ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လိုင်ဖောင်စခန်း (ပွိုင့်-၇၆၈)ကို မြန်မာ့တပ်မတော်မှ မနေ့ကသိမ်းပိုက်ကြောင်း မြဝတီသတင်းကဆိုပါတယ်။
အဆိုပါ လိုင်ဖောင်စခန်းမှာ မြစ်ကြီးနား- ဗန်းမော်ကားလမ်း အရှေ့ဘက် ၇မိုင်ခန့်အကွာရှိ၊ KIA တပ်မဟာ ၅မှ တပ်ရင်း ၃၏ စခန်းဖြစ်ပြီး၊ မကြာသေးမီက တပ်မတော်မှ သိမ်းပိုက်လိုက်သည့် ဂီဒုန် စခန်းနှင့် အပြိုင် နမ့်တဘက်ချောင်း၏ တဖက်တချက်တွင် ရှိသည့် KIA၏ အရေးပါသော စခန်းတခု ဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်က လိုင်ဖောင်စခန်းကို ဒီဇင်ဘာ ၂၁ရက်နေ့က သွေးတိုးစမ်းတိုက်ခိုက်ပြီးနောက် လိုအပ် သည်များကို ကြိုတင်ပြင်ဆင် အသေးစိပ်စီမံချက်ချကာ ယမန်နေ့က နံနက်ပိုင်းက စတင်၍ လေကြောင်း၊ ခြေလျင်၊ အမြောက်နှင့် တင့်ကားလက်နက်ကြီး ပစ်ကူရယူ၍ တိုက်ခိုက်ရာာ ညနေ ၃နာရီခွဲတွင် ပထမဆုံးစခန်းကို သိမ်းပိုက်ရရှိကြောင်း၊ ထို့နောက် ဆက်လက်တိုက်ခိုက်ရာ ညနေ ၅နာရီ၁၅မိနစ်တွင် အဓိက ခံစစ်ကုန်းနှင့်စခန်း ငယ် ၆ခုကို သိမ်းပိုက်ရရှိကြောင်း ဆိုပါတယ်။
လိုင်ဖောင်စခန်း(ပွိုင့်-၇၆၈)မှာ KIA ဗဟိုဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့နှင့် အမှတ် ၆ နယ်ခြားမှတ်တိုင် ခန့်မှန်းမြေပုံညွှန်း(MJ- ၀၂၂ ၉၉၅)တဝိုက်ရှိ ၎င်းတို့စခန်းများနှင့် ဆက်သွယ်သည့်လမ်းကြောင်းအား စိတ်ချလုံခြုံမှုရှိစေရေးနှင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်အား ခြိမ်းခြောက်နိုင်ရေးအတွက် အရေးပါ သည့် စခန်းတခုဖြစ်ပြီး၊ ထိုလမ်းကြောင်းမှတဆင့် တပ်မဟာ ၁နယ်မြေ အင်ဂွန်လသို့လည်း ဆက် သွယ်ရာ အတွင်းလမ်းကြောင်းတခုဖြစ်ကြောင်း မြဝတီသတင်းကဆိုပါတယ်။