ပလောင် (တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ထံမှ ပတ္တမြားမြေ မိုးကုတ်မြို့ ပြန်ရရေး လေကြောင်းသာမက မြေပြင်ထိုးစစ်ပါ လုပ်ဆောင်နေရာ မိုးကုတ်- နောင်ချိုလမ်း၌ တိုက်ပွဲများ ပြင်းထန်နေသည်။
ဇူလိုင်လလယ်က နောင်ချိုကို ပြန်သိမ်းနိုင်ခဲ့သော စစ်တပ်သည် လကုန်ပိုင်း၌ မိုးကုတ်- နောင်ချိုလမ်းပေါ်ရှိ အဓိက နေရာတချို့ကို ထိန်းချုပ်ပြီးနောက် ယခု အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တဦးက “နောင်ချို-မိုးကုတ်လမ်း အုမ္မတီးလမ်းခွဲကနေ စထိုးတာ။ အခုက ဟိုခိုအနီး လွယ်ငင်းတို့၊ နားနွဲ့တို့ရောက်ပြီ” ဟု ပြောသည်။
စစ်တပ်ဘက်မှ မြေပြင်အင်အားအပြင် လက်နက်ကြီး၊ ဒရုန်းပစ်ကူတို့ အဆမတန်သုံး၍ တိုက်ခိုက်နေပြီး TNLA ပူးပေါင်း တပ်များကလည်း အပြင်းအထန်ခုခံနေကြောင်း ပူးပေါင်းတပ်နှင့်နီးစပ်သည့် ဒေသခံတချို့က ဆိုသည်။
လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် နားနွဲ့၊ နားမွန်း၊ လွယ်ငင်း ကျေးရွာများသည် ရဲဘက်စခန်းရှိသည့် ဟိုခိုကျေးရွာနှင့် ၃ မိုင်ခန့်ဝေးပြီး စစ်ကြောင်းများ မရောက်သေးသော်လည်း လက်နက်ကြီးကျရောက်မှုကြောင့် ဟိုခိုဒေသခံထောင်ချီ ရှောင်နေကြရသည်ဟု သိရသည်။
အဆိုပါစစ်ကြောင်းသည် နောင်ချို့ထိုးစစ်အတွင်းက ပြင်ဦးလွင်မှ နောင်ချို- မိုးကုတ်လမ်း အတိုင်းတက်လာသည့် တပ်များ ဖြစ်ပြီး နောင်ချိုရပြီးနောက် မိုးကုတ်ဘက် ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းနှင့် အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တပ်များ ဝင်နေခြင်းဟု CDM အရာရှိများက ပြောသည်။
CDM ဗိုလ်ကြီးဇင်ယော်က “တပ်မ တမလုံးဆိုတော့ အုမ္မသီးဘက်ကနေတက်တုန်းက ခန့်မှန်းအင်အား ၁,၀၀၀ လောက် လျာထားထားခဲ့တာ။ အခုနောင်ချိုဘက်ကို မတက်ဘဲနဲ့ မိုးကုတ်ဘက်ကို တက်သွားတဲ့ အနေအထားတွေ့ရတယ်။ ဟိုခိုက မိုးကုတ်- အုမ္မသီး၊ အုမ္မခါး၊ ပြင်ဦးလွင်လမ်းပိုင်းမှာ အရေးပါတဲ့နေရာ။ ဟိုခိုကနေဆက်သွားလိုက်ရင် ဒိုးပင်ရှိတယ်၊ အဲဒီ ကနေတဆင့် ရတနာသိင်္ဂမိုင်းရှိတယ်။ ပြီးရင် မိုးကုတ်ကိုတက်ရမယ့် တောင်တက်လမ်းရောက်ပြီ။ ဟိုခို၊ ဒိုးပင်၊ ရတနာ သိင်္ဂမိုင်းလောက်ထိတော့ စစ်ကောင်စီက ခဲခဲယဉ်းယဉ်းမကြိုးစားရဘဲနဲ့ တက်သွားနိုင်တယ်” ဟု ပြောသည်။
သို့သော်လည်း ရတနာသိင်္ဂမိုင်းမှ မိုးကုတ်တက်လမ်းဘက်တွင် မိုးကုတ်မြို့ထိ မိုင် ၄၀ ခန့် ကျန်ရှိသေးသလို လမ်း တလျောက် TNLA နှင့် ပူးပေါင်းတပ်များက အဆင့်အဆင့် ပိတ်ဆို့ထားသောကြောင့် ခက်ခက်ခဲခဲ နယ်မြေရှင်းလင်းနိုင်ရ ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ စစ်တပ်၏ မိုးကုတ်သို့ ထိုးစစ်ဆင်လှုပ်ရှားနေသည့် အခြေအနေသည် ဟိုခို၊ ဒိုးပင်မှ တထောက်နားအင်အားစုပြီး သပိတ်ကျင်းဘက်မှလည်း စစ်ကြောင်းတကြောင်းဖြင့် မိုးကုတ်ကိုထိုးနိုင်ရန် ပြင်နေကြောင်း CDM အရာရှိများက ပြောသည်။
နောင်ချိုကျပြီးနောက် စစ်တပ်ထိုးစစ်များကို မဟာမိတ်တပ်များနှင့်ပူးပေါင်း၍ ခုခံနေသဖြင့် တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေကြောင်း၊ မိုးကုတ်နှင့် ကျန်ထိန်းထားသည့် မြို့များကို ဗုံးကြဲမှုများကြားမှ အုပ်ချုပ်ရေးလည်ပတ်မှု အပြည့်အဝ ဆောင်ရွက်နေကြောင်း၊ တဖက်တွင် တရုတ်ဖိအားကြောင့် ယခုလအတွင်း စစ်တပ်ကိုယ်စားလှယ်များနှင့် ဆွေးနွေရန်ရှိရာ ထိုးစစ်နှင့် လေကြောင်းမတိုက်ခိုက်ဖို့၊ အရပ်သားများကို ကာကွယ်ပေးဖို့၊ ကူးသန်းသွားလာခွင့်ပေးဖို့ စသည်တို့ တောင်း ဆိုမည်ဖြစ်ကြောင်း၊ စစ်တပ်က ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များကို လက်လွှတ်ဖို့ ဆက်တောင်းဆိုလာလျှင် ဆွေးနွေးပွဲအဖြေမထွက်နိုင်ကြောင်းTNLA ပြောခွင့်ရ လွေးယေဦးက ဩဂုတ် ၅ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။
နောင်ချိုကို သိမ်းပိုက်ပြီးနောက် စစ်တပ်က သပိတ်ကျင်းမြို့ နှင့် နောင်ချို-မိုးကုတ်လမ်းပိုင်းမှ အချက်အချာကျသည့် သုံးဆယ်ရွာတို့ကို ဇူလိုင်တတိယပတ်နှင့် နောက်ဆုံးပတ်အတွင်းတို့၌ ထပ်မံထိန်းချုပ်နိုင်ခဲ့သလို မိုးကုတ်မြို့ကိုလည်း လေကြောင်းတိုက်ခိုက်မှု အပါအဝင် မြေပြင်စစ်ကြောင်းတို့ဖြင့်ပါ ဖိအားပေးထိုးစစ်ဆင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ကမာ္ဘကျော်ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့ကို TNLA၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် တော်လှန်ရေးပူးပေါင်းတပ်များ က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ဇူလိုင် ၂၄ ရက်၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ စစ်တပ်က မိုးကုတ်နှင့် လမ်း ကြောင်းဆက်စပ်နေသည့် လမ်းပိုင်းတချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်သော်လည်း မိုးကုတ်မြို့ထိ မြေပြင်ထိုးစစ်ရောက်နိုင် ရန် လချီကြာဦးမည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
မိုးကုတ်မြို့သို့ မိုးကုတ်-ကျောက်မဲလမ်း၊ မိုးကုတ်-မိုးမိတ်လမ်း၊ မိုးကုတ်-စဉ့်ကူးလမ်း၊ မိုးကုတ်-သပိတ်ကျင်းကားလမ်း၊ ပြင်ဦးလွင်-အုမ္မတီး-အုမ္မခါး-မိုင်လုံလမ်း၊ တကောင်း-တွင်းငယ်-မိုးမိတ်လမ်းတို့မှ သွားရောက်နိုင်ပြီး လက်ရှိ စစ်တပ် ထိုးစစ်ဆင်ရန် ကြိုးစားနေသော နောင်ချိုလမ်းကြောင်းသည် မိုးကုတ်မြို့နှင့် မိုင် ၅၀ ကျော်အကွာတွင်သာရှိကြောင်း ဒေသခံများက ဆိုသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်း၌ TNLA နှင့် စစ်တပ်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စစ်တပ်ဘက်က ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် စသည့်မြို့များ ပြန်ပေးရန်တောင်းဆိုခဲ့သောကြောင့် ဆွေးနွေးမှုပျက်ပြားခဲ့သော်လည်း လက်ရှိကြားကာလ၌ စစ်တပ်က နောင်ချို ၊ သပိတ်ကျင်းမြို့များ နှင့် နောင်ချို-မိုးကုတ်လမ်းပိုင်းက အချက်အချာကျနေရာတချို့တို့ကို ပြန်ထိန်းချုပ်နိုင်သောကြောင့် ဩဂုတ်လတွင်းထပ်မံပြုလုပ်မည့် ဆွေးနွေးမှုက စစ်တပ်ဘက်မှ အထက်စီးမှ ပိုမိုတောင်းဆိုမှုများရှိလာနိုင်ကြောင်သုံးသပ်ပြောဆိုနေကြသည် ။
You may also like these stories:
TNLA သိမ်းထားသည့် မိုးကုတ်နှင့် ကျန်မြို့များ ပြန်ရရေး ဗုံးကြဲဖိအားပေး
တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော
မိုးကုတ်နဲ့ မြို့တချို့ပြန်ရဖို့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲဖိအားပေးနေ (ရုပ်/သံ)














