ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တနှစ်ကြာသိမ်းပိုက်ထိန်းချုပ်ခဲ့သည့် သီပေါမြို့ရှိ တပ်များ ဆုတ်ခွာလိုက်ပြီး မြို့အပြင်ဘက် တပ်ရင်းနေရာများအနီးတွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း TNLA ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက ဧရာဝတီသို့ပြောသည်။
၎င်းက “ လောလောဆယ်ကတော့ မြို့တွင်းမှာတော့ စစ်ကောင်စီက ဝင်ရောက်နိုင်တဲ့အခြေအနေဖြစ်တယ်၊ ကျမတို့ ကတော့ မြို့ပြင်ဘက် မှာ တပ်ဆုတ်နေတဲ့အခြေအနေဖြစ်ပါတယ်၊ မြို့ပြင်ဘက်မှာ ခမရ ၅၀၃ နဲ့ ၅၀၄ ဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်” ဟုပြောသည်။
သီပေါမြို့ပေါ်သို့ ယမန်နေ့ညနေပိုင်းကတည်းက ဝင်ရောက်ရှင်းလင်းတိုက်ခိုက်နေကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသလို စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း စစ်တပ်စစ်ကြောင်းများ သီပေါမြို့အတွင်းသို့ ဝင်ရောက်လာသည့် ဓာတ်ပုံများဆက်တိုက်ဖော်ပြနေပြီး မြို့အားပြန်လည်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပြောထားသည်။
TNLA ပူးပေါင်းတပ်ဖွဲ့မှ မြို့ပေါ်ရှိ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟို တယ် အပါအဝင် ဌာနဆိုင်ရာရုံးအချို့ကို မီးရှို့ထွက်ပြေးသွားသည့်အတွက် စစ်တပ်က မြို့တွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့သည်ဟုလည်း ဖော်ပြထားသည်။
သီပေါမြို့အား TNLA က ယမန်နှစ် အောက်တိုဘာ ၁၂ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအား စစ်တပ် အုပ်ချုပ်မှုအောက်မှလွတ်မြောက်စေချင်သော်လည်း အခက်အခဲနှင့်စိန်ခေါ်မှုများကြောင့် လတ်တလော ဆုတ်ခွာနေရသည့် အခြေအနေဖြစ်သည့်အတွက် လူထုအနေဖြင့် လုံခြုံရေးအထူးဂရုစိုက်ကြရန် လွေးယေဦးက ပြောသည်။
၎င်းက “လူထုအနေနဲ့ လုံခြုံရေးဂရုစိုက်ဖို့လိုတယ်၊ စစ်ကောင်စီကဝင်လာပြီဆိုတော့ စစ်ဆေးမေးမြန်းတာမျိုး၊ အတင်း အဓမ္မစုဆောင်းတာမျိုး ရှိနိုင်ပါတယ်၊ လူထုတွေအတွက်ကတော့ တတ်နိုင်သလောက်တော့ အထူးဂရုစိုက်ဖို့လိုတယ်၊ စစ်ကောင်စီထိန်းချုပ်မှုအောက်က ကင်းလွတ်စေချင်တယ်၊ တဖက်မှာလည်း ကျမတို့ဘက်မှာ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ ရှိနေပါတယ်” ဟု ပြောသည်။

တရုတ်အစိုးရကြားဝင်ဖိအားပေးမှုကြောင့် TNLA နှင့်စစ်တပ်ကြား တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးမှု များရှိနေသည့်ကြားမှ ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားသည့် မြို့များအား ပြန်လည်ထိုးစစ်ဆင်ကာ နောင်ချိုမြို့နှင့် ကျောက်မဲမြို့တို့ပြီးနောက် သီပေါမြို့အား ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအောက်တိုဘာလအတွင်း TNLA နှင့် စစ်တပ်ကြား တရုတ်နိုင်ငံတွင် ထပ်မံတွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း တွေ့ဆုံမည့်နေ့ရက်အပါအဝင် မည်သည့်အကြောင်းအရာမှ ကြိုတင်မပြောနိုင်သေးကြောင်းလည်း TNLA ဘက်က ပြောသည်။
တရုတ်ဖိအားပေးမှုကြောင့် ရှမ်းမြောက်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေးရပ်ဆိုင်းသွားသည့်အခြေအနေတွင် နောင်ချိုမြို့နယ်၊ တောင်းခမ်း ဒေသမှစ၍ တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်တပ်က ယခုနှစ် ဇူလိုင် ၁၆ ရက်နေ့တွင် နောင်ချိုမြို့နယ်အား သိမ်းပိုက်ပြီးနောက် ကျောက်မဲမြို့ကိုလည်း အောက်တိုဘာ ၁ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
သီပေါမြို့မှ TNLA တပ်များဆုတ်ခွာပြီးနောက် မြို့အားထိန်းချုပ်နိုင်ခဲ့သည့်စစ်တပ်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြု လုပ်လာနိုင်ခြင်းရှိမရှိမှာ စောင့်ကြည့်ရမည့်အခြေအနေဖြစ်ကြောင်း TNLA ဘက်ကပြောထားသည်။

လက်ရှိတွင် စစ်တပ်အနေဖြင့် သီပေါမြို့အား ထိုးစစ်ဆင်နေသည့်တပြိုင်နက် TNLA ထိန်းချုပ်ရာ မိုးကုတ်မြို့ဘက်သို့လည်း စစ်ကြောင်းထိုးတိုက်ခိုက်မှုများရှိနေသည့်အပြင် မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့တို့အား နေ့စဉ်နီးပါး လေကြောင်းက ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ယနေ့မနက် ၈ နာရီခန့်ကလည်း TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာနှင့် နမ္မတူမြို့ အ.ထ.က(၁) ကျောင်းအနီးသို့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား ၂ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့ပြီး အိမ်နှင့် စာသင်ကျောင်းဆောင် များ ပျက်စီးခဲ့ရကြောင်း လွေးယေဦးကပြောသည်။
စစ်တပ်အနေဖြင့် TNLA ထိန်းချုပ်ရာမြို့ရွာများပေါ်သို့အောက်တိုဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ် ၇ ဦး၊ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့ရပြီး ကလေးငယ် ၁၁ ဦးအပါအဝင် ၃၆ ဦးဒဏ်ရာရကာ နေအိမ် ၁၀၈ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်နှင့် အဆောက်အဦးများပျက်စီးခဲ့ ရကြောင်း TNLA က ယနေ့ထုတ်ပြန်ထားသည်။
You may also like these stories:
သီပေါ ခမရ- ၅၀၃၊ ၅၀၄ တပ်ရင်းများ TNLA သိမ်းပိုက်
တိုက်ပွဲကြား သမိုင်းဝင်အမွေအနှစ်တို့ ထပ်မံပျက်စီးမည်ကို ရှမ်းမြောက်လူထုစိုးရိမ်
ကျောက်မဲနှင့် သီပေါကြား စစ်တပ်နယ်မြေရှင်းလင်းရေး ဆက်လုပ်နေ
ဂုတ်ထိပ်တံတား၊ စစ်တပ်ဝါဒဖြန့်ချိရေးနှင့် အာဏာရှင်အလိုကျများ














