ကရင်နီပြည် (ကယားပြည်နယ်)မြို့တော် လွိုင်ကော်မြို့နှင့် အနီးဆုံးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ဒီးမော့ဆိုမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နန်းမယ်ခုံမြို့နှင့် ဖရူဆိုမြို့နယ်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ကရင်နီပြည် စစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်နေသူ လွိုင်ကော်မြို့ခံတဦးက “ဒီးမော့ဆိုကိုသိမ်းပြီးတဲ့နောက် ဒီးမော့ ဆိုနဲ့ ဖရူဆိုသွားတဲ့လမ်းက လိမ္မော်ခြံမှာ မနေ့ညက တိုက်ပွဲဖြစ်တယ်။ လိမ္မော်ခြံက ဒီးမော့ဆိုအထွက်တဆက်တည်းပဲ။ ဖရူဆိုကို ဦးတည်ထိုးနေတာပေါ့” ဟု ပြောသည်။
၂၀၂၃ နိုဝင်ဘာလမှစ၍ တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် ဒီးမော့ဆိုမြို့ကို ၁၆ ရက်ကြာ ပြန်လည်ထိုး စစ်ဆင်ပြီးနောက် ဩဂုတ် ၁၉ ရက်တွင် အပြည့်အဝပြန်ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေ ကြောင်း စစ်တပ်ဘက်က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်သော်လည်း မြို့နယ်အတွင်းရှိ အဓိကျသည့်နေရာများကို တော်လှန်ရေး ပူးပေါင်းတပ်များက ထိန်းချုပ်ထားဆဲဖြစ်ကြောင်းနှင့် အကောင်းဆုံးခုခံနေပြီး တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း ကရင်နီ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
ဒီမော့ဆိုကို ပြန်ထိန်းချုပ်ပြီးနောက် စစ်တပ်သည် ဒီးမော့ဆိုတောင်ဘက် ဖရူဆိုဘက်လက်လမ်းကြောင်းနှင့် ဒီးမော့ဆို အနောက်ဘက် ကရင်ပြည်နယ်ဘက်အထွက် လိပ်သို၊ ယာဒိုလမ်းကြောင်းဘက် နန်းမယ်ခုံမြို့အတွင်းရှိ ချယ်ရီကုန်း၊ ၄ မိုင်၊ ပဆေးလာ စသည့် နေရာများကို ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း ကရင်နီအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “အခုက ၄ မိုင်ဘက်လည်း မလုံခြုံတော့ဘူး။ ၄ မိုင်ဘက်ကနေသွားတဲ့ နန်းမယ်ခုံက ရှေ့တန်းဇုန်လိုဖြစ်နေပြီ။ နန်းမယ်ခုံမှာ စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူတွေကိုဖမ်းပြီး ပစ်သတ်၊ ဆိုင်ကယ်တွေယူသွားတယ်။ အခု ၄ မိုင် ဘက်ကို အင်အားအလုံးအရင်းနဲ့တိုးနေတော့ မကျအောင် ကိုယ့်ဘက်က အသည်းအသန်ကာနေရတယ်” ဟု ဆိုသည်။
ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နန်းမယ်ခုံမြို့သည် ဒီးမော့ဆို၊ မိုးဗြဲ၊ လွိုင်ကော်မြို့တို့၏ အလယ်ဗဟို၌ရှိပြီး စစ်တပ်က နန်းမယ်ခုံ မြို့ကို ကုန်းသာဘက်မှ ပြီးခဲ့သည့်လကုန်ပိုင်းကတည်းက အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခဲ့သောကြောင့် ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။

ကရင်နီပြည်၏တံခါးပေါက် မိုးဗြဲမြို့ကို စစ်တပ်က ၂၀၂၅ ဇွန်လ ၆ ရက်တွင် ပြန်ထိန်းချုပ်ပြီးနောက် မိုးဗြဲ-လွိုင်ကော်လမ်း ပိုင်းနှင့် လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး၊ ကုန်းသာမှ နန်းမယ်ခုံဘက်များသို့ ဆက်တိုက်ထိုးစစ်ဆင်ခဲ့ရာ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းကို ပြီးခဲ့သည့်လကတည်းက ပြန်သိမ်းနိုင်ခဲ့ကာ ဒီးမော့ဆိုမြို့အား ထပ်မံထိန်းချုပ်နိုင်ခြင်းဖြစ်သည်။
ကရင်နီတော်လှန်ရေးအင်အားစုများသည် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သော ၁၁၁၁ လေးလုံး စစ်ဆင်ရေး လပိုင်း အတွင်း စစ်စခန်းများစွာနှင့် ကရင်နီပြည်ရှိ မြို့အများစုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ခဲယမ်းအခက်အခဲနှင့် အဓိကအခြေ စိုက်တပ်ရင်းများကို အပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ရာမှ စစ်တပ်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ကြုံနေရခြင်းဖြစ်သည်။
စစ်တပ်ပြန်လည်သိမ်းပိုက်ခဲ့သော မိုးဗြဲတွင် ခမရ ၄၂၂ ၊ ဒီးမော့ဆို၌ ခလရ ၁၀၂ နှင့် ခမရ ၄၂၇ တပ်ရင်းတို့ရှိပြီး ယင်းတို့ အား အင်အားများ ထပ်မံဖြည့်တင်းပြီးနောက် ဆုံးရှုံးနယ်မြေများကို ဝေဟင်၊ မြေပြင် ထိုးစစ်အားများဖြင့် တဆင့်ချင်း ပြန်လည်သိမ်းပိုက်နေခြင်းဖြစ်ကြောင်း CDM အရာရှိများနှင့် စစ်ရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
You may also like these stories:
အရပ်သား ၃၂ ဦး သေဆုံးသည့် ဗုံးကြဲမှု နိုင်ငံတကာမှ အရေးယူရန် IEC တိုက်တွန်း
စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ
ဗုံးကြဲနေသော်လည်း မူလရပ်တည်ချက်အတိုင်းရှိမည်ဟု TNLA ပြော














