လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် တနိုင်ငံလုံး ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၉ မြို့နယ်နှင့် တခြားမြို့နယ်ထဲက ရပ်ကွက်ပေါင်း ၁၅ နှင့် ကျေးရွာအုပ်စု ၁၃၇ တို့ကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့က ကြေညာခဲ့သည်။
ထိုသို့ လုံးဝ မကျင်းပနိုင်သည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော တို့ဖြစ်ကြပြီး တစိတ်တပိုင်း ကျင်းပမည့် မြို့နယ် ၄ ခု မှာ စစ်တွေမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၄ အုပ်စု၊ ကျောက်ဖြူမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ ခု၊ တောင်ကုတ် မြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက် ၁၀ ရက်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုတို့ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များ အားလုံး ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းက ပယ်ဖျက်ထားပြီး ရခိုင် တောင်ပိုင်းက သံတွဲ၊ ဂွ၊ မာန်အောင်၊ ရမ်းဗြဲ မြို့ နယ် ၄ ခုသာ အပြည့်အဝ ကျင်းပနိုင်တော့မည် ဖြစ်သည်။
ယင်းသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲ လုံးဝ မပြုလုပ်သည့် မြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့ စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့် မြို့နယ်များ ပါဝင်သလို တချို့မြို့နယ်များတွင် တည်ငြိမ်ပြီး စစ်ရေးလှုပ်ရှားမှု မရှိသည့် ရခိုင်မြောက်ပိုင်း ပေါက်တောမြို့နယ်လိုမျိုး ပါဝင်လာခြင်းကလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။
“ရခိုင် ၁၇ မြို့နယ်မှာ ပေါက်တောမြို့နယ်က ဘာတိုက်ပွဲမှ မရှိပဲ တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်တခုဖြစ်တယ်။ ဒီမြို့နယ်မှာလည်း မကျင်းပတော့ဘူးဆိုတော့ ရွေးကော်ဘက်က ဘယ်လို report ကြောင့် ကြေညာတာလည်း ဆိုတာကိုလည်း ကျနော်တို့ သိချင်တယ် ”
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ALD ၏ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးကျော်က “ရခိုင် ၁၇ မြို့နယ်မှာ ပေါက်တောမြို့နယ်က ဘာတိုက်ပွဲမှ မရှိပဲ တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်တခုဖြစ်တယ်။ ဒီမြို့နယ်မှာလည်း မကျင်းပတော့ဘူးဆိုတော့ ရွေးကော်ဘက်က ဘယ်လို report ကြောင့် ကြေညာတာလည်း ဆိုတာကိုလည်း ကျနော်တို့ သိချင်တယ် ” ဟု ဆိုသည်။
ပေါက်တောမြို့နယ်ဆိုသည်မှာ စစ်တွေမြို့၏ အရှေ့ဘက်တွင် တည်ရှိကာ ရေလုပ်ငန်း အပါအဝင် လယ်ယာလုပ်ငန်း လုပ်ကိုင်ကြပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွား ဒေသတခု မဟုတ်သလို ပုဇွန်တာတမံများ ရှိသည့် ဒေသခု ဖြစ်သည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဝင်ရောက် စစ်ရေးလှုပ်ရှားမှု ဆိုသည်မှာလည်း မလွယ်ကူသော အရပ်ဒေသခု ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ ( ANP ) ပါတီမှ ပါတီ နိုင်ငံရေးမူဝါဒရေးရာကော်မတီဝင်လည်းဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက စစ်ရေးဋိပက္ခမရှိသည့် ပေါက်တောမြို့နယ်လိုမျိုး နေရာအား ကော်မရှင်က ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ခြင်းအပေါ် ဝေဖန်ထောက်ပြစရာတခုဖြစ်သည်ဟုဆိုသည်။
ဦးဖေသန်းက “ ပေါက်တောမြို့နယ်မှာ ဘာမှ မဖြစ်ဘူး။ ပထဝီအနေအထားအရလည်း AA ခြေကုပ် ယူလို့ ရတဲ့အနေအထား မရှိဘူး။ တောကြီး တောင်ကြီးလည်းမရှိဘူး။ ရှောင်တိမ်းဖို့ ၊ ဆုတ်ဖို့ လမ်းလည်း မရှိဘူး။ ဒါကြောင့် လုံခြုံရေးအရ ပြောမယ်ဆိုရင် ပြဿနာ ဖြစ်မယ့်နေရာ မဟုတ်ဘူး။ ANP နယ်မြေဖြစ်လို့ ပယ်ဖျက်တာလားလို့ ခြုံငုံသုံးသပ်မိတယ် ” ဟု ဧရာဝတီသို့ပြောသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုံခြုံရေး အကြောင်းပြချက်များ ရခိုင်ပြည်နယ် မြို့နယ် အမြောက်အမြားအား ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းက ပယ်ဖျက်သော်လည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်လို စစ်ရေးပြင်းထန်နေသော ဒေသအား ရွေးကောက်ပွဲ ကျင်းပမည့် စာရင်းတွင် ပါဝင်နေသည်။
“ချင်းပြည်နယ်ထဲက ပလက်ဝမြို့ဆိုရင်လည်း စစ်ပွဲဧရိယာထဲမှာပဲဖြစ်တယ်။ အဲဒီနေရာမှာ ရွေးကောက်ပွဲ ကျင်းပလို့ ရတယ်ဆိုပြီး ပေါက်တောက မရဘူးဆိုတော့ UEC ထုတ်ပြန်ချက်ဟာ ဘက် လိုက်မှုတွေနဲ့ ထုတ်ပြန်နေတယ်လို့ ပြောချင်တယ်” ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့မှ ခိုင်ကောင်းစံက ထောက်ပြ ဝေဖန်သည်။
ယင်းအပြင် ရွေးကောက်ပွဲဖျက်သိမ်းခံလိုက်ရသည့် နေရာအများစုသည် ရခိုင်ပါတီများ အားကောင်း သည့် နေရာများဖြစ်နေသည့်အတွက် ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်မှာ ရိုးသားမှုမရှိ ကြောင်းလည်း နိုင်ငံရေးသမားများက ပြောဆိုနေကြသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ပလက်ဝကို မနာလို လို့ပြောတာမဟုတ်ဘူး။ အပြုသဘောနဲ့ မြင်ပြီးပြောရရင် အဲဒီဒေသမှာ တိုက်ပွဲတွေ၊ စစ်ဘေး ရှောင်တွေလည်း အများကြီးရှိနေတယ်။ အဲဒီမှာ ရွေးကောက်ပွဲလုပ်လို့ ရပြီးတော့ ဒီဘက် ပေါက်တောကို မလုပ်ဆိုတာကတော့ ဘာကြောင့်လဲဆိုတာကို UEC ဘက်က ဖြေရှင်းချက် ပေးသင့်တယ်”ဟု ဝေဖန်သည်။
ဆက်လက်၍ ၎င်းက “တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ မလုပ်ဖြစ်ဆိုတာကို လက်ခံတယ်။ သို့သော် အခုကျတော့ ပေါက်တောမြို့နယ်ဟာ အဖြူရောင်နယ်မြေ၊ တိုက်ပွဲဖြစ်ပွားမှု ဘာမှ မရှိဘူး။ နောက်ပြီးတော့ မောင်တောဆိုရင်လည်း တိုက်ပွဲမရှိဘူး။ အမှန်တကယ် လုပ်ပေးချင်ရင် နောက် ၄ နေရာ လောက်မှာလည်း မြို့ပေါ်တွေမှာ လုပ်လို့ရတဲ့ အနေအထား ရှိတယ်။ နောက်ပြီး တော့ ဒီ ရခိုင် ၉ မြို့ နယ်မှာ ရွေး ကောက်ပွဲဖြစ်ခဲ့ရင် ရခိုင်ပါတီတွေကပဲ နိုင်ဖို့အခြေနေအနေ ရှိနေတာ။ ဒီအချက်ကို စဉ်းစား စရာဖြစ်လာတယ်” ဟုဆိုသည်။
“တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ မလုပ်ဖြစ်ဆိုတာကို လက်ခံတယ်။ သို့သော် အခုကျတော့ ပေါက်တောမြို့နယ်ဟာ အဖြူရောင်နယ်မြေ၊ တိုက်ပွဲဖြစ်ပွားမှု ဘာမှ မရှိဘူး။ နောက်ပြီးတော့ မောင်တောဆိုရင်လည်း တိုက်ပွဲမရှိဘူး။ အမှန်တကယ် လုပ်ပေးချင်ရင် နောက် ၄ နေရာ လောက်မှာလည်း မြို့ပေါ်တွေမှာ လုပ်လို့ရတဲ့ အနေအထား ရှိတယ်။ နောက်ပြီး တော့ ဒီ ရခိုင် ၉ မြို့ နယ်မှာ ရွေး ကောက်ပွဲဖြစ်ခဲ့ရင် ရခိုင်ပါတီတွေကပဲ နိုင်ဖို့အခြေနေအနေ ရှိနေတာ။ ဒီအချက်ကို စဉ်းစား စရာဖြစ်လာတယ်”
ပြည်မနှင့် ရခိုင်ပြည်နယ်ကို စည်းခြားထားသော ရခိုင်ရိုးမတောင်ခြေတွင် ရှိသည့် အမ်းမြို့နယ်ဆိုလျှင်လည်း မြို့ပေါ် ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ အုပ်စုကို ပယ်ဖျက်လိုက်သည့်အတွက် ပြည်နယ်မဲဆန္ဒနယ် အမှတ် ( ၂ ) မှာ လုံးဝ ဖျက်သိမ်းစာရင်းတွင် ပါဝင်သွားသည်။
ဖျက်သိမ်းခံ မဲဆန္ဒနယ်အမှတ် ( ၂ ) သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလက ရခိုင် အမျိုးသား ပါတီမှ ဦခင်မောင်ဌေး အနိုင် ရရှိထားသော နယ်မြေတခုဖြစ်ပြီး ကျင်းပခွင့် ရရှိသည့် အမှတ် ( ၁ ) နယ် မြေသည် ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း အနိုင်ရရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ နယ်မြေ တခုလည်း ဖြစ်သည်။
အလားတူ ပင်လယ်ကမ်းစပ်မြို့တခုဖြစ်သည့် ကျောက်ဖြူမြို့နယ်တွင်လည်း မြို့ပေါ် ရပ်ကွက် ၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တခုမကျန် ၅၂ အုပ်စုလုံးကို ရွေးကောက်ပွဲ စာရင်းက ပယ်ဖျက်လိုက်သည့် အတွက် ဆန္ဒမဲပေးခင့်ရှိသူ လူဦးရေ ၃၀၀၀ ( သုံးထောင် ) ကျော်ရှိသည့် စနဲမြို့နယ်နှင့် မြို့ပေါ် ရပ်ကွက် ၁၅ ရက်ကွက်သာ ကျန်ရှိရာ လူဦးရေ ၁၀၀၀၀၀ ( တသိန်းကျော် ) မဲပေးပိုင်ခွင့် ဆုံးရှုံး သွားကြောင်းလည်း လက်ရှိပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်လောင်းလည်း ဖြစ်သူ ဦးကျော်လွင်က ပြောသည်။
၎င်းက “ ကျောက်ဖြူမြို့နယ်က အုပ်စုအားလုံးကို ချန်ထားခဲ့တာ။ စနဲမြို့နဲ့ ကျောက်ဖြူမြို့လောက်ပဲ ကျန်တယ်။ ဒါက မလုပ်သင့်ဘူးလေ။ ဒီဒေသမှာ ရခိုင်ပါတီတွေ နိုင်ဖို့လို့လည်း ပြောလို့ရတယ်”ဟု ဆိုသည်။
ယင်းအပြင် တောင်ကုတ်မြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၂ စုရှိသည့် အနက် ၅၂ အုပ်စုလုံး ပယ်ဖျက်ခံရပြီး မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်သာ ကျန်ရှိကာ ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှာလည်း ပယ်ဖျက်သည့် စာရင်းတွင် ပါဝင်သွားသည်။
ထိုရွေးကောက်ပွဲ ကျင်းပသည့် မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်မှာ ချောင်းကောက်၊ သိမ်တောင်၊ ဂူတာ၊ ကံပိုင် စသည့် ရပ်ကွက် ၄ ရပ်ကွက်တွင် ဆန္ဒမဲ ပေးခွင့်ရှိသူ လူဦးရေ ၂၀၀၀၀ ကျော်သာ ကျန်ရှိတော့ကြောင်းလည်း မဲဆန္ဒနယ်အမှတ် ( ၂ )တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ် ကိုယ်စား လှယ် လောင်း ဒေါက်တာတင်မာအောင်က ပြောသည်။
ဒေါက်တာတင်မာအောင်က “ ကျမတို့ မဲဆွယ်စည်းရုံးရေးဆင်းထားတဲ့ ကျေးရွာအုပ်စုတွေ အကုန် ပယ်ဖျက်တဲ့ စာရင်းမှာ ပါသွားပြီ။ ဘာကြောင့် ဒီလို လုပ်တယ်ဆိုတာတော့ မသိဘူး။ မေးခွန်း တွေလည်း မေးတယ်။ မေးရင်လည်း ဘယ်သူမှ တာဝန်မယူဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ဒေသအတွင်းက လွှတ်တော်ကိုယ်စားလှယ်များမှာ လွှတ်တော်ထဲတွင် မရှိတော့သည့်အတွက် ဒေသခံများ၏ လိုအပ်ချက်၊ နစ်နာချက်များကို ပြောဆိုခွင့် မရခြင်းမှာ ဒီမိုကရေစီအတွက် အခွင့်အရေးများ ဆုံးရှုံးကြောင်းလည်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် ဥက္ကဌ ဒေါက်တာစန်းရွှေက ပြောသည်။
“ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ထုတ်ပြန်တာကို မှားတယ်၊ မှန်တယ်လို့ပြောရမှာ ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒိုင်လူကြီးက ဆုံးဖြတ်တာဖြစ်လို့ ကစားသမားတွေကတော့ လိုက်နာရမှာပဲလေ။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတခုရဲ့ အနှစ်သာရအတိုင်း ပြည်သူတွေရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ တိုင်းပြည်ရဲ့အရေးကိစ္စတွေကို တင်ပြကြတာဖြစ်တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မဲဆန္ဒနယ်လွှတ်တော်အမတ်တွေက ဖော်ထုတ်ရတာက လွှတ်တော်ပဲလေ။ အခုတော့ ကိုယ်စားလှယ်တွေမရှိတော့ လွှတ်တော်မှာ ဖော်ထုတ်လို့ မရတော့ဘူး ”
ဒေါက်တာစန်းရွှေက “ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ထုတ်ပြန်တာကို မှားတယ်၊ မှန်တယ်လို့ပြောရမှာ ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒိုင်လူကြီးက ဆုံးဖြတ်တာဖြစ်လို့ ကစားသမားတွေကတော့ လိုက်နာရမှာပဲလေ။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတခုရဲ့ အနှစ်သာရအတိုင်း ပြည်သူတွေရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ တိုင်းပြည်ရဲ့အရေးကိစ္စတွေကို တင်ပြကြတာဖြစ်တယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မဲဆန္ဒနယ်လွှတ်တော်အမတ်တွေက ဖော်ထုတ်ရတာက လွှတ်တော်ပဲလေ။ အခုတော့ ကိုယ်စားလှယ်တွေမရှိတော့ လွှတ်တော်မှာ ဖော်ထုတ်လို့ မရတော့ဘူး ” ဟု ဆိုသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ရွှေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ် တော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စား လှယ်လောင်း ၃၈၅ ဦးဝင် ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်ထားခဲ့ကြသလို ပြည်နယ် ကော်မရှင်က မဲရုံပေါင်း ၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိကြောင်းလည်း ရခိုင်ပြည်နယ် ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတခုလုံးနှင့် ကျန်မြို့နယ်များရှိ ကျေးရွာအုပ်စုပေါင်း ၁၃၀ ကျော်နှင့် မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်တို့တွင် ရွေးကောက်ပွဲ ပယ်ဖျက်လိုက်သည့်အတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၁၆ သိန်း ကျော်အနက် မဲပေးခွင့်ရှိသူ ၁၂ သိန်းကျော် မဲပေးခွင့် ဆုံရှုံးသွားခဲ့ကြောင်း ပြည်နယ် ရွေးကော်ပွဲ ကော်မရှင် စာရင်းဇယားအရ သိရသည်။
ရခိုင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်များ ရွေးကောက်ပွဲ ပယ်ဖျက်လိုက်ခြင်းနှင့် ပတ်သက်ပြီး ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ရွေးကောက်ပွဲကျင်းပခြင်း လုပ်ငန်းစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့် ဖြစ်သဖြင့် ပြည်ထောင်စု ကော်မရှင်၏ သဘောထားသာ ဖြစ်ကြောင်း ပြောသည်။
၎င်းက “ ကော်မရှင်ဥပဒေအရ လုံခြုံရေးအရသော်လည်း ကောင်း၊ ကူးစက်ရောဂါ အခြေအနေ အရသော် လည်းကောင်း၊ ရွေးကောက်ပွဲကျင်းပခြင်း လုပ်ငန်းစဉ်အရ ထိခိုက်နိုင်မယ့် နေရာတွေရှိမယ်ဆိုရင် မကျင်းပဘဲ ရွှေ့ဆိုင်းလို့ရတယ်ဆိုတာက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတာဝန်ထဲမှာ ပါတယ်။ ပြည်ထောင်စုကော်မရှင်မှာပဲ လုပ်ပိုင်ခွင့်ပေးထားတာ ဖြစ်တဲ့အတွက် ပြည်ထောင်စုကော်မရှင်ကိုပဲ မေးတာ ကောင်းပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက လုံခြုံရေးအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ မရှိသည့် ဆိုသည့် ဒေသများနှင့်ပတ်သက်ပြီး ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ၏ သဘောထားကို တောင်းခံပြီး ကြေညာပေးမည် ဖြစ်ကြောင်း ယခုလအတွင်းက သတင်းမီဒီယာများသို့ ထုတ် ဖော်ပြောကြားထားသည်ကိုလည်း တွေ့ရသည်။
ကာကွယ်ရေးနှင့် ပြည်နယ်ရေးဝန်ကြီးဌာနတို့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လက်အောက်တွင် ရှိနေသည့်အတွက် တပ်ချုပ်၏ သဘောထားဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိသလို ရွေးကောက်ပွဲ ကော်မရှင်မှာလည်း သမ္မတက ခန့်အပ်ထားသူများ ဖြစ်သည့်အတွက် အစိုးရ သဘောထားလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိကာ နှစ်ဖွဲ့လုံး၏ သဘောထားလည်း ဖြစ်နိုင်သည်ဟု သုံးသပ်သူများလည်း ရှိသည်။
ထိုသို့ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲလုံးဝ မကျင်းပနိုင်သည့်အတွက် ပြည် သူ့လွှတ် တော် နေရာ ၉ နေရာ၊ အမျိုးသားလွှတ်တော် နေရာ ၇ နေရာနှင့် မြို့နယ် ၉ ခုမှ ပြည်နယ် လွှတ်တော် ၁၈ နေရာနှင့် အမ်း ၁ နေရာ ၊ တောင်ကုတ် ၁ နေရာ စုစုပေါင်း ပြည်နယ်လွှတ်တော် ၂၀ နေရာ၊ စုစု ပေါင်း ပြည်သူ့ကိုယ်စားလှယ် ၃၆ ဦး လွှတ်တော်များသို့ တက်ရောက်ခွင့် ဆုံးရှုံးသွားခဲ့သည်။
ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီ ( ANP ) မှ ပြည်နယ်လွှတ်တော်တွင် ၂၃ နေရာ ၊ အမျိုသားလွှတ်တော်တွင် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၁၂ နေရာ အနိုင်ရှိခဲ့သည်။
အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ( NLD ) သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင် မြောက်ပိုင်းမြို့နယ်များတွင် ရှုံးနိမ့်ခဲ့သော်လည်း တောင်ပိုင်းမြို့နယ်များတွင် အမျိုးသားလွှတ်တော် ၁ နေရာ ၊ ပြည်သူ့လွှတ်တော် ၄ နေရာနှင့် ပြည်နယ် လွှတ်တော်တွင် ချင်းတိုင်းရင်းသား ဝန်ကြီး နေရာ အပါအဝင် အမတ်နေရာ ၉ နေရာ အနိုင် ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်တွင် ၃ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၁ နေရာ စုစုပေါင်း ၄ နေရာ အနိုင်ရရှိခဲ့သည်။
လက်ရှိတွင် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲမရှိတော့သလို ကျန်မြို့နယ်များ၏ အစိတ်အပိုင်း တချို့မှာလည်း ရွေးကောက်ပွဲ ပယ်ဖျက်ခံရသဖြင့် ပါတီနိုင်ငံရေးလမ်းကြောင်း အားနည်းသွားကာ စစ်ပွဲကျယ်ပြန့်လာမည်ကို စိုးရိမ်နေကြသူများလည်း ရှိသည်။
ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုအစည်းအရုံး (REC ) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက“ အခု ပုံစံကတော့ စစ်ရေးကိုပိုပြီး ဦးတည်သွားဖို့ လမ်းခင်း ပေးသလို ဖြစ်သွားတယ်။ အမှန်က ပါတီနိုင်ငံရေးဘောင်ကို ချဲ့ကားရမှာကို နိုင်ငံရေးဘောင်ကို ကျဉ်းစေသလို ဖြစ်နေတဲ့ အတွက် နောက်ဆက်တွဲမှာ ဆိုးကျိုးတွေများလာနိုင်တယ်” ဟု သုံးသပ်သည်။
“ အခု ပုံစံကတော့ စစ်ရေးကိုပိုပြီး ဦးတည်သွားဖို့ လမ်းခင်း ပေးသလို ဖြစ်သွားတယ်။ အမှန်က ပါတီနိုင်ငံရေးဘောင်ကို ချဲ့ကားရမှာကို နိုင်ငံရေးဘောင်ကို ကျဉ်းစေသလို ဖြစ်နေတဲ့ အတွက် နောက်ဆက်တွဲမှာ ဆိုးကျိုးတွေများလာနိုင်တယ်”
မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့သည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေ လက်ရှိ အချ်ိန်အထိ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ပြည်သူ ၂၂၀၀၀၀ ကျော်မှာလည်း စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်ခိုလူံနေကြရသဖြင့် ရွေး ကောက်ပွဲ မရှိတော့လျှင် ရခိုင်ပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေး ကျင့်သုံးလာနိုင်ခြေရှိကြောင်းလည်း စိုးရိမ်ကြသည်။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ ၁၇ မြို့နယ်မှာ ၉ မြို့နယ် မလုပ်တဲ့ ရွေးကောက်ပွဲကတော့ ဖြစ်ပေါ်လာတဲ့ အစိုးရ၊ ဖြစ်ပေါ်လာတဲ့ လွှတ်တော်တွေဟာ ပြည်သူကို ကိုယ်စားပြုမှု အလွန်အားနည်းတဲ့ အစိုးရနဲ့ လွှတ်တော်ပဲ ဖြစ်လိမ့်မယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ၉ မြို့နယ်ဟာ စစ်အုပ်ချုပ် ရေး ဖြစ်လာနိုင်တယ် ” ဟု ဆိုသည်။
You may also like these stories:
ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် ၂၀၁၅ ထက် ပိုများလာ
တောင်ကုတ် NLD အမတ်လောင်း ၃ ဦးကို လက်နက်ကိုင်အဖွဲ့တခု က ဖမ်းဆီးသွား
ရောင်အသွေး ပိုစုံလာတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ
ဘတပြန်ကျားတပြန် ကယားပြည်နယ်ရွေးကောက်ပွဲ