စစ်တပ်က ကရင်နီ(ကယားပြည်)မှ ခဲသတ္တုထွက်ရှိရာ မော်ချီးမိုင်းကို ဗုံးကြဲနေရာ ယခုနှစ်အတွင်း ၁၁ ကြိမ်ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ် ၁၇ ရက် ဗုံးကြဲမှု၌ အရပ်သား ၃၂ ဦး အစုလိုက် သေဆုံးကာ ၅ ဦး ဒဏ်ရာရပြီး ပြည်သူတချို့ ပျောက်ဆုံးနေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ယမန်နေ့က ထုတ်ပြန်သည်။
ဩဂုတ် ၁၇ ရက် နံနက် ၇ နာရီ ၅၀ မိနစ်နှင့် နေ့လယ် ၁၂ နာရီခန့်က နှစ်ကြိမ်ဗုံးကြဲရာတွင် ဆေးရုံနှင့် လူနေအိမ်များ ထိမှန်ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည့် အတွက် ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် တရားမဝင် အာဏာသိမ်းစစ်တပ်၏ ကြီးလေးသည့် စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများအပေါ် ထိရောက်စွာ အရေးယူ နိုင်ရန်လည်း IEC က တိုက်တွန်းထားသည်။
စစ်တပ်၏ လေကြောင်းမှ ဖိအားပေးတိုက်ခိုက်နေမှုများသည် ကရင်နီ အပါအဝင် နိုင်ငံအနှံ့၌ ပြုလုပ်နေခြင်းဖြစ်ရာ စစ်ရေး အရ ဖိအားပေးမှုသာဖြစ်ကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က မှတ်ချက်ပြုသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် မဟာမိတ်တပ်များက ထိန်းချုပ်ထားသည့် သတ္တုသိုက်တည် ရှိရာ မော်ချီးဒေသကို စစ်တပ်က ပြီးခဲ့သည့်ဇွန်လပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်နေခြင်းဖြစ် သည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကလည်း ဗုံးကြဲမှုကြောင့် သတ္တုမိုင်းတွင်းလုပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။
ထိုသို့ စစ်တပ်က မော်ချီးဒေသရှိ အရပ်သားနေရာများသာမက သတ္တုမိုင်းတွင်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေခြင်း သည် စစ်ရေးထက် စီးပွားရေးအရ ဖိအားပေးလိုခြင်းဖြစ်ကာ တော်လှန်ရေးအင်အားစုများ၏ ဝင်ငွေလမ်းကြောင်းကို ဖြိုချရန်ရည်ရွယ်နေခြင်းဟူသည့် သုံးသပ်မှုများရှိသည်။

ကရင်နီစစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတဦးက “တော်လှန်ရေးအဖွဲ့တွေ အဓိကဝင်ငွေရနေတာက ဒီနေရာပဲရှိတယ်။ စစ်တိုက်တာက ပိုက်ဆံရှိမှ တိုက်နိုင်တာဖြစ်တော့ ဒီဝင်ငွေလမ်းကြောင်းတွေကို အပြတ်ဖြတ်ချင်တာလို့ ထင်တယ်။ နောက်ပြီး သူတို့က(စစ်တပ်) ဆုံးရှုံးနယ်မြေတွေ ပြန်စိုးမိုးဖို့ ထိုးစစ်ဆင်နေချိန်ဖြစ်တော့ တဖက်က ဝင်ငွေတွေ စီးဆင်းနေတာက ကြီးမားတဲ့အဟန့်အတားဖြစ်တာပေါ့။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာ” ဟု ဆိုသည်။
မော်ချီးဒေသတွင် ကရင်နီတပ်မတော် (KA)၊ KNDF ၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) စသည့်အဖွဲ့များက သတ္တုတူးဖော်ရေးလုပ်ကွက်များကို အဓိကထိန်းချုပ်ထားပြီး သတ္တုများကို တရုတ်ကုန်သည်များမှ ထိုင်းနိုင်ငံဘက်တွင် ဂိုထောင်ကြီးများဆောက်၍ ဝယ်ယူပေးနေကြောင်း ၎င်းက ပြောသည်။
ဗြိတိသျှကိုလိုနီခေတ်ကတည်းက ယနေ့အချိန်ထိ နှစ်ပေါင်း ၁၀၀ ကျော် သတ္တုတူးဖော်ထုတ်လုပ်နေနိုင်သည့် မော်ချီး သတ္တုလုပ်ကွက်များကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၂၀၀၂ မှ ၂၀၂၄ ခုနှစ်ထိ လုပ်ကိုင်ခွင့်ရရှိထားခဲ့ပြီး ၂၀၂၄ နှစ်ဆန်းပိုင်း၌ တော်လှန်ရေးအင်အားစုများမှ ထိုဒေသကို စိုးမိုးထိန်းချုပ်နိုင်ခဲ့သည်။
စားသောက်ကုန်ထုပ်ပိုးရာတွင်သုံးသည့် စည်သွတ်ဘူးများမှ စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးထိ အသုံးဝင်သော ခဲမဖြူနှင့် အဖြိုက်နက်သတ္တုများကို မော်ချီးသတ္တုလုပ်ကွက်များ၌ ၂၀၀၂ မှ ၂၀၁၉ ခုနှစ်ထိ သတ္တု ၈,၄၀၉ ဒသမ ၉၉၇ မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် မက်ထရစ်တန် ၂,၅၅၉ ဒသမ ၃၄၃ ရရှိခဲ့သည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုဝန်ကြီး ဒေါက်တာရဲမြင့် ဆွေက လွှတ်တော်တွင်း ရှင်းတမ်းတင်ပြခဲ့ဖူးသည်။
လက်ရှိနွေဦးတော်လှန်ရေးကာလအတွင်း မော်ချီးသတ္တုတွင်းများ၌ တိုက်ပွဲများဖြစ်ပွားနေသည့် အညာဒေသမှ ပြည်သူ များပါ လာရောက်လုပ်ကိုင်လျက်ရှိကြောင်း ကရင်နီပြည်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တဦးက ပြောသည်။
၎င်းက “မော်ချီးကတော့ အဓိက စီးပွားရေးလုပ်ကွက် အဲဒီမှာလာလုပ်ကြတာက တောင်တွင်း၊ နက်မောက်ဘက်က အညာသားတွေလည်း အများစုပါတယ်။ ပြီးခဲ့တဲ့ ၄ လပိုင်းလောက်က နက်မောက်ဘက်က လူငယ်တွေ ၂၅ ယောက် လောက် ၁၂ မိုင်ကုန်းမှာ ဆုံခဲ့ရတော့ မော်ချီးမှာ အလုပ်သွားလုပ်ဖို့လို့ပြောတယ်” ဟု ဆိုသည်။
လက်ရှိတွင်မူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သတ္တုတူးဖော်ရေးလုပ်ကွက်များတွင် လာရောက်လုပ်ကိုင် နေသော အခြားဒေသမှ လုပ်သားအများစုသည် နေရပ်ပြန်မှုများရှိနေသလို ဈေးဆိုင်များလည်း ပိတ်ထားရကြောင်း ၎င်းက ပြောသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇွန်လကလည်း ကရင်နီပြည်၏ တံခါးပေါက် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ရွေးကောက်ပွဲမတိုင်မီ လက်ကျန်ဆုံးရှုံးနယ်မြေများ ပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိရာ ဒီးမော့ဆိုနှင့် ဖားဆောင်းမြို့နယ်တို့၌ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
စစ်ကိုင်းမြို့ပေါ်ထိ တိုက်ပွဲဖြစ်လာ
အာရှလမ်းပွင့်ရန် စစ်တပ်စစ်ဆင်လာ၍ တိုက်ပွဲ ပြင်းထန်
ဘာဖြစ်နေနေ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော













