ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးမှာ ၎င်းမြို့နယ်အတွင်း ယနေ့မနက်ပိုင်းက မဲဆွယ် စည်းရုံးရေး ပြုလုပ်နေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တခုမှ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးမှာ တောင်ကုတ်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ဖြစ်သည်။
တောင်ကုတ်မြို့နယ် NLD ပါတီဝင်တဦးက “ဒီနေ့ မနက် ၉ နာရီလောက်မှာ ဖောင်းခါးရွာဘက်ကို မဲဆွယ်စည်းရုံးရေး သွားတဲ့ အခါ အဖမ်းခံရတာ။ ကျန်တာတော့ သတင်းအတိကျ မရသေးဘူး။ ပါသွားတဲ့ လူတွေကိုလည်း ဆက်သွယ်လို့ မရသေးဘူး။ ကြောက်ပြီး အကုန်ပုန်း နေကြရတယ်လို့ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
NLD ဗဟိုမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း တောင် ကုတ်မြို့နယ် အတွင်းက ၎င်းတို့ပါတီမှ ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီး ခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုသည်။
ဒေါက်တာမျိုးညွန့်က “ကိုယ်စားလှယ်လောင်း ၃ ဦး မဲဆွယ်ခရီးထွက် သွားတာပါ။ ဖောင်းခါးရွာကိုပါ။ ဒီမနက် ထမင်းစားချိန်လောက်မှာ အမည်မသိ လက်နက်ကိုင် တစုက ရောက်လာပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ရမ်းဗြဲဘက်ကို စက်လှေနဲ့ ခေါ်သွားတယ်။ အဲလောက်ပဲ ကျနော်တို့ သိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ကတော့ ခန့်မှန်းဘာမှ မပြောလိုပါဘူး။ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် တရားဝင် နိုင်ငံရေး မဲဆွယ်စည်းရုံးနေတဲ့ ပါတီဝင်တွေကို ဖမ်းဆီးတာ မသင့်တော်ဘူူး။ အထူးသဖြင့် အဲလို ဖမ်းဆီးတဲ့အဖွဲ့ဟာ ပြည်သူ လူထုရဲ့ ယုံကြည်မှုကို ကျဆင်းစေနိုင်တယ်။ တိုင်းရင်းသား အရေးနဲ့ ပြည်တွင်းရေးကို ဖြေရှင်းလိုတယ်ဆိုရင်တော့ သူတို့ကို အမြန်ဆုံး ပြန်လည်လွတ်ပေးတာက အသင့်တော်ဆုံးလို့ ဖြစ်မယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင်ကတော့ အဆိုပါ ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး အချိန်နှင့် တပြေးညီ လုပ်ကိုင်ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်လျှက် ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ရဲမှူး သန်းနိုင်က “ကိုယ်စားလှယ်လောင်း ၃ ဦးဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ကျနော်တို့ အချိန်နဲ့ တပြေးညီဆောင်ရွက်နေပါတယ်။ ဘယ်လို ဆောင်ရွက် နေတယ်ဆိုတာ လုံခြုံရေးကိစ္စတွေဖြစ်လို့ ကျနော်တို့ ပြောလို့ မရဘူး” ဟု ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ကြိုးတုပ်ပြီး ရိုက်နှက်မှုများ ရှိကြောင်း မြေပြင်သတင်းများကို ကိုးကားပြောဆိုပြီး ယခုကဲ့သို့ ဖမ်းဆီးမှုများကို ရက္ခိုင်စစ်တပ် (AA) အဖွဲ့ကသာ လုပ်ဆောင်လေ့ရှိကြောင်း ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး မင်းသန်း က “ ဒီနေ့ ၁၀ နာရီ ၅၀ လောက်မှာ ဖမ်းသွားတာပေါ့။ အဲဒီဧရိယာမှာ အားကစားဝတ်စုံနဲ့ဆိုတော့ AA ကလို့ပဲ ယူဆရမှာပေါ့။ ဖမ်းသွားတဲ့ အချိန်မှာ ကြိုးနဲ့လည်း တုပ်တယ်၊ ရိုက်လည်း ရိုက်တယ်လို့ ပြောတယ်” ဟု ပြောသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်မည်ကို မနှစ်မြို့သဖြင့် AA က ဖမ်းဆီးခဲ့သည်၊ ထို့နောက် AA အဖွဲ့၏ လက်တွင် ဦးရဲသိန်း အသက်ဆုံးရှုံးခဲ့ရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရမ်းဗြဲမြို့နယ် အလုပ် အမှုဆောင်၊ မြို့နယ်ဘဏ္ဍာရေးမှူးလည်း ဖြစ်သူ ဦးဇေယျာမင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်း ခံခဲ့ပြီးနောက် ဇွန်လ ၅ ရက်နေ့က ပြန်လည် လွတ်မြောက် လာခဲ့သည်။
AA က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယ နိုင်ငံသား ၅ ဦး၊ စကားပြန် ၂ ဦး၊ စပိဘုတ် မောင်းသူ၂ ဦး စုစုပေါင်း ၁၀ ဦးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့ပြီး ဦးဝှေ့တင်းမှာ AA လက်တွင် ၃ လနီးပါး ထိန်းသိမ်းခံခဲ့ရသေးသည်။
You may also like these stories:
ပလက်ဝရှိ AA လှုပ်ရှားရာ နယ်မြေများ၌ ရွေးကောက်ပွဲ ကျင်းပရန် မသေချာ.
နေပြည်တော်တွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအားလုံးကို ကော်မရှင် အတည်ပြု
စစ်ပွဲ၊ ကိုဗစ်နှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အလားအလာ