Apple က အိန္ဒိယနိုင်ငံရှိ Foxconn နည်းပညာ ကုမ္ပဏီက ထုတ်လုပ်ပေးတဲ့ iPhone အားလုံးနီးပါးကို မတ်လကနေ မေလ အတွင်း အမေရိကန်ကို တင်ပို့ခဲ့ကြောင်း အခွန်စည်းကြပ်ရေး ဒေတာများက ဖော်ပြထားပါတယ်။
တင်ပို့မှုဟာ ၂၀၂၄ ခုနှစ်အတွင်း တင်ပို့မှု ပျမ်းမျှ ရာခိုင်နှုန်း ၅၀ အထက် ကျော်လွန်နေတဲ့ အပြင် တရုတ်နိုင်ငံ အပေါ် အမေရိကန်က ချမှတ်ထားတဲ့ အခွန်မြင့်မားမှုကို ရှောင်ရှားဖို့ ကြိုးပမ်းတဲ့ Apple ရဲ့ အားထုတ်မှုကို သိသာထင်ရှား စေတယ် လို့လည်း ဆိုပါတယ်။
Apple ဟာ အရင်က နယ်သာလန်၊ ချက် နဲ့ ဗြိတိန် နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်းများစွာကို Apple ပစ္စည်းများ ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ချိခဲ့ပေမယ့်လည်း အခုအခါ အိန္ဒိယရှိ Apple ထုတ်ကုန် တင်ပို့မှုများကို အမေရိကန် ဈေးကွက် အတွက်သာ ရည်ရွယ် ပြောင်းလဲ ဖြန့်ချိနေကြောင်း တွေ့ရှိရပါတယ်။
မတ်လ ကနေ မေလအတွင်း Foxconn က အမေရိကန် ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ iPhone များကို အိန္ဒိယ ကနေ အမေရိကန်ကို တင်ပို့မှုရဲ့ ပျမ်းမျှပမာဏ ၉၇ ရာခိုင်နှုန်း တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ပမာဏဟာ ၂၀၂၄ ခုနှစ်အတွင်း ပျမ်းမျှ တင်ပို့မှုရဲ့ ၅၀ ဒသမ ၃ ရာခိုင်နှုန်းထက် ကျော်လွန်နေပါတယ်။
၂၀၂၅ ခုနှစ် မေလမှာ Foxconn ရဲ့ အိန္ဒိယကတဆင့် အမေရိကန်ကို တင်ပို့တဲ့ iPhone များ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ နီးပါးရှိခဲ့တယ် လို့လည်း ဆိုပါတယ်။
ဒါဟာ မတ်လအတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ တင်ပို့မှု နောက်ပိုင်း ဒုတိယ အမြင့်ဆုံး ဖြစ်ကြောင်း မှတ်တမ်းများ အရ သိရှိရပါတယ်။
အဲဒါတွေနဲ့ ပတ်သက်ပြီး Apple နဲ့ Foxconn တို့ဟာ Reuters ရဲ့ မှတ်ချက်တောင်းခံမှု အပေါ် တစုံတရာ တုံ့ပြန်မှုမပြုခဲ့ပါ။
တရုတ်ဘက်က ပေးဆောင်ရမယ့် တင်ပို့အခွန် ရာခိုင်နှုန်းကို လျှော့ချနိုင်ဖို့ အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များရဲ့ သဘော တူညီချက်အရ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရုတ် ကုန်ပစ္စည်းများ အပေါ် ၅၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ အခြားသော ကုန်သွယ်ဖက် နိုင်ငံများလိုပင် အိန္ဒိယကိုလည်း တင်ပို့ခွန် အခြေခံရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။
ထရမ့်က ဧပြီလမှာ ကြေညာခဲ့ပြီးနောက် ရပ်ဆိုင်းထားတဲ့ “ကုန်သွယ်ဖက် နိုင်ငံ အချင်းချင်း အပြန်အလှန် သွင်းကုန် အခွန် ချမှတ်တဲ့ အစီအစဉ်” အရ အိန္ဒိယက ပေးဆောင်ရမယ့် တင်ပို့ခွန် ၂၆ ရာခိုင်နှုန်းကို ရှောင်ရှားဖို့ အတွက် နှစ်နိုင်ငံ သဘော တူညီမှု ရယူနိုင်ဖို့ ကြိုးစားနေကြောင်းလည်း သိရပါတယ်။
Apple ရဲ့ အိန္ဒိယနိုင်ငံ အတွင်း ထုတ်လုပ်မှု မြင့်မားလာခြင်း နဲ့ ပတ်သက်ပြီး ထရမ့်အနေနဲ့ ပြီးခဲ့တဲ့ မေလက ပြင်းပြင်း ထန်ထန် ဝေဖန် ပြောဆိုခဲ့ပါတယ်။
“မင်းတို့ အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံနေတာကို ငါတို့ စိတ်မဝင်စားဘူး။ အိန္ဒိယက သူတို့ကိုယ်တိုင် ရပ်တည်နိုင်တယ်။ သူတို့ နိုင်ငံက အခြေအနေ သိပ်ကောင်းနေပြီ။ ငါတို့က မင်းတို့ လုပ်ငန်းတွေကို ဒီအမေရိကန်မှာပဲ တည်ဆောက် စေချင်တာ၊ ရင်းနှီးမြှုပ်နှံစေချင်တာ” လို့ ထရမ့်က Apple ရဲ့ CEO ဖြစ်တဲ့ Tim Cook ကို ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း Foxconn ဟာ အိန္ဒိယကနေ အမေရိကန်ကို ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ iPhone များကို တင်ပို့ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ တန်ဖိုးဟာ ၂၀၂၄ ခုနှစ် တနှစ်တာ အတွင်း တင်ပို့မှု စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံထက်ပင် ကျော်လွန် နေတယ်လို့ ဆိုပါတယ်။

Apple ဟာ တရုတ်ကနေ အမေရိကန်ကို တင်ပို့တဲ့ ဖုန်းများအပေါ် ချမှတ်ထားတဲ့ အခွန်များကြောင့် iPhone ဈေးများ မြင့်တက်မှုကို ရှောင်ရှားဖို့ အတွက် အိန္ဒိယမှာ ကုန်ပစ္စည်း ထုတ်လုပ်မှု မြန်ဆန်စေမယ့် နည်းလမ်းများကို လုပ်ဆောင် နေကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာ Apple ဟာ ဒေါ်လာ ၂ ဘီလီယံခန့် တန်ဖိုးရှိ iPhone 13, 14, 16 နဲ့ 16e မော်ဒယ်များကို အမေရိကန် ကို အထူးလေယာဉ်များနဲ့ ငှားရမ်း ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယ တမီးလ်နာဒူး ပြည်နယ်ရှိ ချင်နိုင်း လေဆိပ်မှာ ပစ္စည်း အကောက်ခွန် စစ်ဆေးမှု ဖြတ်သန်းချိန်ကို နာရီ ၃၀ ကနေ ၆ နာရီအထိ လျှော့ချပေးဖို့ အတွက် Apple က လေဆိပ် အာဏာပိုင်များနဲ့ ဆွေးနွေးခဲ့ပါတယ်။
ချင်နိုင်း လေဆိပ်ဟာ iPhone တင်ပို့မှု အတွက် အရေးပါတဲ့ အချက်အချာနေရာ တခု ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာ အိန္ဒိယက ထုတ်တဲ့ iPhone အရေအတွက်ဟာ ကမာ္ဘလုံးဆိုင်ရာ iPhone တင်ပို့မှုရဲ့ ၂၅ ရာခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ Counterpoint Research ရဲ့ အကြီးတန်း သုံးသပ်သူ Prachir Singh က ပြောပါတယ်။
အိန္ဒိယရှိ Apple iPhone ထုတ်လုပ်မှု အတွက် လိုအပ်တဲ့ ပစ္စည်းများ ထောက်ပံ့နေတဲ့ လုပ်ငန်းငယ်တခု ဖြစ်တဲ့ Tata Electronics ဟာ မတ်လ နဲ့ ဧပြီလ အတွင်း သူရဲ့ ထုတ်လုပ်မှုပမာဏ ပျမ်းမျှ ၈၆ ရာခိုင်နှုန်းခန့်ကို အမေရိကန်ကို တင်ပို့ ခဲ့ပြီး ဖြစ်ကြောင်း၊ မေလ အတွက် ဒေတာများကိုမူ မရရှိသေးကြောင်း အခွန်ဒေတာများအရ သိရပါတယ်။
အဲဒီ ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ Tata Group ရဲ့ စီးပွားရေးလုပ်ငန်း တခုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စတင်ကာ iPhone များကို တင်ပို့ခဲ့ရာ ၂၀၂၄ ခုနှစ်အတွင်း တင်ပို့မှုမှာ ၅၂ ရာခိုင်နှုန်းကိုသာ အမေရိကန် တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အချက်အလက် နဲ့ ပတ်သက်ပြီး Tata ဘက်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) ဟာ မကြာသေးခင် နှစ်များမှစတင်ကာ အိန္ဒိယကို စမတ်ဖုန်း ထုတ်လုပ်မှု မြှင့်တင်လာခဲ့ပါတယ်။
ဒါပေမယ့် မိုဘိုင်းဖုန်း အစိတ်အပိုင်းများ တင်သွင်းရာမှာ အခြားနိုင်ငံများထက် အခွန်အခ မြင့်မားနေခြင်းကြောင့် အိန္ဒိယမှာ စမတ်ဖုန်း ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း မြင့်မားနေဆဲပင် ဖြစ်ပါတယ်။
Apple ဟာ အမေရိကန်မှာ နှစ်စဉ် iPhone အလုံးပေါင်း သန်း ၆၀ ကျော်ကို ရောင်းချခဲ့ပြီး အဲဒီဖုန်းများရဲ့ ၈၀ ရာခိုင်နှုန်း ခန့်ကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းလညး် သိရပါတယ်။
Ref : Reuters














