နော်ဝေးဆက်သွယ်ရေးလုပ်ငန်းအုပ်စုဖြစ်သော တယ်လီနောသည် မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများကို လက်ဘနွန်မှ M1 အုပ်စုသို့ ဒေါ်လာ ၁၀၅ သန်းဖြင့်ရောင်းချမည်ဟု ဇူလိုင်လက ကြေညာထားသော်လည်း အာဏာသိမ်း စစ်ကောင်စီက ထိုကိစ္စကို အတည်ပြုပေးရန် စိတ်အားထက်သန်ခြင်း မရှိသောကြောင့် လတ်တလော မြန်မာနိုင်ငံတွင် ပိတ်မိနေကြောင်း သတင်းရင်းမြစ်များအား ကိုးကားပြီး ဂျပန်သတင်းဌာန Nikkei Asia ကဆိုသည်။
တယ်လီနောသည် မြန်မာနိုင်ငံမှ မိုဘိုင်းငွေပေးချေရေးလုပ်ငန်း Wave Money မှ ၎င်း၏ရှယ်ယာ ၅၁ ရာခိုင်နှုန်း အတွက်လည်း မရေရာသော အခြေအနေများကို ရင်ဆိုင်နေရသည်။ ထိုရှယ်ယာများအနက် အချို့ကို တရုတ်နိုင်ငံမှ Alibaba Group Holding ၏ လက်အောက်ခံလုပ်ငန်း Ant Group သို့ရောင်းချရန်သဘောတူညီချက်မှာလည်း ပျက်စီးသွားခဲ့သည်။ ဒေါ်လာ ၇၆.၅ သန်းတန်သည့် ထိုသဘောတူညီချက်ကို အကောင်အထည်ဖေါ် နိုင်ပါက တယ်လီနော၏ Wave Money မှ ရှယ်ယာသည် ၃၄.၂ သို့ ကျဆင်းသွားမည်ဖြစ်သည်။
Wave Money ကို Yoma Strategic Holdings က ၄၄ ရာခိုင်နှုန်းပိုင်ပြီး ရိုးမဘဏ်က ၅ ရာခိုင်နှုန်းပိုင်သည်။ ထိုလုပ်ငန်းနှစ်ခုလုံးသည် စီးပွားရေးလုပ်ငန်းရှင် ဆာ့ဂျ်ပန် ခေါ် ဦးသိမ်းဝေနှင့်ပတ်သက်သော လုပ်ငန်းများဖြစ်သည်။
တယ်လီနောက အပြည့်အဝပိုင်သည့် လုပ်ငန်းဖြစ်သော တယ်လီနောမြန်မာသည် ၎င်း၏ မြန်မာနိုင်ငံမှ လုပ်ငန်းများကို ဘေရွတ်အခြေစိုက် M1 အုပ်စုသို့ ဒေါ်လာ ၁၀၅ သန်းဖြင့်ရောင်းချမည်ဟု ဇူလိုင်လက ကြေညာသည်။ ထိုပမာဏမှ တယ်လီနောက မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရသည့် ၂၀၁၃ ခုနှစ်က မြှုပ်နှံခဲ့သည့် ဒေါ်လာ ၁ ဘီလီယံ၏ အစိတ်အပိုင်းမျှသာ ရှိသည်။ ထိုမတိုင်မီကလည်း တယ်လီနောသည် မြန်မာလုပ်ငန်းများမှ အမြတ်ငွေကို စာရင်းထည့်သွင်းတွက်ချက်ခြင်း မပြုတော့ဘဲ ဖေဖေါ်ဝါရီက စစ်အာဏာသိမ်းမှုနောက်ပိုင်း ၎င်း၏မိုဘိုင်းလုပ်ငန်းများ အပြင်းအထန် ကန့်သတ်ခံရပြီး မေလက ဆုံးရှုံးငွေမှာ ဒေါ်လာ သန်း ၇၅၀ ရှိသည်။
တည်ဆဲဥပဒေများအရ တယ်လီနော-M1 အရောင်းအဝယ်ကိစ္စကို စစ်ကောင်စီထိန်းချုပ်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့က အတည်ပြုပေးရန် လိုအပ်ကြောင်း ဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။
“မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း ယှဉ်ပြိုင်မှုနည်းဥပဒေမှာ အဆိုပြု အရောင်းအဝယ်ကို အတည်ပြုချက် လျှောက်ထားပြီး ရက်ပေါင်း ၆၀ အတွင်း အတည်ပြု၊ ပယ်ချ သို့မဟုတ် စုံစမ်းစစ်ဆေးတာ လုပ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်” ဟု ဘန်ကောက်အခြေစိုက် အရှေ့တောင်အာရှ အထူးပြု ရှေ့နေ ရော့စ် တေလာ ပြောသည်။ “ဆက်သွယ်ရေး ဥပဒေအရ ပြည်ပလျှောက်ထားမှု အားလုံးကို ပြည်ထောင်စုအစိုးရက အတည်ပြု ပေးရမယ်။ ဒါကြောင့်မို့လို့ လုပ်ပိုင်ခွင့် လိုင်စင်ကို လွှဲပြောင်းပေးဖို့ စစ်ကောင်စီက အတည်ပြုပေးရမယ်” ဟုလည်း သူပြောသည်။
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အရာရှိများနှင့် အဆက်အသွယ်ရှိသော ဆက်သွယ်ရေး သတင်းရင်းမြစ်များ၏ အဆိုအရ M1 အုပ်စုသည် ဆီးရီးယားအစိုးရနှင့် နီးစပ်ပတ်သက်နေခြင်းနှင့် ၎င်း၏ လုပ်နည်းလုပ်ဟန်များကြောင့် အဂတိလိုက်စားမှု စွပ်စွဲချက်များအတွက် စိုးရိမ်ပြီး ထိုအရောင်းအဝယ်ကို စစ်ကောင်စီက အတည်ပြုပေးမည့် လက္ခဏာမရှိ ကြောင်း သိရသည်။
ယခင်ကလည်း လက်ဘနွန် ဝန်ကြီးချုပ် ၂ ကြိမ်လုပ်ခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ထပ်မံ ရွေးချယ်ခံထားရသူ နာဂျစ် မီကာတီအပေါ် အစိုးရအကူအညီ အိမ်ရာစီမံကိန်းနှင့် ပတ်သက်သည့် တရားစွဲဆိုမှုများကို အစိုးရရှေ့နေများက ဘေရွတ်တွင် ၂၀၁၉ ခုနှစ်က စွဲဆိုခဲ့သည်။ ထိုအမှုသည် တရားခွင်သို့ရောက်မလာသော်လည်း ထိုစွပ်စွဲချက်များကို ရှင်းလင်းရခြင်း မရှိသေးပေ။ မီကာတီနှင့် သူ၏အကို တာဟာတို့သည် M1 အုပ်စုကို ပူးတွဲ တည်ထောင်သူများဖြစ်သည်။ ထိုအုပ်စုကို ၎င်းတို့ညီအကို နှစ်ဦးက ၁၉၈၀ ခုနှစ်များအစောပိုင်းတွင် တည်ထောင်ခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းမှတဆင့် ၂၀၀၇ ခုနှစ်တွင် ထူထောင်ခဲ့သည်။
“ မီကာတီညီအကိုတွေရဲ့ စီးပွားရေးလုပ်ငန်းသမိုင်းမှာ အဂတိလိုက်စားမှုနဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ဂရုမစိုက်ဘဲ အာဏာရှင်တွေကို ချော့မော့တတ်တဲ့ ရှည်လျှားတဲ့ သမိုင်းရှိတယ်” ဟု Justice for Myanmar တက်ကြွလှုပ်ရှားမှုအဖွဲ့၏ ဇူလိုင်လ ၉ ရက်နေ့အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
M1 နှင့် အရောင်းအဝယ်ကိစ္စကို ဖျက်သိမ်းရန်နှင့် အခြားအလားအလာရှိသော ဝယ်ယူသူနှင့် ဆက်လက်ဆောင်ရွက်ရန် တယ်လီနောအုပ်စုသည် ဖိအားပေးခံနေရကြောင်း တယ်လီနောနှင့် နီးစပ်သည့် ဆက်သွယ်ရေးလုပ်ငန်း အမှုဆောင်တဦးပြောသည်။ ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံသူ အများအပြားကလည်း တယ်လီနောက နောက်တကြိမ်ရောင်းချရန် ကြေညာပါက ပူးပေါင်းဝယ်ယူရန် ဆွေးနွေးနေကြောင်း ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း အမှုဆောင်တဦးပြောသည်။
မြန်မာ့စီးပွားရေးတွင် ပြည်ပပါဝင်ပတ်သက်မှုကို ကန့်သတ်သည့် မကြာသေးမီက ကန့်သတ်ချက်များကြောင့် စစ်ကောင်စီသည် အရေးပါသော လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများကို ပြည်ပလုပ်ငန်းများသို့ ရောင်းချခြင်းကို အားပေးသည့် အခြေအနေမရှိကြောင်း သုတေသီအများအပြားက ပြောကြသည်။ ဥပမာအားဖြင့် ဆိုရပါက စစ်ကောင်စီသည် ဘဏ်များတွင် ခန့်ထားနိုင်သည့် နိုင်ငံခြားသား အရေအတွက်ကို ကန့်သတ်သည့် အမိန့်ကို သြဂုတ်လ အစောပိုင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံမှ အဓိက ဆက်သွယ်ရေးလုပ်ငန်း ၄ ခုအနက် တခုဖြစ်သော ကာတာပိုင် အော်ရီဒူးသည် ၂၀၁၃ ခုနှစ်က တယ်လီနောနှင့်အတူ လုပ်ကိုင်ခွင့်လိုင်စင်ရသောအခါ စစ်အုပ်စု၏ ယခင် ရန်လိုမှုဥပမာများကိုလည်း မြန်မာ့အရေးလေ့လာသူ အများအပြားက ကိုးကား ပြောဆိုကြသည်။ ထိုစဉ်က စစ်အုပ်စုနှင့် အနီးကပ် ပတ်သက်နေသည့် ၉၆၉ မဘသ အပါအဝင် မွတ်ဆလင် ဆန့်ကျင်ရေး အုပ်စုများက အော်ရီဒူးကို သပိတ်မှောက်ရန် တောင်းဆိုပြီး ထိုသို့အရေးပါသော လုပ်ငန်းကို မွတ်ဆလင်နိုင်ငံတခုတွင် အခြေစိုက်သော ကုမ္ပဏီ တခုသို့ မရောင်းချသင့်ကြောင်း သတိပေးကြသည်။
အစွန်းရောက်ဘုန်းကြီးများက ၂၀၁၆-၁၇ ခုနှစ်က မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်များကို မောင်းထုတ်သည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးကို ထောက်ခံကြသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းသော ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း မွတ်ဆလင်ဆန့်ကျင်ရေးစကားများကို မကြာခဏပြောသည်။
မီကာတီ ညီအကိုများသည် ဆွန်နီမွတ်ဆလင်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး အရှေ့အလယ်ပိုင်းမှ ကုမ္ပဏီ အများအပြားနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။
“နောက်ထပ် ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေကို ပြည်ပက ပိုင်ဆိုင်မှာ မလိုလားတာအပါအဝင် အကြောင်းမျိုးစုံကြောင့် M1 နဲ့အဆင်မပြေနိုင်ဘူးဆိုတာ ဝန်ကြီးဌာန အရာရှိတွေက ရှင်းရှင်းလင်းလင်း ဖေါ်ပြနေကြတယ်” ဟု သတင်းရင်းမြစ်တခုက ဆိုသည်။ “ဒီဝန်ကြီးဌာနနဲ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းက M1 ဟာ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပိုင်ဆိုင်ဖို့ ဒီကဏ္ဍအတွက် ကောင်းတဲ့ရင်းနှီးမြှုပ်နှံသူ မဟုတ်ဘူးလို့ ထင်နေကြတယ်” ဟုလည်း သူပြောသည်။
“ဒီကိစ္စကို ဝန်ကြီးဌာနက တားဆီးဖို့ ဆုံးဖြတ်ထားတယ်၊ M1 နဲ့အရောင်းအဝယ်ကို ဖျက်ပြီး အခြား တယောက်ယောက်ကို ရောင်းဖို့ တယ်လီနောကို ဖိအားပေးဖို့ ကြိုးစားနေတယ်ဆိုတဲ့ အယူအဆ အခိုင်အမာရှိနေတယ်” ဟု အခြားဆက်သွယ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံသူတဦးက ဝန်ကြီးဌာန သတင်းရင်းမြစ်များကို ကိုးကားပြောဆိုသည်။
ထိုအရောင်းအဝယ်ကို ဆက်လက်လုပ်ကိုင်နေကြောင်း၊ တရားဝင်အတည်ပြုချက်လိုကြောင်း တယ်လီနောက Nikkei ၏ မေးခွန်းများကို ဖြေကြားရာတွင်ပြောသည်။ “ဇူလိုင်လ ၈ ရက်နေ့က ကြေညာထားသည့်အတိုင်း တယ်လီနောအုပ်စုသည် တယ်လီနောမြန်မာ၏ ရှယ်ယာ ရာနှုန်းပြည့်ကို M1 သို့ရောင်းချရန် သဘောတူ စာချုပ်ချုပ်ဆိုထားသည်။ ထိုရောင်းချမှုသည် မြန်မာနိုင်ငံမှ လုပ်ထုံးလုပ်နည်းဆိုင်ရာ အတည်ပြုချက်လိုပြီး ထိုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်” ဟု ပြောခွင့်ရသူတဦးက လွန်ခဲ့သောအပတ်ကပြောသည်။
ကိုဗစ်နိုင်တင်းကူးစက်မှု ပြန်လည်မြင့်မားလာသောကြောင့် တရားဝင်မဟုတ်သော လော့ဒေါင်း ပိတ်ဆို့ခြင်းကြောင့် လုပ်ငန်းများ ဆိုင်းငံ့နေခြင်း အပါအဝင် ထိုရောင်းချမှုကို နှောင့်နှေးစေသည့် အခြားအကြောင်းများလည်း ရှိနေသည်။ လူဦးရေ ၅၃ သန်းရှိသော မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှ စတင်ပြီး ကိုဗစ်နိုင်တင်းကြောင့် သေဆုံးသူ ၁၅၆၀၀ ဦးရှိပြီး ကူးစက်မှုပေါင်း ၄၁၃၀၀၀ ရှိသည်။ နောက်ဆုံးလော့ဒေါင်းပိတ်ဆို့မှု ပုံစံမှာ ဇူလိုင်လအစောပိုင်းမှ စက်တင်ဘာအထိကြာသည့် အများပြည်သူ ရုံးပိတ်ရက်ကြေညာခြင်းဖြစ်သည်။
“ ထိုရုံး ပိတ်ရက်ကြေညာခြင်းကြောင့် ရောင်းချမှုကို အတည်ပြုရေးလုပ်ငန်းများ နှောင့်နှေးနေသည်။ ယခုနှစ်အတွင်း အတည်ပြုချက်ရမည်ဟု တယ်လီနောက မျှော်လင့်သော်လည်း စစ်ကောင်စီက ထိုကိစ္စကို အတည်ပြုမည် မပြုမည်မှာ လွန်စွာမရေမရာဖြစ်နေသည်” ဟု ထိုကိစ္စကို တိုက်ရိုက်သိသည့် အခြားသူ တဦးပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီက လက်ရှိအချိန်အထိ လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုခြင်းမပြုသေးပေ။ သို့သော် ၎င်းတို့အုပ်စုသည် တယ်လီနောထံမှ ဝယ်ယူထားသော မြန်မာလုပ်ငန်းများကို ချဲ့ထွင်ရန် လာမည့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၃၃၀ မြှုပ်နှံမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ဝေသည့် တွေ့ဆုံ မေးမြန်းခန်းတွင် M1 အုပ်စု အမှုဆောင်အရာရှိချုပ် အက်ဇမီ မီကာတီက ပြောကြားပြီး ထိုအရောင်းအဝယ်ကို တွန်းအားပေးနေသည်။
Wave Money တွင် တယ်လီနောက ရှယ်ယာပါဝင်နေခြင်းသည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာရေးကို ပိုမို ရှုပ်ထွေးစေသည်။ တယ်လီနောထံမှ ရှယ်ယာအနည်းစုကို ဝယ်ယူမည့်အစီအစဉ်ကို ရုတ်သိမ်းရန် Ant Group ၏ ဆုံးဖြတ်ချက်သည် စစ်ကောင်စီကို စီးပွားရေးအရ ယုံကြည်မှုအတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်နေသည်။ နိုင်ငံခြား ကုမ္ပဏီကြီးအများအပြားသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီဖြစ်ကာ ဂျာမန်လက်လီအရောင်းလုပ်ငန်း Metro ကလည်း မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာသည်။
Ant အုပ်စု၏ ရင်းနှီးမြုပ်နှံမှုကို ရုတ်သိမ်းခြင်းကို Wave အရောင်းအဝယ်တွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီ နှစ်ခုမှ အမှုဆောင်များက အတည်ပြုပြောကြားသည်။ ဆာ့ဂျ်ပန်း ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းက တယ်လီနော၏ ရှယ်ယာများကို ဝယ်ယူမည်ဟု ထိုလုပ်ငန်းမှ အချို့က ယုံကြည်နေကြသည်။
တယ်လီနောသည် Wave Money တွင် တက်ကြွသော ရှယ်ယာရှင်အဖြစ် ဆက်လက်ရှိနေသေးကြောင်းနှင့် တယ်လီနောမြန်မာကို M1 သို့ရောင်းချမည့် ကြေညာထားသောကိစ္စသည် Wave Money ၏ ပိုင်ဆိုင်မှု အခြေအနေကို ထိခိုက်စေမည်ဟု မမျှော်လင့်ကြောင်း Wave Money က Nikkei သို့ ပြောသည်။
၂၀၂၀ ပြည့်နှစ်အလယ်က Ant နှင့် အရောင်းအဝယ် ကြေညာချက်တစောင်တွင် Yoma Strategic Holdings သည် တယ်လီနော၏ Wave Money မှ ကျန်ရှယ်ယာများဖြစ်သည့် ၃၄.၂ ရာခိုင်နှုန်းကို ဝယ်ယူရန် စီစဉ်နေကြောင်း Wave Money ကဖေါ်ပြသည်။ Yoma Strategic သည် ထိုအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်မည် မလုပ်ဆောင်မည်နှင့် ပတ်သက်သည့် မေးခွန်းနှင့်ပတ်သက်ပြီး Wave Money အမှုဆောင်အရာရှိချုပ် ဘရက်ဂျုံးက “တယ်လီနောအုပ်စုနဲ့ Yoma Strategic အကြား ဆက်လက်ဆွေးနွေးရမယ်။ တိုးတက်မှုတွေရှိလာမယ်လို့ ကျနော်ထင်ပါတယ်” ဟု Nikkei သို့ပြောသည်။
“ ငွေကြေးထောက်ပံ့မှု ရင်းမြစ်တွေကို စစ်ကောင်စီက ဖြိုခွဲနေလို့ Wave Money နဲ့ မြန်မာနိုင်ငံက ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအားလုံး အခြေအနေ ဆိုးရွားနေတယ်” ဟု ဆက်သွယ်ရေးလုပ်ငန်း အမှုဆောင်တဦးပြောသည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် စင်ပြိုင် အမျိုးသား ညီညွတ်ရေး NUG အစိုးရသို့ ငွေကြေးထောက်ပံ့မှုများကို ရည်ရွယ်ပြောကြားခြင်းဖြစ်သည်။
သြဂုတ်လလယ်တွင် NUG အစိုးရသည် အွန်လိုင်းထီအစီအစဉ်ကို စတင်ပြီး စမ်းသပ်သည့် ရက်ပိုင်းအတွင် ဒေါ်လာ ၃ သိန်းရသည်။ ထိုအစီအစဉ်ကို တုံ့ပြန်သောအားဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ အထူးသဖြင့် Wave Money ၏ WavePay နှင့် ကမ္ဘောဇဘဏ်၏ KBZPay ကဲ့သို့သော မိုဘိုင်းငွေပေးချေမှုနှင့် မိုဘိုင်းဘဏ်လုပ်ငန်းများကို စစ်ကောင်စီက အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဝင်းသော်က ကြေညာခဲ့သည်။
“လက်ရှိစီပွားရေးအလားအလာနဲ့ စီးပွားရေးအခြေအနေအရ တယ်လီနောရဲ့ Wave Money ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူ အရမ်းနည်းသွားနိုင်တယ်” ဟုလည်း ထိုလုပ်ငန်း အမှုဆောင်က ပြောသည်။
(Nikkei Asia ၏ Telenor’s Myanmar sell-off mired in uncertainty ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တယ်လီနောကို ရောင်းချမှု ရပ်ဆိုင်းရန် လူ့အခွင့်အရေးအဖွဲ့များ၊ မီဒီယာများ တောင်းဆို
မြန်မာ့ဆက်သွယ်ရေးဈေးကွက်ထဲ ဝင်လာသော မီကာတီညီအကိုများ
မြန်မာနိုင်ငံရှိ ပြည်ပကုမ္ပဏီများက ဆုံးရှုံးမှုများအတွက် တရားစွဲနိုင်
စစ်ကောင်စီက စီးပွားရေး နာလန် ပြန်ထူစေမယ်တဲ့လား