ဖားကန့်မြို့သို့ တက်လာသည့်စစ်ကြောင်း လုံးခင်းရွာသို့ ယနေ့ နံနက်ပိုင်းက ဝင်လာစဉ် ကချင်လွတ်လပ် ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ ရွာခံအချို့လည်း ဓားစာခံအဖြစ် ဖမ်းဆီး ခံခဲ့ရကြောင်း လုံးခင်းဒေသခံများက ပြောသည်။
ယမန်နေ့က ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံသို့ ရောက်လာသည့် စစ်ကြောင်းသည် ဒေသခံအချို့ကို ရိုက်နှက်ဖမ်းဆီးပြီး ယနေ့နံနက်၌ လုံးခင်းရွာသို့ ရှေ့တိုးချီတက်လာစဉ် လုံးခင်းဘေလီတံတားအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လုံးခင်းရွာခံ အမျိုးသမီးတဦးက “ကျမတို့ အခုက လုံးခင်းမှာ၊ အခန်းထဲမှာပဲ။ အပြင်ထွက်လို့မရဘူး။ အပြင်ကို အကုန်လုံး အပြည့်နေရာယူထားတာတဲ့။ သူတို့ပစ်တာ နားသွားတဲ့အချိန်ထွက်မလို့၊ အခုက ကားလည်းမရှိဘူး။ သူများ ကားလာတဲ့အချိန်မှ ထွက်လို့ရမှာ။ အပြင်ပတ်ပတ်လည်မှာ ပစ်နေကြတာ။ အိမ်ထဲမှာပဲ လုံခြုံအောင်နေနေတယ်။ ထွက်လို့ ရတဲ့အချိန် ရှောင်ဖို့အဆင်သင့်လုပ်ထားတယ်” ဟု ဧရာဝတီကို ပြောသည်။
ဖားကန့်ဒေသခံများ၏ ရုပ်သံမှတ်တမ်းများတွင် လုံးခင်းရွာထဲဝင်လာသော စစ်တပ်မှ အရပ်သား တဒါဇင်ခန့် အား ဖမ်းဆီး ခေါ်ဆောင်သွားသည်ကိုတွေ့ရပြီး နေ့လယ်ပိုင်း၌ ပြန်လွတ်လာကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထား သော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ပိတ်မိနေသည့် အရပ်သားများ ရှိနေကြောင်း လုံးခင်း ရွာခံ အမျိုးသမီးက ဆိုသည်။
လုံးခင်းအနီး ငြိမ်းချမ်းသာယာရပ်ကွက် (ခွန်ဆာကုန်း)တွင် နေထိုင်သည့် အမျိုးသားတဦးကလည်း KIA ပူးပေါင်းတပ်များ က စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့သည့်အနေဖြင့် လမ်းများပိတ်ထား၍ ဖြတ်သန်းမရကြောင်းနှင့် ကလေးငယ် နှင့် အမျိုးသမီးများ ရှိနေသည့်အတွက် စစ်ရှောင်ရန်ခက်ခဲနေကြောင်း ဧရာဝတီကို ပြောသည်။
လုံးခင်းသို့ ဝင်ရောက်လာသည့် စစ်ကြောင်းအား KIA ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲငယ်အချို့ ဖြစ်ပွားလျက်ရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “မနေ့ကစပြီး သူတို့စစ်ကြောင်းတွေ ဝင်လာတယ်ဆိုတော့ လုံးခင်းဘေလီတံတားမှာ တိုက်ပွဲငယ်လေးတွေရှိတယ်။ လက်နက်ကြီးမော်တာနဲ့ ထုတာတွေရှိတယ်။ သိပ်ပြီးပြင်းထန်တာတော့ မဟုတ်ဘူး။ စစ်ကြောင်းတွေရှိရင် တိုက်ပွဲတွေ လည်း ရှိဖို့များပါတယ်။ ပြည်သူလူထုလည်း စစ်ရေးသတင်းတွေကို နားထောင်ရင်းနဲ့ ကိုယ့်ရဲ့မိသားစုလုံခြုံရေးကိုတော့ တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

KIA ပူးပေါင်းတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့် ဖားကန့်မြို့သို့ စစ်တပ်သည် ဧပြီလမှစကာ အင်အား ၁ ထောင်ခန့် ဖြင့် ကာမိုင်း-ဖားကန့်လမ်းကြောင်းနှင့် အင်းတော်ကြီး-ဖားကန့်လမ်းကြောင်းဟူ၍ စစ်ကြောင်းနှစ်ခုခွဲကာ ထိုးစစ် ဆင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်များကလည်း လမ်းတလျောက် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ကာမိုင်း-ဖားကန့်လမ်းကြောင်းမှ ချီတက်လာသည့် စစ်ကြောင်းသည် ကြားဖြတ်တိုက်ခိုက်ခံရသော်လည်း ဖားကန့်မြို့အဝင် လုံးခင်းအထိ ဝင်ရောက်လာနိုင်ခဲ့ပြီး လမ်းတလျောက်ရှိ KIA စိုးမိုးခဲ့ရာ နမ့်ယားရွာ၊ နမ့်တိန်ရွာတို့၌ နောက်ချန်အင်အားအချို့ဖြင့် နေရာယူထားကြောင်း သိရသည်။
အင်းတော်ကြီးလမ်းပိုင်းမှ ချီတက်သည့် စစ်ကြောင်းသည်လည်း အင်းတော်ကြီးကန်ထိပ်၊ နမ့်မွန်းဒေသတွင် KIA ပူးပေါင်း တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်းရှေ့ဆက်တိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
စစ်တပ်စစ်ကြောင်းများသည် မြေပြင်လမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့် ဖားကန့်ဒေသအတွင်း နယ်မြေပြန်လည်စိုးမိုး ရန်အတွက် စစ်ကူအင်အားဖြည့်တင်းခြင်းနှင့် တပ်အချိန်းအပြောင်းများပြုလုပ်ရန် မြေပြင်စစ်ကြောင်းထိုး ချီတက်လာခြင်း ဖြစ်နိုင်ကြောင်း KIA ဘက်က သုံးသပ်ပြောဆိုသည်။
You may also like these stories:
ရဟတ်ယာဉ်နှစ်စင်း ပစ်ချခဲ့ပြီးနောက် ဗန်းမော်ကို KIA ထိုးစစ်ပြန်မြှင့်
စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး














