ထိုင်းနိုင်ငံ တဝန်းရှိ ဈေးဝယ် စင်တာကြီးတွေမှာ မျက်လုံး စကန်ဖတ်ခြင်း လုပ်ငန်းများကို စောင့်ကြည့်ဖို့ ပြည်နယ် အုပ်ချုပ်ရေး ဌာနတွေက သက်ဆိုင်ရာ တာဝန်ရှိသူများကို သတိပေးချက်တွေ ထုတ်ပြန်ပါတယ်။
Orb လို့ ခေါ်တဲ့ မျက်လုံး စကန်ဖတ်ခြင်း နည်းကို အသုံးပြုပြီး လူတဦးချင်းရဲ့ ဇီဝ ဆိုင်ရာ အချက်အလက်များ ကောက်ယူနေခြင်း ဖြစ်ကြောင်း သိရပါတယ်။
ထိုင်း အစိုးရ ပြည်နယ် အုပ်ချုပ်ရေး ဌာနဟာ အဲဒီ ဇီဝဆိုင်ရာ အချက်အလက် ကောက်ခံမှုမှာ ဘယ်လို နိုင်ငံပိုင် အေဂျင်စီ၊ မှတ်ပုံတင် အဖွဲ့အစည်းများမှ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း၊ ဒီလို ကောက်ယူခြင်းက တဆင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများကို “The Police Cyber Crime Investigation Bureau (CCIB)” ဆိုင်ဘာ မှုခင်း စုံစမ်း ထောက်လှမ်းရေး ရဲတပ်ဖွဲ့က လက်ရှိမှာ စုံစမ်း စစ်ဆေးနေကြောင်း၊ အဲဒီ အချက်အလက် ကောက်ယူမှုမှာ ဒေသခံ ပြည်သူများ ပါဝင်ခြင်း မပြုဖို့ အတွက် နှိုးဆော် သတိပေးဖို့ ကျေးရွာ ခေါင်းဆောင်များ၊ ဒေသခံ အုပ်ချုပ်သူများကို ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။
တကယ်လို့ တစုံတရာ လိမ်လည်မှုများ တွေ့ရှိပါက ပြည်နယ်/ခရိုင်ရုံးများ ဒါမှမဟုတ် Hotline နံပတ် 1567 ကို ဆက်သွယ် တိုင်ကြားနိုင်တယ် လို့လည်း ဆိုပါတယ်။
ဇီဝဆိုင်ရာ အချက်အလက်များ အထူးသဖြင့် မျက်လုံး စကန်ဖတ်ခြင်း ဆိုတာ လူတယောက်ရဲ့ အရေးအပါဆုံး ဖြစ်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တခုပင် ဖြစ်ပါတယ်။
လျှို့ဝှက်နံပါတ်များ (Passwords) နဲ့ မတူတဲ့ အချက်မှာ ဒီလို မျက်လုံးစကန်ဖတ်ခြင်း အပါအဝင် ဇီဝဆိုင်ရာ အချက် အလက် ကောက်ယူမှုများဟာ လူတယောက်ချင်းစီရဲ့ ကွဲပြားခြားနားတဲ့ ဝိသေသ လက္ခဏာများ ဖြစ်တဲ့ လက်ဗွေ၊ မျက်နှာ၊ အသံ၊ မျက်လုံး၊ DNA စတာတွေကို အသုံးပြုကာ ကောက်ယူခြင်း ဖြစ်လို့ Password များ အလွယ်တကူ ပြောင်းလို မပြောင်းလဲနိုင်တဲ့ အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက် ခိုးယူခံရနိုင်ချေ များကြောင်း သိရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ Orb မျက်လုံး စကန်ဖတ်ခြင်းလို ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူမှုများမှာ ပါဝင်ကာ မိမိရဲ့ ဇီဝ အချက်အလက်များ ပေးအပ်ခြင်းဟာ အန္တရာယ် ရှိစေနိုင်တယ်လို့ ဆိုပါတယ်။
တကယ်လို့ အချက်အလက် ပေါက်ကြားမှုကြောင့် ဟက်ကာများ (Hacker) လက်ထဲ အဲဒီ ဇီဝအချက်အလက်များ ရောက်ရှိသွားပါက ငွေကြေး စီးဆင်းမှုများ၊ ဆိုင်ဘာ ရာဇဝတ်မှုများ နဲ့ AI နည်းပညာ အသုံးပြုကာ ရုပ်ပုံ၊ ဗီဒီယို၊ အသံဖိုင် အတုများ ပြုလုပ်ခြင်း စတာတွေကို မိမိအယောင်ဆောင်ကာ ကျူးလွန်နိုင်ကြောင်းလည်း သိရပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံများစွာမှာ အဲဒီလို မျက်လုံး စကန်ဖတ်ကာ အချက်အလက် ကောက်ယူခြင်းကို ကိုယ်ရေး ကိုယ်တာ အချက် အလက် အလွဲသုံးစား ပြုမှုများ မဖြစ်စေဖို့ အတွက် တားမြစ်ထားပါတယ်။
ဒီလို ဆုကြေး အနည်းငယ်မျှ နဲ့ မိမိတို့ ရဲ့ ဇီဝဆိုင်ရာ အချက်အလက်များကို အလဲအလှယ် လုပ်ခြင်းဟာ အနာဂတ်မှာ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်လို့ သတိထားဖို့ လိုအပ်ကြောင်း ထိုင်းအစိုးရက ပြည်သူများကို သတိပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအနှံ့ရှိ ဈေးဝယ် စင်တာများမှာ လူမျက်လုံးများကို စကန်ဖတ်တဲ့ စက်ပစ္စည်း တခုဖြစ်တဲ့ Orb ကို တွေ့ရှိရပြီး အဲဒီ စက်မှာ မျက်လုံးများကို စကန် လာဖတ်တဲ့ လူတွေဟာ စကန်ဖတ်ပြီးနောက် ၂၄ နာရီအတွင်း တဦးကို ဘတ် ၁၀၀၀ တန်ကြေး ရှိတဲ့ Worldcoin Cryptocurrency ကို ဆုကြေးအဖြစ် ပြန်လည် ရရှိတယ်လို့ သိရပါတယ်။

နောက်ထပ် စကန်ဖတ်မယ့်သူ တဦးကို ထပ်ခေါ်လာနိုင်ပါက ခေါ်လာသူဟာ Worldcoin Cryptocurrency ဘတ် ၅၀၀ ဖိုး ပြန်လည် ရရှိတယ်လို့ ဆိုပါတယ်။
မျက်လုံးစကန် လာဖတ်သူ တဦးဟာ နောက်ထပ်လူ ၁၀ ယောက်အထိ ထပ်ညွှန်း ပေးနိုင်ကြောင်း သိရပါတယ်။
Orb မျက်လုံး စကန်ဖတ်တဲ့ စက်ပစ္စည်းကို “Tools For Humanity” လို့ ခေါ်တဲ့ နည်းပညာ ကုမ္ပဏီတခုက စတင် တီထွင်ခဲ့ပြီး အဲဒီ ကုမ္ပဏီကို ChatGPT OpenAI ကုမ္ပဏီ အမှုဆောင်အရာရှိ တဦးဖြစ်တဲ့ Sam Altman က ပူးတွဲ တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။
AI နည်းပညာ ခေတ်မှာ မိမိဟာ အွန်လိုင်းပေါ်ရှိ လူသား အစစ် ဖြစ်ကြောင်း သက်သေ ပြနိုင်ဖို့ အတွက် World ID စနစ်မှာ မျက်လုံး စကန်ဖတ်တဲ့ စက်ကို အသုံးပြုကာ စာရင်း သွင်းနိုင်တယ် လို့လည်း ဆိုပါတယ်။
လူတစ်ဦးဟာ စက်မှာ မျက်လုံး စကန်ဖတ်ပြီးပါက Worldcoin cryptocurrency ကို ဆုကြေးအဖြစ် ပြန်ရရှိတဲ့ အပြင် သူ့ရဲ့ ဇီဝ အချက်အလက်ဟာ World ID တခု ဖြစ်သွားပြီး ဒစ်ဂျစ်တယ် ငွေကြေးစနစ်များ၊ အွန်လိုင်း ပလက်ဖောင်းများကို အဲဒီ World ID အသုံးပြုကာ စီမံခန့်ခွဲနိုင်ပြီး သူ့ရဲ့ အွန်လိုင်းအိုင်ဒီ (အွန်လိုင်းပေါ်ရှိ ကိုယ်ရေး အချက်အလက်) အဖြစ် သက်သေ ပြနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
“Tools For Humanity Thailand” ကုမ္ပဏီဟာ လူသားအစစ် ဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ ဝန်ဆောင်မှုများကို Orb မျက်စိ စကန်ဖတ်စက် အသုံးပြုကာ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီ အပါအဝင် ပြည်တွင်း မိတ်ဖက် အဖွဲ့ ၁၁ ဖွဲ့နဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“Tools For Humanity” ကုမ္ပဏီရဲ့ ထိုင်းနိုင်ငံ ကိုယ်စားပြု မန်နေဂျာ တဦးဖြစ်တဲ့ Pakapol Thangtongchin က Orb စက်ဟာ ထိုင်းနိုင်ငံတွင်းကို အခုနှစ် မတ်လကုန်မှာ စတင် ဝင်ရောက်လာခဲ့တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ အလယ်လောက်မျာတော့ တည်နေရာ ၅၈ နေရာရှိ လူဦးရေ စုစုပေါင်း ၁ သိန်းကျော် တို့ရဲ့ မျက်လုံးများကို စကန် ဖတ်ယူခဲ့ကြောင်း သိရပါတယ်။
“Tools For Humanity” ကုမ္ပဏီကတော့ မျက်လုံး စကန်ဖတ်ပြီး အချက်အလက် ကောက်ယူတဲ့ လုပ်ငန်းစဉ်ဟာ ထိုင်းနိုင်ငံ ဥပဒေ တခုဖြစ်တဲ့ “Personal Data Protection Act (PDPA)” ကိုယ်ရေး ကိုယ်တာ အချက်အလက် ကာကွယ်ရေး ဥပဒေကို မချိုးဖောက်ကြောင်း၊ ပြည်သူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မချိုးဖောက်ဘဲ သူတို့ရဲ့ အွန်လိုင်း တည်ရှိမှုကို ဖော်ထုတ်ဖို့ အတွက်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လုံခြုံမှုရှိကြောင်း ပြောကြားပါတယ်။
Ref : Bangkok Post














