ယူကရိန်းနှင့် စစ်ဖြစ်နေသော ရုရှားနိုင်ငံသို့ မြန်မာလုပ်သားများ စေလွှတ်နေရာ ယခုအခါ အဆောက်အအုံ အတွင်းပိုင်း ဆေးသုတ်ရမည့်လုပ်ငန်းအတွက် အမျိုးသမီးအလုပ်သမား ၅၀ ဦး အား ခေါ်မည်ဟု ရန်ကုန်ရှိ ARA Academy နိုင်ငံတကာ ဘာသာစကားသင်တန်း ကျောင်းက ကြော်ငြာထားသည်။
ARA Academy သည် Vista International Company Limited အေဂျင်စီနှင့် ပေါင်း၍ ရုရှားနိုင်ငံသို့ မြန်မာလုပ် သားများ ပို့ဆောင်နေခြင်းဖြစ်ပြီး ကနဦးအနေဖြင့် အလုပ်သမား ၅၀ ကျော် ပို့ထားပြီးဖြစ်ကြောင်း၊ ထပ်မံစေလွှတ်မည့် ထဲ ယခုကဲ့သို့ အမျိုးသမီးများပါ ပါဝင်လာခြင်း ဖြစ်သည်။
ယခုခေါ်ယူသည့် အလုပ်နေရာအတွက် တလလျှင် အမေရိကန်ဒေါ်လာ ၂,၅၀၀ ခန့် ရမည်ဖြစ်ပြီး ရုရှားနိုင်ငံ အာရှ အလယ်ပိုင်းမှ တာတာ စတန်ပြည်နယ်၊ ကာဇန်မြို့တွင် လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါအလုပ်နေရာအတွက် အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်း အခြေခံပညာအထက်တန်းအဆင့်ရှိ အမျိုးသမီးများ လျှောက်ထားနိုင်မည်ဖြစ်ပြီး အလုပ်လျှောက်သူများအနေဖြင့် လာမည့်သြဂုတ်လ၌ အင်တာဗျူးဖြေဆိုရမည် ဖြစ်သည်။
အင်တာဗျူးဖြေဆိုချိန်တွင် ပတ်စ်ပို့သက်တမ်း ၃ နှစ်အထက် ရှိရမည်ဖြစ်ပြီး တလတာ ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာ နှင့် အခြေခံဆေးသုတ်ပညာရပ် အချိန်ပြည့်သင်တန်းတက်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အလုပ်သမားစေလွှတ်မည့် အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်မေးမြန်းရန် ARA Academy သင်တန်း ကျောင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက “ဒီလိုအလုပ်ခေါ်တာ ပို့နိုင်တယ်ဆိုတာကတော့ စစ်တပ်နဲ့ အဆင်ပြေတဲ့ အေဂျင်စီတွေပဲလုပ်နိုင်တာ။ တခြားပို့နေကျ ထိုင်းတို့၊ မလေးရှားတို့တောင် ပို့ရခက်နေတာကို၊ ရုရှားလုပ်သား ဈေးကွက်ကလည်း မရှိသေးတော့ အချိတ်အဆက်နဲ့ ပို့တာလောက်ပဲရှိဦးမှာ” ဟု ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ရုရှားခရီးစဉ်များတွင် ရုရှားသို့ အလုပ်သမားစေလွှတ်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာအလုပ်သမားဝန်ကြီးဌာနသည် လုပ်သား ၄ သိန်းခန့် လိုအပ်နေသော ရုရှားနိုင်ငံနှင့် အလုပ်သမားရေးရာ ကိစ္စ များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်သည့် Vista International Co,.Ltd. အစီအစဉ်ဖြင့် ရုရှား Joint Stock Company ‘Inturd Co,Ltd သို့ ကျွမ်းကျင်မြန်မာလုပ်သား ၂၄ ဦးအား ယခု နှစ် မတ် ၅ ရက်၌ ပထမအကြိမ်၊ မတ် ၂၂ ရက်၌ စကားပြန်တဦးကို ဒုတိယအကြိမ်၊ ဧပြီ ၈ ရက်၌ မြန်မာလုပ်သား ၂၇ ဦး ကို တတိယအကြိမ်အဖြစ် စေလွှတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် တခြားပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ခြင်းနှင့် ပတ်သက်၍ အသက်အရွယ် ကန့်သတ် ထားသော်လည်း ရုရှားနိုင်ငံအတွက် အလုပ်သမားစေလွှတ်သည့်အခါတွင်မူ စစ်မှုထမ်းအသက် အကျုံးဝင်သူများကိုပါ သွားရောက်ခွင့် ပြုထားသည်။
စစ်ကောင်စီက ရုရှားနိုင်ငံ စက်ရုံအလုပ်ရုံ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မြန်မာ အလုပ်သမားများကို စေလွှတ်ရန် စီစဉ်နေခြင်းဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ကနဦးအနေဖြင့် လူ ၁ သောင်းခန့် ခေါ်မည်ဟုသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် MoU လက်မှတ်ရေးထိုးနိုင်ရေး အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီး ဦးချစ်ဆွေနှင့် တာဝန်ရှိသူများ၊ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA)၊ ပြည်ပအလုပ်အကိုင် အေဂျင်စီများ တက်ရောက်ခဲ့သည်။
မြန်မာလုပ်သားများသည် အာရှနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန် စသည့် နိုင်ငံများ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် လက်ပွန်းတတီးရှိသော်လည်း မိုင်ပေါင်း လေးထောင်ကျော်ဝေးသော ရုရှားနိုင်ငံသို့မူ ယခင်က လုပ်သား တရားဝင်စေလွှတ်ခြင်း မရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်မှုထမ်းဥပဒေ အပါအဝင် အထွေထွေအကျပ်တည်းကြောင့် ရာသီဥတု၊ ဘာသာစကား၊ ယဉ်ကျေးမှုအားဖြင့် အလှမ်းကွာဝေးလွန်းသည့် ရုရှားသို့ ထွက်ခွာလိုသူများရှိကြောင်း အေဂျင်စီများထံမှ သိရသည်။
You may also like these stories:
ရုရှားသို့ လုပ်သားပို့ရန် စစ်ကောင်စီ စီစဉ်
စစ်မှုထမ်းအကျုံးဝင် အမျိုးသားများ ပြည်ပထွက်ခွင့်ပိတ်
လုပ်သားလိုအပ်ချက်မြင့်နေသော ရုရှားသို့ မြန်မာအလုပ်သမားများ စေလွှတ်ရန် စီစဉ်နေ














