ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) အနေဖြင့် ဗန်းမော်ထိုးစစ်မရပ်တန့်ပါက မြေရှားသတ္တုများ ဝယ်မည်မဟုတ် တော့ကြောင်းနှင့် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လအား အကျယ်ချုပ်ဖမ်းဆီးကာ တရုတ်က ဖိအားပေးခြိမ်း ခြောက်နေသည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ငြင်းဆိုသည်။
ကချင်ပြည်နယ်မှ မြေရှားသတ္တုနှင့်ပတ်သက်ပြီး ယမန်နေ့က ဖော်ပြခဲ့သည့် ရိုက်တာသတင်းတပုဒ်တွင် KIA အနေဖြင့် ဗန်းမော်ထိုးစစ် မရပ်တန့်ပါက မြေရှားသတ္တုများ ဝယ်ယူမှုရပ်မည်ဖြစ်ကြောင်း မေလအတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ တရုတ်ဘက်မှ ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
အမည်မဖော်လိုသည့် KIA အရာရှိတဦး အပါအဝင် သတင်းအရင်းအမြစ်သုံးဦးအား ကိုးကားဖော်ပြထားသည့် အဆိုပါ သတင်းတွင် တိုက်ပွဲများရပ်တန့်ပါက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာမည်ဟု တရုတ်မှ မက်လုံးပေးခဲ့ ကြောင်းလည်း ရေးသားထားသည်။
မြေရှားသတ္တုနှင့်ပတ်သက်ပြီး တရုတ်ဖိအားပေးမှုအား ကြားသိရခြင်း မရှိသေးကြောင်းနှင့် တိုက်ပွဲများရပ်တန့်ကာ ဆွေးနွေး ဖြေရှင်းရေးသည် တရုတ်မှ အစဉ်တစိုက် ပြောဆိုနေသည့်ကိစ္စသာဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “တိုက်ပွဲကိုရပ်ပြီးမှ ဆွေးနွေးကြပါဆိုတာက အမြဲတမ်းပြောနေတဲ့စကား ဖြစ်ပါတယ်။ ဒါက အခုမှပြောတဲ့စကား တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြေရှားသတ္တုတွေ မဝယ်ဘူးဘာညာ ခြိမ်းခြောက်တာမျိုးတွေကတော့ ခုထက်ထိ ကျနော်တို့ မကြားဘူး” ဟု ဆိုသည်။
လက်ရှိတွင်လည်း KIA သိမ်းပိုက်ထားသည့် ကချင်အထူးဒေသ(၁) ပန်ဝါဒေသ၌ မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းများအား တရုတ်ကုမ္ပဏီများက အဓိကလုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံဘက်သို့ ပုံမှန်တင်ပို့မှုများ ရှိနေကြောင်း ၎င်းက ပြောသည်။
လတ်တလော ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသော အမျိုးသားတဦးကလည်း ပန်ဝါဂိတ်မှ တဆင့် မြေရှားသတ္တုများ ပုံမှန်အချိန်တိုင်း တရုတ်ဘက်သို့ သယ်ယူနေဆဲဖြစ်ကြောင်းနှင့် တရုတ်ဘက်မှ မြေဩဇာများ လည်း နေ့စဉ်ဝင်နေသည့်အပြင် စားသောက်ကုန်စည်များလည်း ပုံမှန်ဝင်ထွက်မှုရှိနေကြောင်း ဧရာဝတီကို ပြောသည်။
အခြားသတင်းတခုဖြစ်သည့် The Kachin Sub-state Media ၌ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများထွက်ပေါ်ဟုဆိုကာ ဖော်ပြထားမှုနှင့် ပတ်သက်၍လည်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ငြင်းဆိုသည်။
၎င်းက “(ဗိုလ်ချုပ်ကြီးအင်ဘန်လ) သူက ကျန်းမာရေးစစ်ဖို့ တရုတ်ပြည်ဘက်ကို ဝင်သွားတာတော့ရှိပါတယ်။ ဒီနေ့လား၊ မနက်ဖြန်လား မသိဘူး ပြန်လာမယ်တော့ပြောတယ်။ သွားတာက သိပ်တော့မကြာသေးဘူး။ သူက အမြဲတမ်းသွားစစ်တာ ပါ။ နှစ်လလောက်ဆိုတခါ ဓာတ်မှန်ရိုက်စစ်ဆေးတာပေါ့” ဟု ပြောသည်။
ဗိုလ်ချုပ်ကြီးအင်ဘန်လမိသားစုနှင့် နီးစပ်သူတဦးကလည်း တရုတ်အစိုးရ ဖမ်းထားသည်ဆိုသောသတင်းမှာ မှန်ကန်မှုမရှိဟု ဧရာဝတီကို အတည်ပြုသည်။
တရုတ်အစိုးရအနေဖြင့် ဗန်းမော်တိုက်ပွဲနှင့်ပတ်သက်ပြီး မဖြစ်မနေရပ်ရန် ဖိအားပေးသည့်ပုံစံထက် တိုက်ပွဲများရပ်တန့်ကာ စီးပွားရေးတိုးမြှင့်လုပ်ဆောင်ရန် ကမ်းလှမ်းသောပုံစံမျိုးသာ တွေ့မြင်ရကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
လတ်တလော KIA ပူးပေါင်းတပ်များနှင့် စစ်တပ်ကြား ဗန်းမော်မြို့တွင် နှစ်ဖက်ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သော်လည်း မြေပြင်ထိတွေ့တိုက်ပွဲများထက် လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများသာ ပိုများကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
၎င်းက “ဗန်းမော်ကတော့ ဆက်ထိုးတာမရှိပါဘူး။ လက်နက်ကြီးနဲ့ ပစ်တာတွေတော့ရှိတယ်၊ လေကြောင်း၊ ဒရုန်းပေါ့။ အဓိက ဒရုန်းနဲ့လိုက်ပစ်တာတွေတော့ နေ့တိုင်းရှိပါတယ်။ ကျနော်တို့လည်း လက်နက်ကြီးနဲ့ ပြန်ပြီးမှထုတာမျိုးတွေ နေ့တိုင်း ရှိပါတယ်။ မြို့ပေါ်မှာတော့ နဂိုအတိုင်းပဲ ရောက်တဲ့နေရာမှာထိုင်ပြီးမှ ခုခံနေပါတယ်။ သူတို့လည်းအဲဒီလိုပါပဲ” ဟု ဆိုသည်။
ထို့ပြင် ဖားကန့်မြို့နယ်၊ ကျောက်စိမ်းမှော်များအတွင်း လှုပ်ရှားသွားလာနေသည့် စစ်တပ်စစ်ကြောင်းနှင့် KIA ပူးပေါင်းတပ် တို့ကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး ယမန်နေ့က မှော်ဝမ်းကြီး၊ မှော်ဝမ်းလေးဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.
You may also like these stories:
ဗန်းမော်ကို စစ်ဆင်နေချိန် KIA ကို တရုတ် ခေါ်ယူဆွေးနွေး
ပန်ဝါဒေသ မြေရှားသတ္တုလုပ်ငန်း ပြန်စဖို့ KIA ပြင်ဆင်
မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ














