စစ်တပ်ဘက်မှ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေများဖြစ်သည့် မိုးကုတ် အပါအဝင် သီပေါ၊ ကျောက်မဲ စသည့်မြို့များအား ဆက်တိုက်ဗုံးကြဲပြီး ဖိအားပေးနေသော်လည်း မူလရပ်တည် ချက်အတိုင်းသာ ဆက်ရှိနေမည်ဟု TNLA ပြောခွင့်ရ လွေးယေဦးက ဧရာဝတီကို ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုဖြင့် TNLA နှင့် စစ်တပ်တို့ ကူမင်းမြို့တွင် ယခုလအတွင်း ထပ်မံတွေ့ဆုံရန်ရှိနေပြီး ရက်အတိအကျကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။
၎င်းက “အခုလောလောဆယ်မှာ ဖိအားပေးတဲ့ပုံမျိုးဖြစ်ပါတယ်။ သက်ရောက်မှုက မပြောတတ်သေးဘူး။ ကျမတို့ဘက်က အရင်တခါတုန်းက ပြောဆိုဆွေးနွေးတဲ့အတိုင်းပဲ ရပ်တည်ဖို့ရှိသလို ဒီဆွေးနွေးမှုအပေါ်မှာပဲ ဆွေးနွေးပွဲ သဘောသဘာဝ အရ အလျော့အတင်းတွေ ရှိနိုင်ပါတယ်။ ဒီအပေါ်မှာ ကျမတို့ခေါင်းဆောင်တွေ၊ ဗဟိုကော်မတီတွေကလည်း ဆွေးနွေးနေကြ တာရှိပါတယ်။ ဘယ်လိုရှိနိုင်လာမလဲ၊ ဘာရလဒ်တွေထွက်လာနိုင်မလဲဆိုတာ ယတိပြတ်ပြောဖို့တော့ ခက်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့ ၊ သီပေါ၊ မိုင်လုံမြို့များနှင့် နောင်ချို မြို့နယ်ရှိ ကျေးရွာတချို့တို့ကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၂၇ ဦး သေဆုံးခဲ့သည် ဟု TNLA က ထုတ်ပြန်ထားသည်။
လက်ရှိဩဂုတ်လတွင် စစ်တပ်ဘက်မှ လေကြောင်းဖြင့် ပိုဖိအားပေးတိုက်ခိုက်လာသလို မိုးကုတ်မြို့သည် ပစ်မှတ်ထား တိုက်ခိုက်ခံရဆုံးဖြစ်သည်ဟု လွေးယေဦးက ပြောသည်။
ဩဂုတ်လ ၁၇၊ ၁၈ ရက်များတွင် မိုးကုတ်မြို့ကို နှစ်ရက်ဆက်ဗုံးကြဲခဲ့သလို ယခုလအတွင်း မိုးကုတ်မြို့ ဗုံးကြဲခံရမှုကြောင့် အရပ်သားပြည်သူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလနောက်ဆုံးအပတ်တွေ့ဆုံမှုတွင် စစ်တက်ဘက်မှ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များ ပြန်ပေးရန်တောင်းဆိုခဲ့သောကြောင့် ဆွေးနွေးမှုမအောင်မြင်ခဲ့သလို TNLA ကမူ စစ်ကော်မရှင်၏ ထိုးစစ်များရပ်ရေးနှင့် ဗုံးကြဲတိုက်ခိုက်မှုများ မပြုလုပ်ရန်၊ တရုတ်နယ်စပ်ဂိတ်များ အပါအဝင် ဒေသခံပြည်သူများ လွတ်လပ်စွာ ကူးသန်းသွားလာ ရောင်းဝယ်ခွင့်ရှိရန် အဓိကတောင်းဆိုခဲ့ကြောင်း သိရသည်။
စစ်တပ်နှင့် TNLA တို့ ထပ်မံတွေ့ဆုံရမည့်အချိန်တွင် စစ်ကော်မရှင်ဘက်မှ နောင်ချိုမြို့ကို ပြန်သိမ်းထားနိုင်ပြီဖြစ်သလို မန္တလေးတိုင်းထဲရှိ ဆုံးရှုံးနေရာတချို့အား ပြန်လည်ထိန်းချုပ်ထားနိုင်သည့်အပြင် မိုးကုတ်မြို့ကိုလည်း အပြင်းအထန် ဗုံးကြဲ ဖိအားပေးနေသောကြောင့် စစ်တပ်တောင်းဆိုမှုများသည် ယခင်ထက် လျော့ကျသွားနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူများက ပြောသည်။
စစ်တပ်ပြန်တောင်းသည့် မြို့များထဲမှ တမြို့ဖြစ်လည်း၊ လေကြောင်းဖြင့် အပြင်းထန်ဆုံး ဖိအားပေးနေသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်ဘက်မှ ပြန်ရသွားပါက တော်လှန်ရေးအင်အားစုများအတွက် ဆုံးရှုံးမှုကြီးမားမည်ဟု လွေးယေဦးက ဆိုသည်။
၎င်းက “စစ်ကောင်စီဘက်က ပြန်ရမယ်ဆိုရင် သူ့ရဲ့ဘတ်ဂျက်၊ အသုံးစရိတ်တွေအတွက် အထောက်အပံ့ ဖြစ်စေတယ်။ တော်လှန်ရေးဘက်ကဆို ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပေါ်စေနိုင်တယ်။ မိုးကုတ်က စစ်ကောင်စီအတွက်မှမဟုတ် တော်လှန် ရေးတပ်တွေအတွက်လည်း စီးပွားရေးအချက်အချာဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတို့၊ မန္တလေးတို့ သွားမယ် ဆိုရင် မိုးကုတ်ကနေသွားနိုင်တယ်။ တကယ်လို့ မိုးကုတ်ပါသွားရင် ပူးပေါင်းတပ်တွေရဲ့သွားလာရေး၊ လုံခြုံရေးကအစ အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်လာစေနိုင်ပါတယ်” ဟု ပြောသည်။
ကမ္ဘာ့အဖိုးတန် ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ကို တော်လှန်ရေးအင်အားစုများက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအစောပိုင်း ကာလ၌ သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီး လက်ရှိ တနှစ်ကျော်ကြာလာချိန်တွင် နောင်ချိုအား ပြန်သိမ်းပိုက်ထားသည့် စစ်တပ် အနေဖြင့် TNLA ထိန်းချုပ်မြို့များအနက် မိုးကုတ်မြို့ကို ပိုမိုပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် အသည်အသန် ပြန်လိုချင် နေသည်ကို ပြသနေကြောင်း CDM အရာရှိများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
You may also like these stories:
TNLA သိမ်းထားသည့် မိုးကုတ်နှင့် ကျန်မြို့များ ပြန်ရရေး ဗုံးကြဲဖိအားပေး
မိုးကုတ်-နောင်ချိုလမ်းပိုင်း စစ်တပ် ထိုးစစ်ဆင်
TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)














