ယူကရိန်းနှင့် နှစ်နိုင်ငံစစ်ဖြစ်ပွားနေပြီး လုပ်သားလိုအပ်ချက် မြင့်မားနေသော ရုရှားနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမားများကို စေလွှတ်ရန် စီစဉ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။
ရုရှားနိုင်ငံက မြန်မာလုပ်သားများကို ခေါ်ယူရန် ဆန္ဒရှိနေပြီး လုပ်သားပို့ဆောင်ရေးအတွက် နှစ်နိုင်ငံအကြား MoU ရေးထိုးရန်ရှိကြောင်း စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ယမန်နှစ်တွင် ပြောဆိုထားသည်။
သို့သော် လက်ရှိတွင်မူ MOU စနစ်ဖြင့် မဟုတ်သေးဘဲ ကုမ္ပဏီချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက “ MoU မဟုတ်ဘဲနဲ့ ဟိုဘက်ကို ကုမ္ပဏီတွေက ချိတ်တာပါ။ စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ အလုပ်ခေါ်စာတင်ထားတာတော့ ကျနော်တို့ သိထားတယ်။ အများကြီးမရှိသေးပါဘူး။ အခုမှ အစပါ။ ရုရှားမှာက စက်ရုံတွေရှိတယ်။ တခြားဆောက်လုပ်ရေးအလုပ်တွေရှိမယ်။ ကုန်ထုတ်လုပ်ငန်းတွေလည်း ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် ရုရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ရန်အတွက် Demand Letter တင်ထားဆဲဖြစ်ပြီး လုပ်ဆောင်သော အေဂျင်စီအများအပြား မရှိသေးကြောင်းနှင့် သွားရောက်မည့် အလုပ်သမားများသည် Zero Cost (ကုန်ကျစရိတ်မရှိ)ဖြင့် သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတဦးက “အရင်ကတော့ အလုပ်သမားစေလွှတ်တာမရှိဘူး။ ဒီလက်ထက်မှာမှ ရှိတာ။ တချို့အေဂျင်စီတွေကတော့ ဈေးကွက်ရှာတာပေါ့။ ကိုယ့်ဈေးကွက်ကိုယ်ရှာပြီးတော့ တင်တာ။ သေချာပြီလက်ခံပြီဆိုမှ ရမှာပါ။ တချို့တွေ ဥရောပအထိ ဖောက်ကြတာတွေရှိတယ်။ ထိုင်းလောက်နဲ့ အချိန်ကုန်နေလို့မရဘူး။ တခြားနိုင်ငံတွေဖောက်နေကြပြီ။ ရတဲ့ကုမ္ပဏီ ရတယ်။ လိုင်စင်ရှိထားရင်တော့ ကြိုက်တဲ့နိုင်ငံကို ကြိုးစားလို့ရတယ်။ စာချုပ်စာတမ်းသေချာလုပ်ရင်တော့ ခွင့်ပြုတာပဲ” ဟု ပြောသည်။
ရုရှားတွင် စစ်ပွဲဖြစ်ပွားနေပြီး အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသလို နိုင်ငံသားများမှာလည်း စစ်မှုထမ်းနေရသောကြောင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်မှာ မြင့်တက်နေကြောင်း Institute of Economics of the Russian Academy of Sciences (RAS) အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ရုရှားနိုင်ငံသို့ အလုပ်သမားပို့ဆောင်ရန် စီစဉ်နေသည့် အေဂျင်စီတခုက “စစ်ဖြစ်နေတယ်ဆိုပေမယ့် ရုရှားတနိုင်ငံလုံးမှာ ဖြစ်နေတာမဟုတ်ဘူးလေ။ ပြဿနာမရှိပါဘူး။ ထိုင်းဆိုရင်လည်း အစ္စရေးကို အလုပ်သမားတွေလွှတ်နေကြတာပဲ။ အဆင်ပြေတဲ့နေရာပေါ့။ ဒေသအလိုက် ကန့်သတ်ထားတာတော့ရှိတာပေါ့။ စစ်မဖြစ်တဲ့နေရာတွေမှာပဲ သွားအလုပ် လုပ်ရမှာပေါ့” ဟု ပြောသည်။
ရုရှားနိုင်ငံသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် သင်္ဘောကျင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သားများကို ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ဖြစ်နေတဲ့ နိုင်ငံကို အလည်အပတ်တောင် သွားမယ့်လူမရှိတဲ့အခြေအနေမှာ အခြေချပြီး အလုပ်လုပ်ရမှာ၊ သူတို့နိုင်ငံသားတောင် ပြေးနေရတာကို။ မြန်မာနိုင်ငံကနေ စစ်ဖြစ်နေတဲ့ နိုင်ငံကို ပို့တယ်ဆိုတော့ နိုင်ငံသားတွေအပေါ် ထားတဲ့စေတနာကတော့ ပြောဖွယ်မရှိတော့ဘူး “ ဟု အမည်မဖော်လိုသူတဦးက ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံသည် အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်မှုထမ်းအသက်အရွယ်အတွင်း အကျုံးဝင်သူလူငယ်များအား ပြည်ပထွက်ခွာခွင့် တင်းကျပ်ထားသောကြောင့် လူငယ်များမှာ ရရာနိုင်ငံတွင် သွားရောက်လုပ်ကိုင်လိုသော ဆန္ဒရှိသူများလည်း ရှိနေကြောင်း သိရသည်။
လက်ရှိတွင်မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာမှာ တရက်လျှင် ၆၈၀၀ ကျပ်ဖြစ်ပြီး ပြင်ပဒေါ်လာပေါက်ဈေး ၄၅၀၀ ကျပ်ဖြင့် တွက်ပါက တလလျှင် အလုပ်လုပ်ရက် ၂၈ ရက်ကို ဒေါ်လာ ၄၀ ကျော်ပတ်ဝန်းကျင်သာရရှိပြီး ရုရှားနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာမှာ တလလျှင် ဒေါ်လာ ၂၀၀ ကျော်ရှိကြောင်း သိရသည်။
အေဂျင်စီများအနေဖြင့် ရုရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ရန် စီစဥ်ကြိုးပမ်းနေမှုများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနဘက်မှ သတင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
You may also like these stories:
လုပ်သားများ၏ လစာငွေ ခေါင်းပုံဖြတ်ရန် စစ်ကောင်စီ ကြိုးစားနေသလား
ငွေပြတ် စစ်ကောင်စီက ပြည်ပလုပ်သား လွှဲငွေ အငမ်းမရ တောင်းနေ
ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်