ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံ၌ အထောက်အထားမရှိသူများကို ပြုလုပ်ပေးမည့် ပန်းရောင်ကတ် (ဘတ်) လုပ်ငန်းစဉ် ယာယီရပ်ဆိုင်းလိုက်ပြီးနောက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းနှင့် အထောက်အထားမဲ့နေထိုင်မှုများ ကြောင့် တပတ်ကျော်အတွင်း မြန်မာအလုပ်သမား ၅၀၀ ကျော် ဖမ်းဆီးခံရကြောင်း အလုပ်သမားအရေး ဆောင်ရွက် သူများနှင့် ထိုင်းသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
အောက်တိုဘာ ၁၅ ရက်မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ၄ နိုင်ငံ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများကို တရားဝင်အလုပ်လုပ်ခွင့် မှတ်ပုံတင် စတင်လျှောက်ထားခွင့်ပြုမည်ဟု ကြေညာထားရာမှ နယ်စပ် ဒေသ ထိရှလွယ်သည့်ပြဿနာများကြောင့် ယင်းအစီအစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြန်လည်ပြုလုပ်ပေးမည့်ရက်ကို ဖော်ပြထားခြင်းမရှိဘဲ ထပ်မံ အသိပေးမည်ဟု ဆိုထားသည်။
ထိုသို့ ယာယီရပ်ဆိုင်းလိုက်သည့် အောက်တိုဘာ ၁၆ ညနေမှစ၍ မဟာချိုင်နယ်မြေအတွင်းရှိ အလုပ်သမားတန်းလျား တခုတွင် ပန်းရောင်ကတ်ပြုလုပ်ရန်စောင့်နေသော မြန်မာလုပ်သား ၁၃၁ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးခဲ့သလို ထိုရက်မှာပင် မဲဆောက်မြို့အထွက် စစ်ဆေးရေးဂိတ်၌ အထောက်အထားမရှိသည့် မြန်မာလုပ်သား ၇ ဦးကို ဖမ်းဆီးခဲ့ ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကူညီရေးမဟာမိတ်အဖွဲ့ (MHAC) မှ ကိုရဲမင်း က ”ဒီအဖမ်းခံရတဲ့ ၁၃၁ ဦးက အစကတော့ ရဲစခန်း အချုပ်ထဲမှာပဲထားတယ်။ နောက်ရက်ကျတော့ တချို့တဝက်ကို ထိုင်းလဝက အချုပ်ထောင် ပို့လိုက်တယ်။ တချို့တဝက်ကျတော့ စမွတ်ဆာခွန်ခရိုင်က ထိုင်းလဝက တောမောင်းရုံးကို ပို့လိုက်တယ်။ သူတို့ကို မြန်မာပြည် ပြန်ပို့မှာဆိုတော့ အဲဒီလိုနေရာမှာ ထား ထားတာပေါ့။ အကုန်လုံးကတော့ တူတူပဲ မြန်မာပြည်ပို့မှာပေါ့။ နေရာတွေပဲ ခွဲထားတာ” ဟု ပြောသည်။
အောက်တိုဘာလ ၂၆ ရက်က မဲဆောက်မြို့နယ်၊ မယ်ရမတ် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ်အနီး ထိုင်းအာဏာပိုင် များကင်းလှည့်နေစဉ် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၂၁ ဦး စုစု ပေါင်း ၆၄ ဦး ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ ခေါ်ဆောင်လာသော ထိုင်းနိုင်ငံသား ၃ ဦး ကိုလည်း ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၂ ရက် ည ၁၁ နာရီအချိန်ကလည်း ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မယ်ရမတ် စစ်ဆေးရေးဂိတ်အနီး တောလမ်း များမှတဆင့်ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ သားများသည် ဘန်ကောက်တွင် အလုပ်လုပ်ရန် တဦးလျှင် ထိုင်းဘတ်ငွေ ၂၅၀၀၀ ဖြင့် ပွဲစားခပေး၍ ဝင်ရောက်လာ သူများဖြစ်ကြောင်း ဆိုထားသည်။
ထို့ပြင် ယနေ့တွင်လည်း မဲဆောက်မြို့နယ်၊ ဘန်ဝမ်တခယန်တိုက် ရွာတဝိုက်၌ လယ်ယာသုံးယာဉ်ဖြင့် လိုက်ပါလာ သော အထောက်အထားမရှိ မြန်မာနိုင်ငံသား ၆ ဦးနှင့် မြန်မာယာဉ်မောင်း ၁ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကန်ချနာဘူရီခရိုင်အတွင်း၌လည်း အောက်တိုဘာ ၂၁ ရက်ညနေပိုင်းက ကားတစီးအရှိန်လွန်ကာ ဓာတ်တိုင်ကို ဝင်တိုက် တိမ်းမှောက်ရာမှ ကားအတွင်း နယ်စပ်မှဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးကို တွေ့ရှိရ၍ ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ထို့ပြင် အောက်တိုဘာ ၁၇ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၄ ဦး ဖမ်းဆီးခံရသလို အောက်တိုဘာ ၁၈ ရက်ကလည်း မဲဆောက်မြို့နယ်အတွင်း နယ်စပ်ဖြတ် ကျော်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဌာနမှ ထုတ်ပြန်ထားသည်။
ထိုသို့ လူအစုလိုက်ဖမ်းဆီးခံရမှုများမှာ ထိုင်း- မြန်မာနယ်စပ် မတည်ငြိမ်၍ နယ်စပ်လုံခြုံရေး တိုးမြှင့်ထားခြင်းကြောင့် လည်းပါဝင်သလို၊ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု၊ စက်ရုံအလုပ်ရုံများ ပိတ်လိုက်ရခြင်းတို့ ဖြစ်ပေါ်နေချိန် ပန်းရောင်ကတ်အသစ် ထုတ်ပေးကာ ထိုင်းနိုင်ငံ၌ အလုပ် လုပ်ကိုင်နိုင်မည်ဟူသော ပွဲစားများ၏ မက်လုံးပေးမှုများ ကြောင့် ထိုင်းနိုင်ငံသို့ အများအပြား ဝင်ရောက်လာသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အလုပ် သမားအရေးဆောင်ရွက်သူများက ဆိုကြသည်။
မဟာချိုင်အခြေစိုက် အလုပ်သမားအရေး လုပ်ဆောင်ပေးနေသည့် Labor Rights Foundation (LRF) မှ စည်းရုံးရေး တာဝန်ခံ ကိုဇော်က “အခုကိစ္စတွေက အဆက်အသွယ် အချိတ်အဆက်တွေ မရှိတာလည်း ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့ ပွဲစားတွေရဲ့ လိမ်လည်လှည့်စားမှုကြောင့်လည်း ဖြစ်တယ်။ ဒီလို ရွှေ့ပြောင်းလုပ်သားတွေကို တစုတစည်းထဲ အဖမ်းခံရ တာဆိုတာ တခါမှမကြုံဖူးဘူး။ ပွဲစားတွေကပဲ သီးသန့်ခေါ်ပြီး လာစုထားတာ” ဟု ပြောသည်။
အောက်တိုဘာ ၁၉ ရက်ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်အတွင်း အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၂ ဦး ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။
အဆိုပါ အဖမ်းခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံဘက်သို့ နယ်စပ်မှဝင်ရောက်နိုင်ရန် ပို့ဆောင် ပေးသည့် ပွဲစားအား ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ ၂၅၀၀၀ အထိ ပေးရသလို တချို့ လုပ်သားများမှာ ပန်းရောင်ကတ် ပြုလုပ်ခအပါအဝင် မြန်မာငွေ ကျပ်သိန်း ၈၀ အထိ ပေးချေခဲ့ရကြောင်း သိရသည်။
ကိုဇော်က “လောလောဆယ်မှာ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တယ်ဆိုတော့ သတိထားဖို့ လိုတယ်။ မြန်မာပြည် သားအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ကြီးစားတာလျှော့ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ အလုပ်သမားတွေကို ပို့ဆောင်ပေးဖို့ အနူးအညွတ်ပြောချင်တယ်။ တောလမ်းကနေ တက်လာတယ်။ မြန်မာပြည်မှာကတည်းက ပိုက်ဆံပေး ထားပြီးပြီဆိုတော့ တောထဲမှာ ပစ်ထားလိုက်တဲ့အခါမှာ ဟိုမရောက်ဒီမရောက်နဲ့ ပွဲစားတွေကတော့ ပိုက်ဆံရသွားပြီး အလုပ်သမားတွေပဲ ဖမ်းခံထိတယ်။ ထိုင်းဘက်ရောက်တော့လည်း ဝန်ဆောင်ခတွေ ယူထားပြီး အလုပ်သမားတွေကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ တာဝန်ကျေဖို့ ပြောချင်တယ်” ဟု ပြောသည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုကဲ့သို့ အဖမ်းခံနေရသော်လည်း အခကြေးငွေ ယူ၍ ပို့ဆောင်ပေးသော ပွဲစားဆိုသူ အများစုမှာ လွတ်မြောက်နေသည့်အတွက် ထိုင်းအာဏာပိုင်များအပေါ် ဝေဖန်မှုများ လည်း ရှိနေသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်ရမည်ဆိုသဖြင့် ပွဲစားများအား ဝန်ဆောင်ခ ကျပ်သိန်း ၈၀ ခန့်ပေး၍ နယ်စပ်မှ ဝင်ရောက်လာ ပြီးနောက် အဖမ်းအဆီးမခံရသော်လည်း အလုပ်မရရှိဘဲ အခက်အခဲများ ကြုံနေရသော အလုပ်သမားများလည်းရှိနေ ကြောင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားတဦးထံက သိရသည်။

ထိုင်းအစိုးရက နှစ်စဉ် တရားမဝင် ဝင်ရောက်လာသူများကို တရားဝင်ဖြစ်စေရန် ရည်ရွယ်ပြီး အလုပ်လုပ်ခွင့် အသိ အမှတ်ပြုကတ် ထုတ်ပေးသည့်လုပ်ငန်းစဉ်အား ဘတ်ရိုက်ခြင်း (သို့မဟုတ်) ပန်းရောင်ကတ် ပြုလုပ်သည်ဟု ခေါ်ကြ သည်။
ယခုနှစ်တွင် ပန်းရောင်ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသော မြန်မာအလုပ်သမား ၁ သိန်းနှင့် ၂ သိန်းကြား ရှိနေပြီး ဘတ်ရိုက်သည့်လုပ်ငန်းစဉ် ရပ်လိုက်ခြင်းကြောင့် ထိုသူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်ခဲ့ရသလို လက်ရှိ အဖမ်းအဆီးများရှိနေသောကြောင့် သတိဖြင့်နေထိုင်သွားလာကြရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေး ပြောဆိုထားသည်။
လက်ရှိ ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူပြီးနောက် မြန်မာပြည် စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပန်းရောင်ကတ်လုပ်ရန် စောင့်နေသည့် မြန်မာ ၁၀၀ ကျော် အဖမ်းခံရ
ရုရှားသို့ အမျိုးသမီးလုပ်သား စေလွှတ်မည်
ရွှေ့ပြောင်းလုပ်သား မူဝါဒအပြောင်းအလဲ ထိုင်းရောက်မြန်မာတွေအတွက် အဆင်ပြေနိုင်မလား














