သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြသူတွေကတော့ “မွှေလေပြီ” ဆိုတဲ့ ဝေါဟာရကို ကြိုက်ကြမှာ မဟုတ်ဘူး။ သူ သမ္မတ ဖြစ်လာချိန်ကစလို့ အမေရိကန်မှာ လှိုင်းလုံးကြီးတခုလို မူဝါဒအပြောင်းအလဲတွေလုပ်၊ တချက်လွှတ်အမိန့်တွေထုတ်၊ စစ်ဆင်ရေးအသွင်နဲ့ လူတွေဖမ်း၊ နှင်ထုတ်၊ ဌာနဆိုင်ရာတွေကို ဝင်စစ်၊ အလုပ်တွေဖြုတ်ပစ်၊ ကမ္ဘာလုံးဆိုင်ရာ အကူအညီ ဘတ်ဂျက်တွေ ရပ်ဆိုင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေက နုတ်ထွက်၊ အဆင်မပြေတဲ့နိုင်ငံတွေကို သွင်းကုန်တိုးကောက် စသဖြင့် ပုံစံမျိုးစုံနဲ့ တလအတွင်း အမေရိကန်ကိုရော ကမ္ဘာကိုပါ လှုပ်ခါပစ်လိုက်တာ မြေထုချပ်တွေ တခုနဲ့တခု တွန်းတိုက်မိပြီး ငလျင်ဖြစ်စေတဲ့ တက်တိုးနစ်ပလိတ် (Tectonic plate) ကြီး လှုပ်ရမ်းသွားသလိုပါပဲ။ (သူ့ကို ထောက်ခံသူတွေကတော့ အခုလို ဂရန့်တွေဖျက်၊ ဖောင်းပွလုပ်အားတွေလျှော့၊ စနစ်ပြောင်း၊ စည်းမျဉ်းပြောင်းလို့ တလအတွင်း ဒေါ်လာ ၅၅ ဘီလီယံ သက်သာအောင် လုပ်နိုင်ခဲ့ပြီလို့ ဂုဏ်ယူနေကြတယ်။)
ဒါပေမယ့် ကမ္ဘာက အမေရိကန်ကို သိထားတဲ့ လစ်ဘရယ်တန်ဖိုးတွေ၊ စံတွေကတော့ ပျက်ယွင်းသွားပါပြီ။ သမ္မတကိုယ်တိုင် အာဏာရှင်တွေဘက် ယိမ်းတဲ့၊ အာဏာရှင်တွေကို မျက်နှာသာပေးတဲ့ အယူအဆတွေကို ရဲရဲကြီး ထုတ်ပြောလာပါပြီ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက အမေရိကန်တွေ လက်ခံယုံကြည်ထားတဲ့ လစ်ဘရယ်ဒီမိုကရေစီဟာ ပြောင်းပြန်ဖြစ်သွားပါပြီ။ ထရမ့်ကိုယ်တိုင် ကမ္ဘာ့အော်တိုကရက် အာဏာရှင်ဂိုဏ်းဝင် ဖြစ်လာခဲ့ပြီလို့ ဆိုရမယ်။
သမ္မတရာထူး ရယူပြီးကတည်းက ဘယ်ပြည်ပခရီးကိုမှ မသွားသေးတဲ့ မစ္စတာ ထရမ့်ဟာ အိမ်ဖြူတော်နဲ့ ဖလော်ရီဒါက မာရာလာဂို အိမ်တော်မှာပဲ ရှိနေသေးတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ယူကရိန်းစစ်ပွဲ ရပ်စဲရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတ မစ္စတာ ပူတင်နဲ့ မစ္စတာ ထရမ့် ဖုန်းဆက် စကားပြောဖြစ်ကြတယ်။ မစ္စတာ ပူတင်နဲ့ စကားပြောရတာ အဆင်ပြေကြောင်း၊ သူက စစ်ပွဲအမြန်ရပ်ချင်နေတဲ့ ဆန္ဒရှိကြောင်း ပြောတယ်။
ပြီးခဲ့တဲ့ တပတ်ကတော့ ယူကရိန်းစစ်ပွဲ ရပ်စဲရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတ မစ္စတာ ပူတင်နဲ့ မစ္စတာ ထရမ့် ဖုန်းဆက် စကားပြောဖြစ်ကြတယ်။ မစ္စတာ ပူတင်နဲ့ စကားပြောရတာ အဆင်ပြေကြောင်း၊ သူက စစ်ပွဲအမြန်ရပ်ချင်နေတဲ့ ဆန္ဒရှိကြောင်း ပြောတယ်။
သမ္မတ ပူတင်နဲ့ သမ္မတ ထရမ့်တို့ ဖုန်းဆက် စကားပြောပြီးနောက်မှာ ယူကရိန်းစစ် ရပ်စဲရေးအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆော်ဒီအာရေဗျမှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်။
ဒါပေမယ့် ဒီဆွေးနွေးပွဲမှာ ကာယကံရှင် ယူကရိန်း မပါသလို အနီးဆုံး ဥရောပကိုယ်စားလှယ်လည်း ပါဝင်ခြင်း မရှိပါဘူး။ အမေရိကန်-ရုရှား နှစ်နိုင်ငံတည်းက ယူကရိန်းစစ်ရပ်စဲရေး ဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်။
ဒီဆွေးနွေးပွဲ မတိုင်ခင် ရက်ပိုင်းလေးအတွင်းမှာပဲ ထရမ့်အစိုးရရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေ တယောက်ပြီးတယောက် ဥရောပကို ခရီးထွက်ခွာသွားကြတယ်။
အမေရိကန် ဒုသမ္မတ မစ္စတာ ဂျေဒီ ဗန့်စ်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ပြုလုပ်တဲ့ လုံခြုံရေးညီလာခံကို တက်ရောက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးသစ် မစ္စတာ ပိ ဟက်ဂ်ဆတ်သ်က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ဌာနချုပ်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်နဲ့ ဂျာမနီ၊ ပိုလန်တို့ကို သွားခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာကို ရူဘီရိုကတော့ ရုရှားနဲ့ဆွေးနွေးဖို့ ဆော်ဒီအာရေဗျကို သွားခဲ့တယ်။ ဒါဟာ ထရမ့် အာဏာရပြီးနောက်ပိုင်း သူ့ရဲ့ထိပ်တန်းအဖွဲ့ဝင်များရဲ့ ပထမဆုံး ပြည်ပခရီးစဉ် မစ်ရှင်တွေပါ။
ပထမဆုံး ဒုသမ္မတ ဂျေဒီဗန့်စ်ရဲ့ မြူးနစ် လုံခြုံရေးညီလာခံ မိန့်ခွန်းက ဥရောပနဲ့ အမေရိကကြား နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ပေါင်းစည်းမှုကို ဖြိုခွဲပစ်လိုက်တယ်။ မစ္စတာ ဂျေဒီဗန့်စ်က ဥရောပဟာ အမေရိကန်ရဲ့ ကာကွယ်ရေး အာမခံချက်နဲ့ ထိုက်တန်တဲ့ အခြေခံတန်ဖိုးတွေ မရှိတော့ဘူးလို့ ဆိုလိုက်တယ်။ ဥရောပကို တကယ်ခြိမ်းခြောက်နေတာ ရုရှားလည်း မဟုတ်ဘူး၊ တရုတ်လည်း မဟုတ်ဘူး၊ ဥရောပ ကိုယ်တိုင်ပဲလို့ ပြောသွားခဲ့တယ်။
ဥရောပဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးတယ်၊ တရားမဝင် ဝင်ရောက်လာသူတွေကို မတားဆီးနိုင်ဘူး၊ မဲဆန္ဒရှင်တွေကို ကြောက်ရွံ့တယ်လို့ ဆိုတယ်။ မစ္စတာ ဗန့်စ်က အမေရိကန်နဲ့ ဥရောပဟာ ရေရှည်မှာ သဘောထား တိုက်ဆိုင်နိုင်ပါ့တော့မလားလို့ ထပ်ခါထပ်ခါ ပြောသွားတယ်။

မြူးနစ်လုံခြုံရေး အစည်းအဝေးမှာ ဥရောပ မျှော်လင့်ထားတာက ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ ဝါရှင်တန်နဲ့ ဥရောပအကြား လုံခြုံရေးဆိုင်ရာ ကွဲပြားခြားနားမှုတွေကို ဆွေးနွေးမယ်ထင်ခဲ့တယ်။ မစ္စတာ ဗန့်စ်က ဒီအကြောင်းတွေကို တခွန်းတပါဒမှ ပြောမသွားဘဲ ဥရောပဟာ မဲဆန္ဒရှင်အများစုတွေရဲ့အသံကို နားမထောင်ဘူးဆိုတဲ့ သူ့ရဲ့ထင်မြင်ချက်ကိုပဲ လက်ချာရိုက်သွားခဲ့တယ်။
မစ္စတာ ဂျေဒီ ဗန့်စ်ရဲ့ မထင်မှတ်ဘဲ ဥရောပကို ပြစ်တင်ဝေဖန်တဲ့ မိန့်ခွန်းကြောင့် တက်ရောက်လာတဲ့ ဥရောပနိုင်ငံတွေ တုန်လှုပ်သွားကြတယ်။ ချက်ချင်းပဲ ဂျာမနီနဲ့ အီးယူက မစ္စတာ ဗန့်စ်ရဲ့ မိန့်ခွန်းကို ကန့်ကွက်ခဲ့ကြတယ်။
မစ္စတာ ဗန့်စ်က ဥရောပနိုင်ငံရေးသမားတွေ၊ မြူးနစ် လုံခြုံရေးညီလာခံ စီစဉ်သူတွေဟာ ရွှေ့ပြောင်းနေထိုင်သူများ အရေးကို ဆွေးနွေးဖို့ ငြင်းဆန်နေကြပြီး ရေပန်းစားတဲ့ ပါတီကိုယ်စားပြု နိုင်ငံရေးသမားတွေကို ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောသွားခဲ့တယ်။
မစ္စတာ ဗန့်စ်က မြူးနစ် လုံခြုံရေးညီလာခံမှာ ဥရောပနိုင်ငံတွေကို ဝေဖန်တိုက်ခိုက်ခဲ့သလိုပဲ ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဂ်ဆတ်သ်ကလည်း ဘယ်လ်ဂျီယံ၊ NATO စစ်ဌာနချုပ်မှာ ဥရောပနိုင်ငံတွေကို လက်မခံနိုင်တဲ့ သဘောထားတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်။
ယူကရိန်းအနေနဲ့ ၂၀၁၄ ခုနှစ် မတိုင်မီက ရှိခဲ့တဲ့ နယ်နိမိတ်အတိုင်း ပြန်ရဖို့ဆိုတာ လက်တွေ့လည်းမကျ၊ ဖြစ်နိုင်ခြေလည်း မရှိသလို ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ်လည်း လက်ခံဖို့ ထရမ့်အစိုးရအနေနဲ့ သဘောမတူဘူးလို့ ပြောဆိုလိုက်တယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးတယောက်ရဲ့ ယူကရိန်းစစ်ပွဲအပေါ် သဘောထားဟာ အံ့အားသင့်ဖွယ် ရုတ်ချည်းပြောင်းလဲသွားခဲ့တယ်။
ယူကရိန်းအနေနဲ့ ၂၀၁၄ ခုနှစ် မတိုင်မီက ရှိခဲ့တဲ့ နယ်နိမိတ်အတိုင်း ပြန်ရဖို့ဆိုတာ လက်တွေ့လည်းမကျ၊ ဖြစ်နိုင်ခြေလည်း မရှိသလို ယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ်လည်း လက်ခံဖို့ ထရမ့်အစိုးရအနေနဲ့ သဘောမတူဘူးလို့ ပြောဆိုလိုက်တယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးတယောက်ရဲ့ ယူကရိန်းစစ်ပွဲအပေါ် သဘောထားဟာ အံ့အားသင့်ဖွယ် ရုတ်ချည်းပြောင်းလဲသွားခဲ့တယ်။
ဆော်ဒီအာရေဗျမှာ ပြုလုပ်မယ့် ယူကရိန်းစစ်ပွဲ ပြီးဆုံးရေး ဆွေးနွေးပွဲမှာ ကာယကံရှင် ယူကရိန်းသမ္မတ မစ္စတာ ဇယ်လန်စကီးကို ဖယ်ထုတ်ထားတာနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်က “သူ့အနေနဲ့ ဒီဆွေးနွေးပွဲကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက လုပ်သင့်ခဲ့တယ်။ ဒါပေမယ့် သူ မလုပ်ခဲ့ဘူး။ ဒီဆွေးနွေးပွဲမှာ သူ့အတွက် ထိုင်ခုံလည်း မရှိဘူး။ တကယ်ဆို ယူကရိန်းစစ်ပွဲဟာ ဖြစ်ကို မဖြစ်သင့်ခဲ့ဘူး” လို့ ပြောဆိုဝေဖန်လိုက်တယ်။
မစ္စတာ ဂျေဒီဗန့်စ်ရဲ့ မြူးနစ် လုံခြုံရေးညီလာခံ မိန့်ခွန်းအပြီးမှာ ဥရောပနိုင်ငံတွေဟာ ယူကရိန်းအရေးနဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေးတခုကို ပြင်သစ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ရတယ်။ အမေရိကန်ဟာ ယူကရိန်းအရေးကို နောက်ဆုတ်သွားပြီဖြစ်သလို ဥရောပကိုလည်း ပစ်ပယ်ထားလိုက်ပြီဖြစ်တယ်။
ဒုတိယကမ္ဘာစစ် ပြီးကတည်းက ထူထောင်လာတဲ့ NATO အဖွဲ့ဟာ အမေရိကန်မပါတဲ့ အဖွဲ့တခုလို ဖြစ်လာတော့မယ်။ NATO စစ်အင်အား ချိနဲ့သွားခြင်းဟာ ဥရောပအတွက် အန္တရာယ်ရှိလာတယ်။ သမ္မတ ထရမ့်က ယူကရိန်းကို အကာကွယ်ပေးဖို့တာဝန်ဟာ ဥရောပမှာသာရှိပြီး အမေရိကန်အနေနဲ့ ဆက်ပြီး အကူအညီ မပေးနိုင်တော့ဘူးလို့ ဆိုတယ်။
“ကျုပ်တို့က အဝေးကြီးမှာနေတာပါ။ အနီးဆုံး ဥရောပကပဲ ယူကရိန်းကို တာဝန်ယူသင့်တယ်” လို့ ဆိုတယ်။ ယူကရိန်းအပေါ် အမေရိကန်ရဲ့ ထောက်ပံ့ကူညီမှုတွေ ရပ်ဆိုင်းသွားခဲ့ရင် ဥရောပနိုင်ငံတွေအနေနဲ့ အကူအညီပေးနိုင်ဖို့ သဘောတူခဲ့ကြပြီး ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ စတာမာကလည်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေ ချထားပေးမယ်လို့ ဆိုတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာကို ရူဘီရိုဟာ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ရုရှား ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ ပထမဦးဆုံးအကြိမ် တွေ့ဆုံပြီး သုံးနှစ်ကြာ ယူကရိန်းစစ်ပွဲ ပြီးဆုံးရေး ဆွေးနွေးခဲ့တယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲဟာ အမေရိကန်နဲ့ ရုရှားအကြား ပထမဆုံးအကြိမ် အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး ရလဒ်ကောင်းတွေ ပေါ်ထွက်ခဲ့တယ်လို့ ဆိုတယ်။ ဆွေးနွေးပွဲမှာ ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ ပူးတွဲကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဖွဲ့စည်းရေးနဲ့ အမေရိကန်-ရုရှား အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း သဘောတူခဲ့ကြတယ်။ ဒီဆွေးနွေးပွဲက နောင်မှာ အမေရိကန်-ရုရှား ထိပ်သီးဆွေးနွေးပွဲဖြစ်လာဖို့ လမ်းစဖြစ်တယ်လို့ ဆိုတယ်။
အမေရိကန်နဲ့ ရုရှား ထိပ်တန်းခေါင်းဆောင်တွေ ဆော်ဒီအာရေဗျမှာ တွေ့ဆုံပြီး နောက်တနေ့မှာ မစ္စတာ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ဖလော်ရီဒါက မာရာလာဂို အိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တယ်။
ဒီတွေ့ဆုံပွဲမှာ ဒေါ်နယ်ထရမ့်က “ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ အာဏာရှင်ဖြစ်သွားပြီ” လို့ သတင်းထောက်တွေကို ပြောကြားလိုက်တယ်။ မစ္စတာ ဇယ်လန်စကီးဟာ လူကြိုက်နည်းနေပြီး စစ်အုပ်ချုပ်ရေး မာရှယ်လောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ယူကရိန်းမှာ အာဏာရှင်ဖြစ်နေပြီလို့ ပြောကြားသွားခဲ့တယ်။
ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ ဆော်ဒီမှာ အမေရိကန်နဲ့ ရုရှားကိုယ်စားလှယ်တွေ တွေ့ဆုံပြီးတဲ့နောက် ပြောဆိုတာဖြစ်ပြီး ဒီပြောဆိုမှုဟာ ရုရှားတွေက မစ္စတာ ဇယ်လန်စကီးကို ပြောဆိုဝေဖန်တဲ့ လေသံနဲ့ တထပ်တည်း ဖြစ်နေတယ်လို့ ဆိုတယ်။
သမ္မတ ဇယ်လန်စကီးကတော့ ထရမ့်ဟာ ရုရှားတွေဖန်တီးလိုက်တဲ့ သတင်းမှားတွေထဲ နေထိုင်သူ (living in a disinformation space) လို့ တုံ့ပြန်လိုက်တယ်။
မစ္စတာ ထရမ့်ဟာ မစ္စတာ ဇယ်လန်စကီးနဲ့ ပတ်သက်လို့ သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာလည်း “ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင်” (dictator without elections) လို့ စွပ်စွဲရေးသားခဲ့တယ်။
ထရမ့်ရဲ့ ဇယ်လန်စကီးအပေါ် ပြောဆိုစွပ်စွဲချက်တွေဟာ ယူကရိန်းစစ်ပွဲပြီးဆုံးရေး ပိုမိုရှုပ်ထွေးသွားစေသလို ထရမ့်ရဲ့ ယူကရိန်းစစ်ပွဲဆိုင်ရာ သဘောထားအလှည့်အပြောင်းက နိုင်ငံတကာက လက်ခံထားတဲ့ စံတွေကို အဆုံးသတ်သွားစေခဲ့တယ်။ သမ္မတ ထရမ့်ရဲ့ ပြောဆိုမှုတွေထဲမှာ ၂၀၂၂ ခုနှစ်၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုဟာ ယူကရိန်းကြောင့်ဖြစ်ရတာဆိုတဲ့ အချက်လည်း ပါဝင်တယ်။
ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ဩစတြေးလျ မဟာဗျူဟာမူဝါဒ အင်စတီကျု (ASPI) က ဝါရင့် လေ့လာသုံးသပ်သူ ဒေါက်တာ မယ်လ်ကွမ် ဒေးဗစ်က “ဒါဟာ ထရမ့်အစိုးရသစ်ရဲ့ မော်စကိုအပေါ် ဒူးထောက်မှုထက် မပိုဘူး” လို့ ဝေဖန်သွားခဲ့တယ်။
“လက်ရှိ အခြေအနေကနေ ယူကရိန်းအတွက် တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ထွက်ပေါ်လာစရာ ဘာမှ မရှိဘူး။ ကျနော့်အထင်ပြောရရင် ထရမ့်ဟာ ယူကရိန်းကိုရော ဥရောပကိုပါ ရှောင်ထွက်သွားဖို့ အကြောင်းပြချက် ဖန်တီးနေတာသာ ဖြစ်တယ်။ ဇယ်လန်စကီးအနေနဲ့ကတော့ ယူကရိန်းကို အသုံးချပြီး ယူကရိန်းနဲ့ ဥရောပ မပါဝင်ဘဲ ရုရှားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ကြိုးပမ်းတဲ့ ထရမ့်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရလိမ့်မယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့တပတ်အတွင်း သမ္မတ ထရမ့်နဲ့ သူ့အစိုးရအဖွဲ့ဟာ ဒုတိယကမ္ဘာစစ် ပြီးကတည်းက လက်တွဲလာတဲ့ NATO အဖွဲ့ကို သွေးခွဲစကားတွေ ပြောခဲ့တယ်။ ဥရောပနိုင်ငံတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်တားဆီးနေပြီး ရွေးကောက်ပွဲကို ထိတ်လန့်နေကြတယ်။ ဥရောပရဲ့ ပြဿနာဟာ တရုတ်ကြောင့်လည်း မဟုတ်ဘူး။ ရုရှားကြောင့်လည်း မဟုတ်ဘူး။ သူတို့အချင်းချင်းကြားမှာ ဖြစ်နေတဲ့ ပြဿနာလို့ ဆိုတယ်။ ယူကရိန်းပြဿနာမှာ အဓိက တာဝန်ရှိတာ ဥရောပဖြစ်ပြီး အမေရိကန်က အများဆုံး ကူညီပေးနေရတာ သဘာဝ မကျဘူးလို့ ဆိုတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ဇယ်လန်စကီးအပေါ် ဝေဖန်ပြောဆိုမှုတွေဟာ တဖက်စွန်းရောက်နေတယ်။ မစ္စတာ ဇယ်လန်စကီးဟာ ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင်ဖြစ်နေပြီး ယူကရိန်းစစ်ပွဲဟာ ရုရှားကြောင့် ဖြစ်တာမဟုတ်ဘဲ ဇယ်လန်စကီးကြောင့် ဖြစ်ရတာလို့ စွပ်စွဲတယ်။ သမ္မတ ထရမ့်ရဲ့ ဝေဖန်ပြောဆိုမှုတွေဟာ ရုရှားနဲ့ တလေသံတည်း ဖြစ်လာတယ်။
မစ္စတာ ထရမ့်က ယူကရိန်းကို အကူအညီ ဒေါ်လာ ဘီလီယံ ၅၀၀ ပေးခဲ့တယ်လို့ဆိုတယ်။ မစ္စတာ ဇယ်လန်စကီးက ဘီလီယံ ၁၀၀ ပဲ ပေးတယ်လို့ဆိုတယ်။ ထရမ့်က သူကူညီခဲ့တာကို အကြောင်းပြုလို့ ယူကရိန်းဆီက သယံဇာတသတ္တုဝယ်ယူဖို့ တောင်းဆိုနေတယ်။
မစ္စတာ ထရမ့်က ယူကရိန်းကို အကူအညီ ဒေါ်လာ ဘီလီယံ ၅၀၀ ပေးခဲ့တယ်လို့ဆိုတယ်။ မစ္စတာ ဇယ်လန်စကီးက ဘီလီယံ ၁၀၀ ပဲ ပေးတယ်လို့ဆိုတယ်။ ထရမ့်က သူကူညီခဲ့တာကို အကြောင်းပြုလို့ ယူကရိန်းဆီက သယံဇာတသတ္တုဝယ်ယူဖို့ တောင်းဆိုနေတယ်။
ထရမ့်ရဲ့ မူဝါဒကြောင့် ဥရောပနဲ့ အမေရိကန်ကြား အက်ကြောင်းထင်လာတယ်။ ဒီအက်ကြောင်းကို ကုစားဖို့ မကြာခင်မှာ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ စတာမာက ဝါရှင်တန်ကို သွားမယ်လို့ သိရတယ်။ ယူကရိန်းအရေးမှာ အမေရိကန် နောက်ဆုတ်သွားတဲ့အတွက် မစ္စတာ ဇယ်လန်စကီးအတွက် စိုးရိမ်စရာဖြစ်လာတယ်။
အမေရိကန်သာ နောက်ဆုတ်သွားခဲ့ရင် ဥရောပဟာ ရုရှားရဲ့ အန္တရာယ်ကို ကာကွယ်နိုင်စွမ်း မရှိဘူး။ ရုရှားရဲ့ စစ်အင်အားဟာ ဥရောပထက် အများကြီး သာလွန်လို့ ယူကရိန်းရဲ့ လုံခြုံရေးကို ရုရှားက သေချာပေါက် ခြိမ်းခြောက်လာမယ်လို့ မစ္စတာ ဇယ်လန်စကီးက ယူဆတယ်။
ထရမ့်ကြောင့် နှစ်ပေါင်းများစွာ ခိုင်မြဲလာတဲ့ NATO အဖွဲ့ အက်ကြောင်းထင်လာတယ်။ ယူကရိန်းကို ပြောင်ပြောင်တင်းတင်း ကျူးကျော်ခဲ့တဲ့ ရုရှားကို ထရမ့်က ထောက်ခံလာတယ်။ ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲ ရပ်ဆိုင်းဖို့ လက်ရှိ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ယူကရိန်းက စွန့်လွှတ်ပေးရမယ်လို့ ဆိုတယ်။ ယူကရိန်းအနေနဲ့ NATO အဖွဲ့ထဲ ဝင်ဖို့လည်း မဖြစ်နိုင်ဘူးလို့ ဆိုတယ်။ ဒါတွေက ရုရှားဘက်က ဖြစ်ချင်နေတဲ့ အရာတွေပါ။ ဒါကို ထရမ့်က ရုရှားတွေရဲ့လေသံအတိုင်း လိုက်ပြောနေတာ ဖြစ်တယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒကြောင့် ဥရောပဟာ ပြာယာခတ်သွားတယ်။ မစ္စတာ ဇယ်လန်စကီးကို အာဏာရှင်လို့ စွပ်စွဲခဲ့တဲ့ ထရမ့်ဟာ အာဏာရှင် ပူတင်နဲ့ အပေးအယူတည့်လာတယ်။ ရုရှားမှာ ထရမ့်ကို လူကြိုက်များလာပြီး စစ်မှန်တဲ့ အမေရိကန်ခေါင်းဆောင်လို့ ဆိုလာကြတယ်။
မကြာခင် ကျင်းပဖို့ရှိတဲ့ G-7 ထိပ်သီးအစည်းအဝေးမှာ ရုရှားကို “ကျူးကျော်သူ” (Aggressor) လို့ သုံးနှုန်းခွင့် မပြုတော့ဘူး။ အရင်က တောက်လျှောက်သုံးစွဲလာတဲ့ Russian aggression အသုံးအနှုန်းကိုလည်း တားမြစ်လိုက်တယ်။
မကြာသော အချိန်ကာလတခုမှာ ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာစရာရှိနေပြီး ယူကရိန်းကျူးကျော်မှုကြောင့် ထုတ်ပယ်ထားတဲ့ ရုရှားကိုလည်း G-7 အဖွဲ့ထဲ ပြန်ဝင်ခွင့်ပြုမယ်လို့ ဆိုနေတယ်။
(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
ဥရောပကို ဒေါ်နယ်ထရမ့် ကိုင်လှုပ်နေ
ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်
ထရမ့်အစိုးရ၏ အပြောင်းအလဲများက တရားရုံးချုပ်ကို အကဲစမ်းနေ
အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း
ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်
မြန်မာ့အရေးမှ ထရမ့် ဆုတ်ခွာခြင်းက တရုတ်လက် ဝကွက်အပ်ရာရောက်
မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး














