ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ သိမ်းရန်ကြိုးစားနေသော ဗန်းမော်ကို စစ်တပ်က မြေပြင် ထိုးစစ်တချို့ ပြန်လုပ်လာသည့်အပြင် တိုက်လေယာဉ်၊ ဒရုန်းများသုံးကာ ဗုံးအများအပြားကြဲ နေကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
၎င်းက “တိုက်ပွဲကတော့ ရှိပါတယ်၊ သူတို့ လက်လွတ်သွားတဲ့ ရပ်ကွက်တချို့တွေမှာ ပြန်ရနိုင်ဖို့မြေပြင်ကလည်း ထိုးစစ်ဆင် တာ ရှိပါတယ်။ ဒရုန်း တွေ တနေ့ကို အကြိမ် ၄၀၊ ၅၀ အဲဒီလိုမျိုး ပုံစံ၊ နောက် ဗုံးနဲ့ဆိုရင်တော့ ၆၀၊ ၈၀ အလုံး ပေါင်း အဲဒီလောက် ဗုံးကြဲပြီးမှ တိုက်ခိုက်တာ။ ဂျက်ဖိုက်တာနဲ့ ပစ်တယ်၊ နေ့တိုင်း လက်နက်ကြီးနဲ့ပစ်တယ်။ ကျနော်တို့ဘက်က လည်း ပြန်ပြီးမှ အပြန်အလှန် ပစ်တာပေါ့” ဟု ပြောသည်။
ယမန်နေ့ ညနေပိုင်းတွင်လည်း ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ဒရုန်းနှစ်စင်းအား ပစ်ချနိုင်ခဲ့ကြောင်းနှင့် မြေပြင် ထိတွေ့တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေကြောင်း ဗန်းမော်စစ်မြေပြင်ရှိ KIA ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တဦးက ပြော သည်။
အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအား KIA ပူးပေါင်းတပ်များက ယမန်နှစ် ဒီဇင်ဘာလဆန်းက စတင်ကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၇ လကျော်ကာလအထိ မြို့အား အပြီးသတ် သိမ်းပိုက်နိုင် ခြင်း မရှိသေးသော်လည်း တပ်ရင်းဌာနချုပ်နှင့် မြို့ပေါ်ရပ်ကွက်တချို့အား သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး စကခ ၂၁ ပတ်ဝန်းကျင် အနီးတဝိုက်ကိုလည်း KIA ပူးပေါင်းတပ်များ ပိတ်ဆို့ထားကြောင်း သိရသည်။
စစ်တပ်ဘက်ကလည်း စကခ ၂၁ အနီးပတ်ဝန်းကျင်နှင့် KIA ပူးပေါင်းတပ်များ ထိန်းချုပ်နေရာယူထားသည့် ရပ်ကွက်များ အား အဓိကထားက ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
တိုက်ပွဲ ၇ ကျော်ကာလအတွင်း မြို့ခံများမှာဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပြီး မြို့ပေါ်လူနေအိမ်နှင့် အဆောက်အဦအများ အပြားလည်း ထိခိုက် ပျက်စီးလျက်ရှိသည်ကို Google မှတ်တမ်းများတွင် တွေ့ရသည်။

ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၌ တည်ရှိသော ဗန်းမော်မြို့တွင် စကခ ၂၁ အပါအဝင် တပ်ပေါင်း ၃၀ ကျော်ရှိပြီး ဗန်းမော်မြို့ လက်လွှတ်ရပါက ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကျသွားနိုင်သောကြောင့် စစ်ရေးအရ အရေးကြီးသည့် မြို့အဖြစ် အင်အား အလုံးအရင်းဖြင့် ခုခံကာကွယ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဗန်းမော် မကျစေရေး အပြင်းအထန်ခုခံနေသည့် စစ်တပ်သည် လတ်တလောတွင် မန္တလေးမှ ဗန်းမော်မြို့သို့ ဧရာဝတီ မြစ်ကြောင်းအတိုင်း စစ်သင်္ဘောများ၊ ကုန်တင်တွဲရေယာဉ်များပါဝင်သည့် စစ်ကူ၊ ရိက္ခာများတင်ဆောင်ကာ ဆန်တက်လာ လျက်ရှိပြီး ယနေ့တွင် ထီးချိုင့်မြို့နယ်အတွင်း ရောက်ရှိနေကြောင်း သိရသည်။
စစ်ကူ၊ ရိက္ခာများ တင်ဆောင်လာသည့် စစ်တပ်ရေယာဉ်တန်းအား သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တို့အတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့များက မြစ်ကမ်းပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ လတ်တလော တွန်းသင်္ဘောတစီး နစ်မြုပ်ကာ စစ်သင်္ဘော တစင်းအပါအဝင် သင်္ဘော ၃ စင်း မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထား သည်။
စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် စစ်သင်္ဘောများမှာ လက်ရှိ ထီးချိုင့်သို့ ရောက်ရှိနေကြောင်း၊ သင်္ဘောဆန်တက်ရာ တလျောက် လေယာဉ်ဖြင့် တောက်လျောက်လိုက်ပါလာကာ ဗုံးကြဲခြင်းများပြုလုပ်၍ လမ်းကြောင်းရှင်းနေကြောင်း အဆိုပါ သင်္ဘောများမှာ ထီးချိုင့်မှတဆင့် ကသာ၊ ရွှေကူ၊ ဗန်းမော်သို့ တက်မည်ဖြစ်ကြောင်း ပြောဆိုထားကြသည်။
ယင်းစစ်သင်္ဘောများ၌ တင့်ကားများ၊ ခဲယမ်း၊ အင်အားများစွာပါရှိပြီး ယခုလကုန်ခန့်တွင် ဗန်းမော်သို့ ရောက်ရှိနိုင်ကာ ဗန်းမော်တွင် နယ်မြေရှင်းလင်းရေးလုပ်၍ စစ်တပ်အလံများ ပြန်စိုက်ထူနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ဆိုထားသည်။
You may also like these stories:
ဗန်းမော် စကခ ၂၁ ကို KIA ဝင်စီး
ဗန်းမော်စစ်မျက်နှာ၌ တိုက်ပွဲများပြန် ပြင်းထန်လာ
ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ














