အစိုးရ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့် ပါတီ အသီးသီးနှင့် တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ၇၆ ဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၃၀ ရက်နေ့တွင် အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်လောင်းများအနေဖြင့် တဦးမှ ကန့်ကွက်ခံရသူမရှိသလို အရည်အချင်းအချင်း မပြည့်မီသူ မရှိသည့် အတွက် လျှောက်ထားသူ ၇၆ ဦးစလုံးကို အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်းက ပြောသည်။
“လာတင်တာ ၇၆ ယောက်၊ အားလုံး အရည်အချင်းပြည့်မီတယ်။ တယောက်နဲ့ တယောက်ကန့်ကွက်တာလည်း မရှိဘူး”
ဟု ဦးအောင်စိုးဝင်းက ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တွင် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ စသည့် မြို့ နယ်များအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ နေရာနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ နေရာ ရှိသည်။
ယင်းနေရာများအတွက် နိုင်ငံရေးပါတီ ၁၂ ခု မှ ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ၇၆ ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်
လက်ရှိ အာဏာရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနှင့် ညီညွှတ်သောဒီမိုကရက်တစ်ပါတီတို့က နေပြည်တော်ရှိ ရွေးကောက်ပွဲ နေရာ အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် ကိုယ်စားလှယ်လောင်းများက ဇမ္ဗူသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်မှလွဲ၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်စာရင်းအတိုင်း ပြန်လည် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နေပြည်တော်တွင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ များ အများ စု တည်ရှိနေသည့် ဇေယျာသီရိမြို့နယ်မှ လွဲ၍ ကျန်နေရာအားလုံး အနိုင်ရရှိခဲ့သည်။
နေပြည်တော်မှ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက“ပါတီကလည်း စိတ်ချလို့ ကျနော်တို့ကို ထပ်ပြီး တာဝန်ပေးတဲ့ သဘောပါပဲ’’ဟု ပြောသည်။
အတိုက်အခံ ကြံ့ခိုင်ရေးပါတီတွင်မူ တပ်မတော်အရာရှိဟောင်း၊ ဝန်ကြီးဟောင်းများဖြစ်သော ပါတီ ဥက္ကဌ ဦးသန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးဝင်းရှိန်နှင့် ဦးဝေလွင်တို့က နေပြည်တော်ရှိ သီရိ ၅ မြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ဒေသခံဖြစ်သူ ပါတီကိုယ်စားလှယ်များလောင်းများက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သီရိ ၅ မြို့နယ်တွင် ယှဉ်ပြိုင်မည့် တပ်အရာရှိဟောင်း၊ ဝန်ကြီးဟောင်းများသည်လည်း လက်ရှိတွင် နေပြည်တော်တွင် နေထိုင်လျှက်ရှိသည့်အတွက် ဒေသခံများဟု ပြောနိုင်ကြောင်း၊ ပါတီမှ အရည်အချင်းနှင့် အတွေ့အကြုံများအပေါ် မူတည်၍ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း လယ်ဝေးမြို့နယ်မှ ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှ ယ်လောင်း ဦးဌေးဝင်းက ပြောသည်။
အခြားပါတီများ အနေဖြင့် ပြည်သူ့လွှတ်တော်နေရာတွင် အခြေခံလူတန်းစားဘဝတိုးတက်ရေးပါတီမှ ၅ နေရာ၊ ပြည် သူ့ ရှေ့ဆောင် ပါတီမှ ၄ နေရာ၊ ပြည်သူ့ပါတီမှ ၃ နေရာ ၊ တိုင်းရင်းသားစည်းလုံးညီညွှွတ်ရေးပါတီမှ ၄နေရာ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ၄နေရာ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှ ၁ နေရာ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ၁ နေရာ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ၁ နေရာတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အမျိုးသားလွှတ်တော်နေရာအတွက် ပြည်သူ့ရှေ့ဆောင်ပါတီက ၁ နေရာ၊ ပြည်သူ့ပါတီက ၁ နေရာ၊ အခြေခံ လူတန်းစား ဘဝ တိုးတက်ရေး ပါတီက ၁ နေရာ၊ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီက ၁နေရာ၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက ၁ နေရာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
တသီးပုဂ္ဂလကိုယ်စားလှယ်အနေဖြင့် ဇမ္ဗူသီရိမြို့နယ်တွင် ၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် ၃ ဦး၊ တပ်ကုန်းမြို့နယ်တွင် ၂ ဦး တို့ ဖြစ်ပြီး ၎င်းတို့အားလုံးသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။
လက်ရှိတွင် မဲဆွယ်ကာလ မရောက်သေး၍ မည်သည့်ပြင်ဆင်မှု မဆောင်ရွက်သေးကြောင်း၊ မဲဆွယ်ကာလ စတင်ပါက လည်း ကိုဗစ်ကာလဖြစ်နေ၍ ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မည့် ထုတ်ပြန်ချက်များကို လိုက်နာ၍ စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းတချို့ထံမှ သိရသည်။
“ရွေးကောက်ပွဲကလည်း ဒီအချိန်ဒီကာလမှာ မဲဆွယ်ကာလဖြစ်လာတာဆိုတော့ အကုန်လုံးက စည်းကမ်းတကျ ဥပဒေ နှင့်အညီ ဆောင်ရွက်ဖို့ပါပဲ။ ဒါကိုတော့ စိန်ခေါ်မှုလို့ မသတ်မှတ်ပါဘူး”
ဟု ပျဉ်းမနားမြို့နယ်မှ ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းသီက ပြောသည်။
အစိုးရဌာနတခုတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် နေပြည်တော် တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် တပ်မတော်အရာရှိဟောင်း ဒေါက်တာအောင်မျိုးကလည်း ကိုဗစ်ကာလဖြစ်နေ၍ လူ ၃၀ ထက်မစုဝေးရဆိုသည့် သတ်မှတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရန် အခက်အခဲ မရှိနိုင်ကြောင်း ပြော သည်။
ဒေါက်တာအောင်မျိုးက“Facebook ကပဲ အဓိက ပြောရမှာပေါ့။ နှာခေါင်းစည်းတပ်ပြီး လက်ကမ်းစာစောင်ဝေမယ်ပေါ့”ဟု ဆိုသည်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ဒေသခံပြည်သူများအပြင် ဝန်ကြီးဌာနဝန်ထမ်းများနှင့် တပ်မတော်သားဝန်ထမ်းများ အများစုနေထိုင်ကြပြီး လူဦးရေ ၁၀ သိန်းကျော်ရှိသည့်အနက် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်၏ သြဂုတ်လအတွင်း စာရင်းများအရ မဲပေးနိုင်သူဦးရေ ၈ သိန်း ၆ သောင်းခန့် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ပါတီအသီးသီးနှင့် တသီး ပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ၇ နေရာ နှင့် အမျိုးသား လွှတ်တော် ၂ နေရာ၊ ကြံ့ခိုင်ရေးနှင့် ပါတီက ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရခဲ့သည်။
You may also like these stories:
စဉ့်ကိုင်မှ ဝင်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းကို ဒေသခံတချို့ကန့်ကွက်
အစိုးရ၏ လူမှုကွန်ရက် စောင့်ကြည့်ရေးအဖွဲ့ လွှတ်တော်မှာ လာရှင်းဖို့ ကြံ့ခိုင်ရေး ပြော
ရွေးကောက်ပွဲများတွင် NLD ကိုယ်စားလှယ်များ အနိုင်ရခြင်းမှာ ပါတီပုံရိပ်ကြောင့်ဟု ဆို