ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး ကိစ္စများကို ကူညီဖြေရှင်းရန် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က တောင်းဆိုထားသော်လည်း လက်ခံမည် မဟုတ်ဘဲ အဓိကသက်ဆိုင်သည့် ဘင်္ဂလားဒေရှ် နိုင်ငံနှင့်သာ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ပြောသည်။
ရခိုင်ပြည်နယ်တွင် ရှိနေသည့် ကျောက်ဖြူစီမံကိန်းကြောင့် စိတ်ပူနေသည့် တရုတ်နိုင်ငံကို နားလည်သော်လည်း ရခိုင်အရေးကို နိုင်ငံတကာ စံနှုန်းများ အတိုင်းသာ ကူညီပေးရန် မြန်မာ အစိုးရက လိုလားကြောင်း ဧပြီ ၂၈ ရက် နေ့က ပြုလုပ်သော အစိုးရ ပထမ တနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေး က ပြောဆိုသွားခြင်း ဖြစ်သည်။
ရိုဟင်ဂျာ ဟုခေါ်ဆိုနေကြသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြား သံတမန်ရေး ပြဿနာ ကူညီဖြေရှင်းပေးရန် တရုတ်နိုင်ငံက ကမ်းလှမ်းလာကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိနှစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြထားသည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လေးရက်ကြာခရီးစဉ် စတင်နေသော တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က မြန်မာနိုင်ငံနှင့် ပြဿနာကို နှစ်ဦးနှစ်ဖက်ဖြေရှင်းရန် ဒါကာကို တိုက်တွန်းသော်လည်း ထိုကိစ္စတွင် တရုတ်နိုင်ငံဘက်က ကူညီရန် အသင့်ရှိ ကြောင်းလည်း ဆိုထားသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) သည် မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးနေကြသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ ကိုယ်စား ကြားဝင် ဆောင်ရွက်နေသူတဦးလည်းဖြစ်သည်။
သို့သော်လည်း တရုတ်အစိုးရ အနေဖြင့် ၎င်းတို့ အကြိုးစီးပွားအတွက် မြန်မာပြည်တွင်း ဖြစ်ပေါ်နေသော ပြဿနာများကို ဆက်နွယ်၍ ဝင်ရောက် စွက်ဖက်မှုများ ပြုလုပ်လာမည်ကိုလည်း မြန်မာဘက်တွင် စိုးရိမ်မှုများရှိနေကြသည်။