ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရဟတ်ယာဉ်နှစ်စင်းအား ပစ်ချနိုင်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းမှစတင်ကာ ထိုးစစ်အရှိန် ပြန်မြှင့်ပြီး တိုက်ခိုက်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “ဒီမနက်မှာတော့ ပိုပြီးမှ ထိုးစစ်ဆင်နေတယ်လို့ပြောတယ်။ မနက်ပိုင်းကတော့ လေကြောင်းတောင်မလာဘူး။ နေ့လယ်လောက်မှ ပစ္စည်းတွေချပေးတဲ့ လေကြောင်းလာတယ်လို့ သတင်းရထားပါတယ်” ဟု ဆိုသည်။
ယနေ့တိုက်ပွဲအတွင်း ဗန်းမော်ရှိ အဓိကတပ်ရင်းဌာနချုပ်ဖြစ်သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီးဝန်းကျင် မှ ကာကင်းစခန်းများအား တိုက်ခိုက်ရာတွင် စစ်တပ်မှ ခံစစ်ပြင်တပ်စွဲထားသော Win Light ဟိုတယ်နှင့် ကာကင်းစခန်း အချို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်သတင်းအရင်းအမြစ်များက ပြောသည်။
KIA ဘက်ကမူ ယနေ့တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိမှုအခြေအနေ အသေးစိတ်အား ယနေ့မွန်းလွဲပိုင်းအထိ မသိရသေးဟု ဆိုသည်။
KIA ပူးပေါင်းတပ်များအနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ငါးလကျော်အတွင်း မြို့တွင်းရပ်ကွက်အများစုနှင့် တပ်ရင်းဌာနချုပ် အချို့အား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း စကခ-၂၁၊ ခလရ-၄၇ အပါအဝင် တပ်ရင်းဌာနချုပ်အချို့ ကျန်ရှိနေ သေးပြီး ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုများဖြင့်ပါ စစ်တပ်က ခုခံတိုက်ခိုက်လျက်ရှိသည်။
ထိုတိုက်ပွဲများအတွင်း မေ ၂၀ ရက်၌ စကခ-၂၁ ဌာနချုပ်အနီးသို့ စစ်ကူ၊ ရိက္ခာလာပို့သည့် ရဟတ်ယာဉ် ၃ စင်းအနက် နှစ်စင်းအား KIA ဘက်က အသေခံဒရုန်းများအသုံးပြုကာ ပစ်ချနိုင်ခဲ့သည်။
တိုက်ခိုက်ခံရသည့် ရဟတ်ယာဉ်နှစ်စင်းအနက် တစင်းမှာ ဧရာဝတီအနောက်ဘက်ကမ်း ရွှေကူမြို့နယ်၊ စည်ငန်းရွာအနီး ပျက်ကျခဲ့ပြီး တစင်းမှာ ရွှေကူမြို့အခြေစိုက် ခလရ-၅၆ တပ်ရင်း အားကစားကွင်းအတွင်းသို့ အရေးပေါ်ဆင်းသက်ခဲ့သည်။
စည်ငန်းရွာအနီးပျက်ကျသည့် ရဟတ်ယာဉ်မှာ မီးလောင်ပျက်စီးခဲ့ပြီး ရုပ်အလောင်း ၁၈ လောင်း အပါအဝင် ၁၉ ဦး သေဆုံးကြောင်းနှင့် ရွှေကူတွင် အရေးပေါ်ဆင်းသက်ခဲ့သည့် ရဟတ်ယာဉ်ကိုလည်း နောက်တရက်၌ KIA က ဒရုန်းနှင့်ထပ်မံ ဗုံးကြဲတိုက်ခိုက်ကာ ဖျက်စီးနိုင်ခဲ့ကြောင်း KIA ဘက်မှ ထုတ်ဖော်ပြောကြားခဲ့သည်။
KIA ပူးပေါင်းတပ်များအနေဖြင့် ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို ယမန်နှစ် ဒီဇင်ဘာ ၄ ရက်မှစကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း ဗန်းမော်မြို့အား ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်က နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲကာ ခုခံနေပြီး မြို့ပေါ်ရှိ နေအိမ်အဆောက် အဦများစွာ ပျက်စီးနေသည့်အပြင် မြို့ခံအများစုလည်း စစ်ဘေးရှောင် ထွက်ပြေးနေရသည်။
You may also like these stories:
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး
ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး
ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ














