M1 အုပ်စုသည် လွန်ခဲ့သောလက မြန်မာနိုင်ငံမှ တယ်လီနောကို လျှော့ဈေးဖြင့် လွန်ခဲ့သောလက ဝယ်လိုက်သည်။ ညီအကိုများဖြစ်သော နာဂျစ်နှင့် တာဟာမီကာတီတို့ ပိုင်ဆိုင်သည့် ထို လက်ဘနွန်လုပ်ငန်းသည် သုံးစွဲသူ ၁၈ သန်းကို ဝန်ဆောင်မှုပေးနေသည့် ထိုဆက်သွယ်ရေးကွန်ရက်ကို ဒေါ်လာ ၁၀၅ သန်း ပေးရန် သဘောတူပြီး ထိုငွေ၏ထက်ဝက်ကို နောက် ၅ နှစ်အတွင်း အရစ်ကျ ပေးရမည်ဖြစ်သည်။
၎င်းတို့ရောင်းချလိုက်သည့် ပိုင်ဆိုင်မှုသည် ဒေါ်လာ သန်း ၆၀၀ တန်ကြောင်း တယ်လီနောက ပြောသည်။ အများပြည်သူနှင့်ပတ်သက်သည့် ပုံရိပ်ကို တန်ဖိုးထားသော ထိုနော်ဝေးကုမ္ပဏီအတွက် အရှုံးခံရောင်းခြင်းသည် အဓိပ္ပါယ် ရှိသည်။ ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီသစ်သည် သုံးစွဲသူများ၏ အခွင့်အရေးများကို ချိုးဖေါက်ရန် တယ်လီနောကို ဖိအားပေးနေသည်။
အပြင်းထန်ဆုံးချိုးဖေါက်မှုမှာ တယ်လီနောသုံးစွဲသူများ၏ အချက်အလက်များနှင့် ဖုန်းခေါ်ဆိုမှု သမိုင်းများကို စစ်ကောင်စီက တောင်းခံခြင်းနှင့် အာဏာပိုင်များ အနေဖြင့် ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက်အသုံးပြုမှုများကို စောင့်ကြည့်နိုင်စေမည့် ကြားဖြတ် နည်းပညာများ တပ်ဆင်ခိုင်းခြင်း ဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်းအမှုဆောင်များကိုလည်း တရားဝင်ခွင့်ပြုချက် မရဘဲ နိုင်ငံမှ မထွက်ခွာရန် တားမြစ်ထားသည်။
၂၀၁၃ ခုနှစ်တွင် လိုင်စင်ရပြီး မြန်မာလုပ်ငန်းမှ ဒေါ်လာသန်း ၃၆၀ ဝင်ငွေရပြီးဖြစ်သော တယ်လီနောသည် ၎င်း၏ လုပ်ငန်းကို အလျှင်အမြန် ဈေးသက်သက်သာသာဖြင့် ရောင်းထုတ်လိုက်သည်။
တယ်လီနောသည် မြန်မာနိုင်ငံတွင် ဂုဏ်သိက္ခာကျဆင်းမည့် အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ဒီမိုကရေစီမဟုတ်သော အစိုးရများနှင့် ပဋိပက္ခထူပြောသော နေရာများတွင် ဝင်ရောက်လုပ်ကိုင်သည့် သမိုင်းရှိသော မီကာတီ ညီအကိုများသည် ကြီးမားသော အခွင့်အလမ်းကို တွေ့ရှိသွားသည်။ ၎င်းတို့သည် ယီမင်၊ ဆီးရီးယား၊ ဆူဒန်နှင့် လက်ဘနွန်တွင် လုပ်ငန်းများလုပ်ကိုင်ပြီး ကြီးမားသော အကျိုးအမြတ်များ ရနေကြသည်။
ထိုညီအကိုများသည် စီးပွားရေးတွင် မျှတမှုနှင့်ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်လျှင် ဆိုးရွားသည့် မှတ်တမ်းရှိသော နေရာများနှင့် အာဏာရှင်များ၏ ဆောင်မမှုဖြင့် သြဇာကြီးမားသည့် စီးပွားရေး လုပ်ငန်းရှင်များ လွှမ်းမိုသည့် ဒေသဆိုင်ရာ ဈေးကွက်များတွင် ဆက်သွယ်ရေး လုပ်ငန်းလုပ်ကိုင်ခြင်းကို အထူးပြုဆောင်ရွက်သူများ ဖြစ်သည်။
ဆက်သွယ်ရေးကဏ္ဍသည် အာဏာရှင်အစိုးရများက ၎င်းတို့ပြည်သူများကို ထိန်းချုပ်ရန် ရည်မှန်းချက်နှင့် ယှဉ်ပြိုင်ရန်မလိုဘဲ သီးသန့်လုပ်ငန်းများ လုပ်ကိုင်လိုသည့် လွန်စွာချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်များကို တွဲယှက်ပေးသည့် အကောင်းဆုံးကဏ္ဍဖြစ်သည်။
လူ့အခွင့်အရေးပြဿနာများနှင့်ပတ်သက်လျှင် ၎င်းတို့၏မူ သို့မဟုတ် ဂုဏ်သတင်းကို မည်သည့်အခါတွင်မျှ ထိခိုက်စေမည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဥပဒေလိုက်နာမည်ဖြစ်ကြောင်း M1 အုပ်စုကပြောသည်။ အသုံးပြုသူများ သတင်းအချက်အလက်များကို ဥပဒေနှင့်ညီသော ကြားဖြတ်တောင်းခံမှုများကိုသာ လိုက်လျှောမည်ဖြစ်ကြောင်းလည်း ပြောသည်။
မသမာမှု စွပ်စွဲချက်များ
လက်ဘနွန်တွင် မီကာတီ ညီအကိုများ၏ အကြီးမားဆုံးလုပ်ငန်းမှာ France Telecom နှင့် ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းဖြစ်ပြီး Cellis အမည်ရှိ ကုမ္ပဏီတခုကို တွဲပြီး ပိုင်ဆိုင်ကြသည်။ Cellis သည်နောက်ပိုင်းတွင် Libancell အမည်ရှိ ကုမ္ပဏီတခုနှင့်အတူ လက်ဘနွန် မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ တခုလုံးကို သိမ်းယူလိုက်သည်။
ထိုကုမ္ပဏီနှစ်ခုတို့သည် ၁၉၉၄ ခုနှစ်မှစတင်ပြီး ထိုကန်ထရိုက်များကို လက်ဘနွန် နိုင်ငံက ၂၀၀၁ ခုနှစ်တွင် ဖျက်သိမ်းချိန်အထိ ထိုသီးသန့်အခွင့်အရေးများ ရရှိနေသည်။
ထိုစဉ်က လက်ဘနွန်ရှိ အများပြည်သူနှင့်ဆိုင်သည့် ကန်ထရိုက်များကို ဆီးရီးယား အစိုးရက ဆီးရီးယား-လက်ဘနွန် လုံခြုံရေးစနစ် အမည်ဖြင့် ကြီးကြပ်နေသည်။ ထိုအဖွဲ့သည် အကျင့်ပျက်ချစားပြီး ဂိုဏ်းဂဏ ဆန်ဆန် အကျိုးအမြတ် ခွဲယူသော လုပ်ငန်းဖြစ်သည်ဟု ဝေဖန်ကြသည်။
အသက် ၆၅ နှစ်ရှိပြီဖြစ်သော နာဂျစ် မီကာတီသည် ညီအကို နှစ်ဦးအနက် အငယ်ဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် လက်ဘနွန်အစိုးရတွင် ပါဝင်လာပြီး အများပြည်သူလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကို တာဝန်ယူသည်။ သူသည် ထိုရာထူးတွင် အစိုးရ ၄ ဆက်ကြာသည့် ၂၀၀၄ ခုနှစ်အထိ နေခဲ့သည်။ သူ၏ စီးပွားရေးသြဇာကြီးထွားနေသလို သူ၏နိုင်ငံရေးနယ်ပယ်လည်း ကျယ်ပြန့်လာသည်။ သူသည် ၂၀၀၅ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ဝန်ကြီးချုပ်နှစ်ကြိမ်ဖြစ်ခဲ့သည်။ ဆီးရီးယားအစိုးရနှင့် နီးကပ်သော ဆက်ဆံရေး မပါဘဲ ထိုရာထူးကို မရနိုင်ပေ။ သူသည် ယခုအပတ်အတွင်း တတိယအကြိမ်ဝန်ကြီးချုပ် တရားဝင်ဖြစ်လာတော့မည် ဖြစ်သည်။
၁၉၉၀ ခုနှစ်များနောက်ပိုင်းတွင် သူပါဝင်ပတ်သက်သော ဆက်သွယ်ရေးလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ရိုးသားတည်ကြည်မှု စံနှုန်းများကို ချိုးဖေါက်သည်ဆိုသည့် စွပ်စွဲချက်များ ရှိနေသည်။ ထို့ကြောင့် အစိုးရကို ပါလီမန်သို့ခေါ်ယူပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များရှေ့တွင် ရှင်းလင်းစေရသည်အထိဖြစ်ခဲ့သည်။
စွပ်စွဲထားသည့် စွဲချက်တခုမှာ Cellis နှင့် Libancell တို့သည် ဖုန်းလိုင်းပေါင်း ၈ သန်းကျော်ရောင်းချရာမှ အမြတ်အစွန်းများ ရသည်ဆိုသည့်အချက်ဖြစ်သည်။ ကန်ထရိုက်စာချုပ်တွင် ၎င်းတို့ကို ဖုန်းလိုင်း ၂ သိန်းခွဲသာ ရောင်းချခွင့်ပြုထားသည်။ ထိုလုပ်ငန်းနှစ်ခုသည် လက်ဘနွန်နိုင်ငံသို့ ပေးရမည့်ငွေမှ ဒေါ်လာ သန်း ၆၀၀ ရသည်ဟု သတင်းများက ဆိုသည်။
အချို့လက်ဘနွန် ပါလီမန်ကိုယ်စားလှယ်များအဆို ထိုစွပ်စွဲထားသော ချိုးဖေါက်မှုများတွင် ယှဉ်ပြိုင်မှုဆန့်ကျင်သည့် အလေ့အထများလည်း ပါဝင်သည်။ ထိုလုပ်ငန်းနှစ်ခုတို့သည် ဆက်သွယ်ရေးကဏ္ဍကို ၈ နှစ်ကြာ သီးသန့်လုပ်ကိုင်ခွင့် ရကြပြီး ဈေးနှုန်းသတ်မှတ်ရန် သဘောတူညီချက်များ ရယူပြီး သုံးစွဲသူများကို အချိုးကျ ခွဲဝေကြသည်ဟုလည်း ဆိုသည်။
နာဂျစ် မီကာတီသည် အစိုးရတွင် ပါဝင်နေသောကြောင့် အကျိုးစီးပွားပဋိပက္ခမှတဆင့် တရားမဝင်ကြွယ်၀ ချမ်းသာမှု ဥပဒေကိုလည်း ချိုးဖေါက်သည်ဟု ပါလီမန် ကိုယ်စားလှယ်များက စွပ်စွဲကြသည်။
ဆီးရီးယားမှ ကြွယ်ဝချမ်းသာမှုများ
မက်လော့ဖ်သည် အယ်လ်အာဆတ် မိသားစုစီးပွားရေးအကျိုးစီးပွားများ၏ ကိုယ်စားလှယ်ဖြစ်သည်ဟု သတ်မှတ်ကြသည်။ သူ၏ဘဏ္ဍာရေးသြဇာသည် အာဆတ်အာဏာရလာပြီးနောက် ပိုမိုကျယ်ပြန့်လာသည်။
မီတာတီညီအကိုများနှင့် မက်လော့ဖ်တို့ကို ချထားပေးသော လိုင်စင်သည် မည်သည့် ပြင်းထန်သော ယှဉ်ပြိုင်မှုကိုမျှ မကြုံရဘဲ ထိုကုမ္ပဏီနှစ်ခုသည် အချိန်တိုအတွင်း အကျိုးအမြတ်များစွာရကြသည်။
၂၀၀၅ ခုနှစ်သို့ရောက်လာသောအခါ Investcom ၏ ဆီးရီးယား ဖုန်းသုံးစွဲသူ ၁ ဒဿမ ၄၇ သန်းသည် လုပ်ငန်းဝင်ငွေ ဒေါ်လာ သန်း ၄၀၀ ပေးသည်။ သီးသန့်အခွင့်အရေးများဖြင့် ပိတ်ပင်ထားသော ဈေးကွက်တွင် မီကာတီ မိသားစုသည် ဆူဒန်၊ ယီမင်နှင့် အာဖဂန်နစ္စတန်တို့တွင်လည်း လုပ်ကိုင်နေသည့် Investcom ကို ရောင်းချရန် ဆုံးဖြတ်လိုက်သည်။ ထိုမိသားစုသည် Investcom ကို ဝယ်ယူသည့် MTN ကုမ္ပဏီ၏ ၁၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုကိုလည်း ထိန်းသိမ်းထားသည်။
ယီမင်တွင် Investcom နှင့် MTN တို့သည် အခွန်ရှောင်ရာ တိုင်းပြည်များတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအများအပြားနှင့်လည်း ပတ်သက်နေသည်။ အာရပ်သတင်းထောက်များ စုံစမ်းထောက်လှမ်းရေးသတင်း (ARIJ) ၏ စုံစမ်းစစ်ဆေးမှု တခုအရ ထိုသို့လုပ်ခြင်းမှာ အလီ အဗ္ဗဒူလာ ဆာလား၏ အစိုးရကို ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို တရားမဝင်ရှောင်ရှားရန်နှင့် ယီမင်အစိုးရ၏ စီးပွားရေးသမားများနှင့် အကျိုးအမြတ် ခွဲဝေရန်တို့ကြောင့် ဖြစ်သည်။
ဆူဒန်တွင် ဒါဖူး လူသတ်ပွဲအပြီး အိုမာ အယ်လ် ဘာရှား အစိုးရအပေါ် နိုင်ငံတကာ ဖိအားများ မြင့်မားနေချိန်တွင် Investcom သည် ဒုတိယမြောက် မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက် လိုင်စင်ရယူပြီး ဆူဒန်ဈေးကွက်သို့ ဝင်သည်။
ထိုလုပ်ငန်းကြောင့် ဆူဒန်အစိုးရသည် ယူရို သန်း ၁၅၀ ခန့်ကို Investcom မှ တရားဝင်ရသည်။
လက်ရှိအချိန်တွင် မီကာတီညီအကိုများ၏ ကွန်ရက်သည် ဒေါ်လာ ၅ ဒဿမ ၄ ဘီလျံကျော် တန်ဖိုးရှိပြိး ညီအကိုနှစ်ယောက် ခွဲဝေပိုင်ဆိုင်သည်။ နာဂျစ်သည် လက်ဘနွန် နိုင်ငံရေးလောကတွင် သြဇာကြီးမားသည့် ပါလီမန်ကိုယ်စားလှယ် ၄ ဦးဖြင့် ဖွဲ့စည်းထားသည့် ပါလီမန် အဖွဲ့တခုကိုလည်း ဦဆောင်ပြီး မိသားစု၏ နိုင်ငံရေးမျက်နှာစာကို ကိုယ်စားပြုသည်။
နာဂျစ်သည် ဝန်ကြီးချုပ်ဟောင်းများကလပ်တွင်လည်း ပါဝင်သည်။ ထိုအဖွဲ့သည် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပွားချိန်တွင် ဘာသာရေးဂိုဏ်းဂဏများကြား အာဏာပွဲစားလုပ်ပေးသည့် အလွတ်သဘောအဖွဲ့အစည်းဖြစ်သည်။ နိုင်ငံရေးအာဏာကို တိုင်းပြည်မှ အဓိက ဘာသာရေးအုပ်စုများအကြားတွင် ခွဲဝေထားသောကြောင့် ထိုသို့လုပ်နိုင်ခြင်းဖြစ်သည်။ အကိုအကြီးဖြစ်သူ တာဟာသည် မိသားစု စီးပွားရေး လုပ်ငန်းများကိုသာ အာရုံစိုက်ပြီး နိုင်ငံရေးရည်မှန်းချက် ကြီးကြီးမားမားမရှိပေ။
မီကာတီညီအကိုများသည် ဆီးရီးယားတွင် လုပ်သကဲ့သို့ မြန်မာနိုင်ငံတွင် လုပ်မည်ကို လူအများအပြားက စိုးရိမ်ကြသည်။ ဆီးရီးယားတွင် MTN သည် အစိုးရက အချို့အင်တာနက်စာမျက်နှာများနှင့် အကြောင်းအရာများကို ပိတ်ဆို့သည်ကို ခွင့်ပြုသည်။
M1 အုပ်စုနှင့် နာဂျစ် မီကာတီ တို့က မေးမြန်းမှုများကို အကြောင်းပြန်ကြားခြင်းမရှိပေ။
(လွတ်လပ်သော လက်ဘနွန် ဒစ်ဂျစ်တယ် သတင်းမီဒီယာ Daraj တွင် ဖော်ပြထားသော Ali Nour ၏ Meet the The Mikati Brothers: The Myanmar Communications Kings ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တယ်လီနောမြန်မာက သုံးစွဲသူများ၏ အချက်အလက်များ လက်လွှဲရောင်းချမှု ကန့်ကွက်ခံနေရ
ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားသား ဝန်ထမ်း ခန့်အပ်မှု ဗဟိုဘဏ် ကန့်သတ်
စစ်အာဏာသိမ်း ၆ လအတွင်း မြန်မာ့စီးပွားရေး အသက်ရှုကျပ်နေ
ဗင်နီဇွဲလားလို မြန်မာနိုင်ငံ ချောက်ထဲခုန်ဆင်းနေသည်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ