဂါနေ့နံနက်တွင် ပို့ဆောင်ခဲ့ကြောင်းဟု ပြောသည်ဟု အမျိုးသား လူဝင်မှုကြီးကြပ်ရေး တရားစွဲဆိုဖြေရှင်းမှု မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
ရွှေ့ပြောင်းများကို အသိမပေးဘဲ လစ်ဗျားသို့ ပို့ဆောင်ခြင်းသည် စီရင်ချက်ကို အတိအလင်း ချိုးဖေါက်ခြင်းဖြစ်ကြောင်း သမ္မတဘိုင်ဒင် ခန့်အပ်ခဲ့သော တရားသူကြီး ဘရိုင်ယန် အီး မာဖီ က ယခင် ဆုံးဖြတ်ခဲ့ဖူးသောကြောင့် ရှေ့နေများက ထိုသို့ ပြည်နှင်ဒဏ်ပေးခြင်းကို တားဆီးသည့် အရေးပေါ် တရားရုံးအမိန့်ထုတ်ရန် မာဖီအား တောင်းဆိုကြသည်။

ထိုစီရင်ချက်သည် ဥပဒေ အယူခံခွင့် ကုန်ဆုံးသူများအတွက်လည်း အကျုံးဝင်ပြီး ယခုအမှုအတွက် ကြားနာခြင်းကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအချို့သည် အမေရိကန် ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးခြင်းကို လက်မခံသောကြောင့် ထရမ့်အစိုးရသည် ထိုသို့ ပြည်နှင်ဒဏ် အပေးခံရသူများကို လက်ခံထားရန် ပနားမားအပါအဝင် အခြားနိုင်ငံများနှင့် သဘောတူညီချက်ယူရသည်။ ထရမ့်အစိုးရသည် တရားရုံးများတွင် အပြင်အထန် ငြင်းခုံရသည့် ၁၈ ရာစု စစ်ကာလ ဥပဒေအရ ဗင်နီဇွဲလားနိုင်ငံသားများ ကို အယ်လ်ဆာဗေးဒိုးမှ အမည်ဆိုးဖြင့်ကျော်ကြားသည့် ထောင်တခုသို့ ပို့ဆောင်နေသည်။
ကာလကြာရှည်စွာ ဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်ပြီး ကြွယ်ဝချမ်းသာစေရန် ရေနံသိုက်များကို အသုံးချနိုင်သည်ဆိုသည့် မျှော်လင့်ချက်များ ရှိသော်လည်း တောင်ဆူဒန်သည် ၂၀၁၁ ခုနှစ်တွင် ဆူဒန်မှ လွတ်လပ်ရေးရပြီးကတည်းက အကြိမ်ကြိမ် ဖြစ်ပွားသည့် အကြမ်းဖက် ပဋိပက္ခများကို ခံစားနေရသည်။ သမ္မတနှင့် ဒုတိယသမ္မတကို ထောက်ခံသည့် အင်အားစုများ အကြား ပြည်တွင်းစစ် ဖြစ်စေနိုင်ကြောင်း လွန်ခဲ့သောအပတ် အနည်းငယ်၌ တောင်ဆူဒန်မှ ကုလသမဂ္ဂ ထိပ်တန်းအရာရှိက သတိပေးထားသည်။
အခြေအနေသည် အသက်ပေါင်း ၄ သိန်းသေဆုံးစေသည့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ပဋိပက္ခကို အမှတ်ရစရာ ဖြစ်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ် အကြီးအကဲ နီကိုလပ်စ် ဟေဆွန်က ပြောသည်။
ကြီးမားသော လူ့အခွင့်အရေး ချိုးဖေါက်မှုများတွင် လုံခြုံရေးတပ်များက အငြင်းပွားဖွယ်ရာ သတ်ဖြတ်ခြင်း၊ ပျောက်ဆုံးသွားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူမဆန်သော ဆက်ဆံမှုနှင့် လိင်ကွဲပြားမှုကို အခြေခံသည့် ကျယ်ပြန့်သောအကြမ်းဖက်မှုများ ပါဝင်သည်ဟု ၂၀၂၄ ခုနှစ် ဧပြီလက ထုတ်ပြန်သည့် တောင်ဆူဒန်ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
၂၀၁၁ ခုနှစ် တောင်ဆူဒန် ပြန်လည်ထူထောင်ချိန်မှစ၍ အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက အမေရိကန် ပြည်ထောင်စုတွင် နေထိုင်နေသည့် တောင်ဆူဒန်သား အနည်းငယ်ကို နေရပ်ပြန်ရန်မလုံခြုံဟု သတ်မှတ်ကာ ယာယီကာကွယ်မှုပေးထားသလို ပြည်နှင်ဒဏ်ပေးခြင်းမှလည်း ကာကွယ်ပေးထားသည်။
( AP သတင်း US officials must keep control of migrants sent to South Sudan in case removals were unlawful: judge ကို ဘာသာပြန်သည်။)
You may also like these stories:
ထရမ့်တို့ ကမ္ဘာပတ်လို့ မွှေလေပြီ
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု
ထရမ့်အစိုးရ၏ အပြောင်းအလဲများက တရားရုံးချုပ်ကို အကဲစမ်းနေ
အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း
အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး














