အိန္ဒိယနိုင်ငံရဲ့ ဆိုရှယ်မီဒီယာ ဖော်ပြချက်တွေကို ဖြုတ်ပယ်တဲ့ ဆင်ဆာ ယန္တရား ဖျက်သိမ်းရေး X ရဲ့ တောင်းဆိုမှုကို အကြောင်းရင်း ခိုင်လုံမှု မရှိဟု ဆိုကာ အိန္ဒိယ တရားရုံးတခုက ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမိန့်ချခဲ့တာ ဖြစ်ပြီး X (Twitter အမည်ပြောင်း) အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ လိုအပ်ပြီး နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာရမယ် လို့လည်း တရားရုံးက ဆိုပါတယ်။
\X ရဲ့ ပိုင်ရှင်ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို အကြွင်းမဲ့ ထောက်ခံသူလို့ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ် ဟာ ဆင်ဆာ ယန္တရား ဖယ်ရှားရေး နဲ့ စည်းမျဉ်း လိုက်နာမှု ကိစ္စတွေကြောင့် နိုင်ငံ တော်တော် များများရဲ့ တာဝန်ရှိသူတွေနဲ့ ပွတ်တိုက်မှုတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံ အိန္ဒိယနဲ့ အမှုမှာတော့ နိုင်ငံရဲ့ တင်းကျပ်တဲ့ အင်တာနက် စည်းမျဉ်းတွေရဲ့ အခြေခံ အုတ်မြစ် တခုလုံးကို ဦးတည်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ ဦးဆောင်တဲ့ အိန္ဒိယ အစိုးရအဖွဲ့ဟာ အစိုးရ ဝက်ဘ်ဆိုက် မှတဆင့် နည်းပညာ ကုမ္ပဏီတွေထံ တိုက်ရိုက် ပေးပို့ခြင်း နဲ့ ဖြုတ်ချခွင့် အမိန့်တွေ တောင်းဆိုခြင်း တို့ကို တာဝန်ရှိသူတွေအား လုပ်ကိုင်ခွင့်ပေးပြီး အင်တာနက်ကို ထိန်းသိမ်းဖို့ ကြိုစားမှုတွေကို ၂၀၂၃ ကစပြီး အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး X ကတော့ အခြေခံဥပဒေနဲ့ မညီဘဲ ဆင်ဆာ ဖြတ်တောက်မှု ပုံစံပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ နိုင်ငံရဲ့ တရားဥပဒေ ဘောင်အတွင်းမှာ လည်ပတ် လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ ပလတ်ဖောင်းတိုင်း အနေနဲ့ လွတ်လပ်မှုဟာ တာဝန်ယူမှုနဲ့ ယှဉ်တွဲနေတယ် ဆိုတာကို လက်ခံရမယ်” လို့ တရားသူကြီး M Nagaprasanna က X ရဲ့ အမှုကို ပယ်ချစဉ်မှာ ပြောကြားပါတယ်။
အိန္ဒိယမှာ ရှိတဲ့ X ရဲ့ ကိုယ်စားလှယ်ကတော့ အမိန့်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်သွားပါတယ်။
နှစ်ဖက် ရှေ့နေတွေကြား လပေါင်းများစွာ တရားဥပဒေ ဆိုင်ရာ ဆွေးနွေး ငြင်းခုန်မှုတွေ အပြီး Karnataka ပြည်နယ် တောင်ပိုင်း အထက် တရားရုံးက အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ငြင်းခုန်မှုတွေထဲမှာ အစိုးရ ဝန်ထမ်း အားလုံးနီးပါးကို ဆိုရှယ်မီဒီယာ ဖော်ပြချက်တွေ ဖြုတ်ချနိုင်ဖို့ အမိန့်တွေ ထုတ်ခွင့် ပေးထားတယ် ဆိုတဲ့ X ဘက်က မှတ်ချက်လည်း ပါဝင်ခဲ့ပါတယ်။
မိုဒီ အစိုးရကတော့ စနစ်သစ်ဟာ ဥပဒေမဲ့ အကြောင်းအရာတွေ များပြားလာမှုကို ဖြေရှင်းပေးပြီး အွန်လိုင်း ကဏ္ဍမှာ တာဝန်ယူမှုကို ခိုင်မာစေခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
Meta နဲ့ Google အပါအဝင် နည်းပညာ ကုမ္ပဏီ များစွာကိုလည်း သူတို့ရဲ့ လုပ်ဆောင်ချက်ကို လက်ခံ ထောက်ပံ့ပေးဖို့ အစိုးရက ပြောဆိုခဲ့ကြောင်း သိရပါတယ်။
X ပေါ်က သတင်းမှားတွေဟာ တရားဥပဒေ စိုးမိုးမှု ထိခိုက်စေတဲ့ ကိစ္စတွေကို ပြန့်ပွားစေနေပြီး ဟန်ချက်ညီတဲ့ လူမှု ဆက်ဆံရေးကို ခြိမ်းခြောက်နေတဲ့ အမုန်းတရားနဲ့ ခွဲခြားမှုတွေ အတွက် ဖြန့်ဝေရေး နေရာတခု ဖြစ်နေတယ် လို့လည်း အစိုးရဘက်က ပြောဆိုပါတယ်။
X အနေနဲ့ တရားရုံးရဲ့ အမိန့်ကို အိန္ဒိယ ဗဟို တရားရုံးချုပ် အပါအဝင် နောက်ထပ် တရားရုံး တခုခုမှာ အယူခံဝင်သွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။
Ref : Reuters














