ပြည်တွင်းစစ် ပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မောင်းတောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှစတင်၍ အင်တာနက် ဆက်သွယ်မှုကို အစိုးရက ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ ဖြတ်တောက်ခဲ့ပါသည်။
ထိုအထဲမှ မောင်းတောမြို့နယ်တခုတည်းကိုသာ ၂၀၂၀ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် အင်တာနက်ပြန်ဖွင့်ပေးခဲ့ပြီး ကျန်သည့် ၈ မြို့နယ်စလုံးအား အင်တာနက်ဆက်လက်ဖြတ်တောက်ထားဆဲဖြစ်ပါသည်။ ယခုဆိုလျှင် ထိုကဲ့သို့ အင်တာနက် ဖြတ်တောက်မှုမှာ တနှစ်ကျော်ခဲ့ပြီ ဖြစ်ပါသည်။
၂၀၂၀ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ တနှစ်တာ ဆောင်ရွက်မှုများနှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက အများပြည်သူ အကျိုးစီးပွားအတွက် အင်တာနက်ဖြတ်တောက်ထားရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့ကြောင့် အင်တာနက်ဖြတ်တောက်မှု တနှစ်ပြည့်ပြီးနောက်ပိုင်းတွင် လက်ရှိအင်တာနက်ဖြတ်တောက်မှုသည် ပြည်တွင်းစစ် ပဋိပက္ခများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်တွင်နေထိုင်ကြသော ပြည်သူ တသန်းကျော်၏ အကျိုးစီးပွားကို (အစိုးရဘက်က အကြောင်းပြချက်ပေးထားသကဲ့သို့) အမှန်တကယ် အကာအကွယ်ပေးနိုင်ခဲ့သလား၊ ဒါမှမဟုတ် ထိခိုက်ဆုံးရှုံးမှုများ ပိုမိုဖြစ်စေသလား ဆိုသည်ကို ပြန်လည်သုံးသပ်ရန် မဖြစ်မနေ လိုအပ်လာပါသည်။
ယခုဆောင်းပါးတွင် အဆိုပါအချက်ကို အဓိကထား သုံးသပ်တင်ပြလိုပါသည်။
အရပ်သားထိခိုက်မှုမြင့်တက်လာခြင်း
RFA သတင်းဌာနက ပြုစုထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ အရပ်သားထိခိုက်မှုများတွင် ၂၀၁၈ ဒီဇင်ဘာမှ ၂၀၁၉ ဒီဇင်ဘာလအထိ ဒဏ်ရာရသူ ၁၉၉ ဦး၊ သေဆုံးသူ ၁၀၁ ဦး နှင့် ၂၀၂၀ ဇန်နဝါရီမှ ၂၀၂၀ မေအထိ ဒဏ်ရာရသူ ၃၆၀ ဦး၊ သေဆုံးသူ ၁၅၅ ဦး တို့ရှိကြောင်း သိရပါတယ်။
အကြမ်းဖျဉ်းအားဖြင့်ကြည့်မည်ဆိုလျှင် အရပ်သားထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုသည် အင်တာနက်ဖြတ်တောက်ပြီး နောက်ပိုင်းတွင် ပိုမိုမြင့်တက်လာခဲ့သည်ကို သိသာစွာမြင်တွေ့နိုင်ပါသည်။
ထို့ပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာက ဒေသခံ ငါးဦးကိုလည်း AAနှင့် ဆက်သွယ်သည်ဆိုသော သံသယဖြင့် တပ်မတော်က ဖမ်းဆီးကာ ရေယာဉ်ပေါ်တွင် ရိုက်နှက်နှိပ်စက်ခဲ့သည့်ကိစ္စသည်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ ခဲ့သည်ကို အားလုံးမြင်တွေ့ပြီးဖြစ်ပါသည်။
အင်တာနက်ဖြတ်တောက်ထားသည့် အချိန်အတွင်းတွင် အရပ်သား ပြည်သူများအပေါ် ထိုကဲ့သို့ သံသယဖြင့် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ပါသည်။
သတင်းမီဒီယာများအပေါ် အကျိုးသက်ရောက်မှု
အင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်များမှ သတင်းများကို စစ်တွေမြို့တွင် အခြေစိုက်သည့် DMG သတင်းဌာနနှင့် နိရဉ္စရာသတင်းဌာနတို့က အချိန်နှင့်တပြေးညီဖော်ပြရန် ခက်ခဲသွားသည်။
နယ်မြေခံ သတင်းသမားများအနေဖြင့် သတင်းစာမူများကို စစ်တွေမြို့ရှိသတင်းဌာနများနှင့် ရန်ကုန်ရှိ သတင်းဌာနများသို့ အီးမေးလ်ဖြင့် လွယ်လင့်တကူပေးပို့၍ မရတော့ဘဲ ကားကြုံများမှတဆင့်သာပေးပို့နေရသဖြင့် သတင်းအချက် အလက် စီးဆင်းမှုများ နောက်ကျခဲ့ရသည်။
သတင်းအယ်ဒီတာနှင့် နယ်မြေခံသတင်းသမားများကြားတွင် သတင်းအပေါ် အပြန်အလှန်စိစစ်ရန် ခက်ခဲသွားသဖြင့် သတင်းအဖြစ် ရောက်ရှိမလာနိုင်သော အဖြစ်အပျက်များစွာ ရှိခဲ့ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ကို များစွာထိခိုက်စေသည်။
မြေပြင်ရှိ သတင်းအချက်အလက်များ၊ ပကတိ အခြေအနေများကို အချိန်နှင့် တပြေးညီမသိရှိရပါက ပြည်သူများ အကြားတွင် သတင်းမှားများ ပျံ့နှံ့မှု ပိုမို အားကောင်းသွားပြီး သွေးထိုးလှုံ့ဆော်မှုများကြောင့် လူမျိုးရေးမုန်းတီးမှုများအထိ တွန်းပို့ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ပြင် သတင်းအချက်လက်များကို ဘက်ပေါင်းစုံက မရရှိထားသော အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း အရေးကြီးကိစ္စရပ်များ အဆုံးအဖြတ်ပေးရာ၌ အားနည်းချက်များ ရှိလာနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။
COVID-19 ကာကွယ်ကုသရေး
ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသူများနှင့်ပတ်သက်လျှင် စစ်တွေမြို့တွင် တစ်ဦး၊ မောင်းတောမြို့တွင် ခုနှစ်ဦး၊ ဘူးသီးတောင်မြို့တွင် နှစ်ဦး၊ တောင်ကုတ်မြို့တွင် တဦးနှင့် သံတွဲမြို့တွင် တဦး၊ စုစုပေါင်း ၁၂ ဦးရှိကြောင်းသိရပါသည်။
ဇွန်လ ၂၈ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်တွင် အသွားအလာကန့်သတ်ထားပြီး စောင့်ကြည့်ခံရသူဦးရေ ၁၅၀၈ ဦးရှိပါသည်။ အင်တာနက် ဖြတ်တောက်ခံထားရသော မြို့နယ်များတွင် ဆရာဝန်များအနေဖြင့် လူနာနှင့်ပတ်သက်သော ဆေးမှတ်တမ်းများ တင်ပြခြင်းနှင့် ဓာတ်ခွဲခန်း အဖြေများရယူခြင်းတို့ကို ဖုန်းဖြင့်သာ ဆက်သွယ်နေရသဖြင့် အခက်အခဲနှင့် နှောင့်နှေးမှုများစွာရှိနေပြန်သည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး စတင်တွေ့ရှိချိန်မှစတင်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖေ့စ်ဘုတ်အသုံးပြုလာခြင်း၊ အွန်လိုင်းမှ တဆင့် ပြည်သူများနှင့် တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်လာခြင်းနှင့် အရေးကြီး သတင်းအချက်အလက်များကို အစိုးရ ဌာနများ၏ Website များနှင့် တရားဝင်ဖေ့စ်ဘုတ်စာမျက်မှာများမှတဆင့် ထုတ်ပြန်လာခြင်းများကို ပုံမှန်ပြုလုပ်ခဲ့သော်လည်း အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များက ပြည်သူတသန်းကျော်အနေဖြင့် အဆိုပါ အချက်အလက်တွေကို လက်ခံရယူသိရှိနိုင်မည့် အခွင့်အလမ်းမရှိခဲ့ပေ။
စစ်ဘေးရှောင်ပြည်သူများ၏ ဘဝ
စစ်ဘေးရှောင်ပြည်သူများသည် များသောအားဖြင့် ပြည်တွင်းရှိအလှူရှင်များနှင့် ပြည်ပအဖွဲ့အစည်းများ၏ အကူအညီ အထောက်အပံ့များဖြင့် အသက်ရှင်ရပ်တည်ကြရသော်လည်း တချို့မှာ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင်၊ ဆွေမျိုးနီးစပ်များ၏ ပုံမှန်ထောက်ပံ့မှုများဖြင့်လည်း ရပ်တည်ကြရပါသည်။
အင်တာနက်မရှိသဖြင့် ပြည်ပရှိ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီး ပုံမှန်ထောက်ပံ့မှု မရတော့သဖြင့် စားဝတ်နေရေးကြပ်တည်းသွားကြသူများ ဒုနှင့်ဒေးရှိနေပါသည်။
ထို့ပြင်အင်တာနက်ကို အသုံးပြု၍ သင်ယူလေ့လာရသည့် ကိစ္စရပ်များကို ထိုဒေသရှိပြည်သူများအနေဖြင့် လက်လှမ်းမမီနိုင်တော့ဘဲ ပညာရေးတွင် နောက်ကျကျန်ခဲ့ရသည်။
အခြားသော မြင်သာသည့် ထိခိုက်မှုတစ်ခုမှာ ယခုကဲ့သို့ COVID-19 ရောဂါပိုးကို ကူးစက်နိုင်မှုကြောင့် မိတ်ဆွေအပေါင်းအသင်းအချင်းချင်း၊ အဝေးရောက်မိသားစုဝင်အချင်းချင်း အွန်လိုင်းမှတဆင့် ပုံမှန်ဆက်သွယ်ပြောဆိုရန် လိုအပ်သော်လည်း အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် ဒုက္ခကြုံရသည်။
ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ ရပိုင်ခွင့်များ
ကလေးသူငယ်များ၏ ရပိုင်ခွင့်တွင် အဓိကအားဖြင့် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်ခွင့်နှင့် ပါဝင်ခွင့်တို့အား ဆိုလိုခြင်းဖြစ်သည်။ ရှိရင်းစွဲ ပဋိပက္ခများကြောင့် ကလေးသူငယ်များ၏ ရပိုင်ခွင့်များဆုံးရှုံးနေပြီးသား ဖြစ်သည်ကို အားလုံးသိကြမည်ဖြစ်သည်။
ယခုလက်ရှိဖြစ်ပေါ်နေသော ကပ်ရောဂါအခြေအနေတွင် အနယ်နယ် အရပ်ရပ်မှ ကလေးသူငယ်များသည် အွန်းလိုင်းမှတဆင့် သင်တန်းများတက်ရောက်ခြင်း၊ ရှာဖွေလေ့လာသင်ယူစရာ များကို ဆက်လက်သင်ကြားခြင်းများ ပြုလုပ်နေကြသော်လည်း အင်တာနက်ဖြတ်တောက်ခံထားရသောဒေသမှ ကလေးသူငယ်များသည် အဆိုပါ ရပိုင်ခွင့်ကို ထပ်မံဆုံးရှုံးနေရပါသည်။
ထို့ပြင် ပဋိပက္ခအတွင်းတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်တို့၏ အခန်းကဏ္ဍကို ကြည့်ပါကလည်း ၎င်းတို့၏ အခြေခံရပိုင်ခွင့်များ ဆုံးရှုံးနေပြီးသားဖြစ်သည့်အပြင် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ရှိနေပြန်ပါသည်။
ထိုကဲ့သို့ကျုးလွန်ခံရပါကလည်း အခြားသောဒေသတွင် ရှိကြသော အမျိုးသမီးများနည်းတူ အွန်လိုင်းမီဒီယာကိုအသုံးပြုပြီး တိုင်ကြားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်တို့ ပျောက်ဆုံးနေသည်မှာ ရင်နင့်ဖွယ်ရာဖြစ်သည်။
အင်တာနက်ဖြတ်တောက်ထားခြင်းသည် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်တို့၏ ချိုးဖောက်ခံထားရသောရပိုင်ခွင့်များကို အစိုးရက ထပ်မံချိုးနှိမ်လိုက်ခြင်း၊ မြေနိမ့်ရာ လှံစိုက်လိုက်ခြင်းသာ ဖြစ်ပါသည်။
ထိုကဲ့သို့သော အချက်အလက်များကြောင့် အင်တာနက်ဖြတ်တောက်ထားခြင်းသည် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ခြင်းထက် ထိခိုက်ခဲ့ခြင်းသည်သာ ပိုမိုဖြစ်ပွားကြောင်း သိရှိနိုင်ပါသည်။
အင်တာနက် ဖြတ်တောက်မှုသည် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးအပါအဝင် အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စရပ်များအပေါ် များစွာထိခိုက်နစ်နာစေပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် တို့သည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးသော ပြည်နယ်များဖြစ်သည့်အပြင် နေ့စဉ်နှင့်အမျှ ပြည်တွင်းစစ်မီး တောက်လောင်နေသည့်အတွက် အင်တာနက်ဖြတ်တောက်ထားမှုသည် ဒေသခံပြည်သူ လူထုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများရှိနေပါသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရတာဝန်ရှိသူများ အနေဖြင့် နောင်တစ်ချိန်တွင် သမိုင်းတရားခံအဖြစ် နာမည်အတွင်မခံဘဲ အင်တာနက်ဖြတ်တောက်မှုကို အမြန်ဆုံး အဆုံးသတ်ရပ်တန့်ရန် နှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း နောက်နောင် မည်သည့် အစိုးရကမှ အင်တာနက်ဖြတ်တောက်မှုကို မပြုလုပ်နိုင်ရန် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ နှင့် ၇၈ တို့ကို အမြန်ဆုံး ဖျက်သိမ်းပေးရန် အကြံပြု တိုက်တွန်းအပ်ပါသည်။
(မောင်ဆောင်းခသည် “အသံ”အဖွဲ့ကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သည်။)
You may also like these stories:
နိုင်လွတ်လုံဥပဒေကို ပြင်ဆင်တဲ့အခါ
အခြေခံ ရပိုင်ခွင့်နှင့် ငြိမ်း/စု/စီ ဥပဒေ ပြင်ဆင်ချက်ကို ဆန်းစစ်ခြင်း
၆၆ (ဃ) ကို ထိရောက်အောင် ပြင်ဆင်ဖို့ ဘာတွေထပ်ဖြည့်သင့်လဲ