ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း၌ နယ်မြေ လုံခြုံရေး အခြေအနေအရ ရက္ခိုင်စစ်တပ်(AA) လှုပ်ရှားရာ နယ်မြေများ၌ ရွေးကောက်ပွဲ ကျင်းပရန် မသေချာသေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောဆိုချက်များအရ သိရသည်။
ချင်းပြည်နယ်၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “AA ကလည်း နေရာတိုင်းမှာ ရှိတာ မဟုတ်ဘူး။ သူတို့ လှုပ်ရှားတဲ့ နယ်မြေတွေမှာပဲ ရှိတာ။ ပလက်ဝမှာ လွတ်လပ်တဲ့ နေရာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်တို့က တပ်မတော်ရဲ့လုံခြုံရေးယူမှ ကျင်းပနိုင်မယ့် အနေအထား” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်ပြီး ၎င်းက “ရဲကတော့ နေရာတိုင်း သွားလို့လာလို့ အဆင်မပြေနိုင်ဘူး။ အဓိက ကတော့ တပ်ရဲ့လုံခြုံရေး မပါဘဲနဲ့ ရဲက လှုပ်ရှားဖို့ မလွယ်ဘူး။ အခု AA လှုပ်ရှားတဲ့ နယ်မြေက လွဲပြီး ကျန်တဲ့နေရာတော့ ရွေးကောက်ပွဲ ကျင်းပလို့ ရတယ် လို့ ကျနော်တို့ သုံးသပ်တယ်” ဟု ဆိုသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ် ကာလက တပ်မတော်နှင့် AA တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးသဖြင့် တမြို့လုံး တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သော်လည်း၂၀၁၈ ခုနှစ်မှ စတင်ပြီး၂ ဖက် တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်းကြောင့် ကျေးရွာ တချို့တွင်၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် မသေချာတော့ကြောင်း သိရသည်။
ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၀၂ ခုရှိပြီး မဲဆန္ဒနယ် အမှတ် (၁) ရှိ ကျေးရွာအုပ်စု ၄၅ ခုမှ ၈ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သလို မဲဆန္ဒနယ် အမှတ် (၂) ရှိ ၅၇ အုပ်စုမှ ကျေးရွာ အုပ် စု ၉ ခုတွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
အကယ်၍ ထိုနယ်မြေများတွင် တပ်မတော်မှ လုံခြုံရေး အပြည့်အဝ ပေးမည်ဆိုပါက ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိ ကြောင်း ဝန်ကြီး ဦးစိုးထက်က သုံးသပ်ထားသည်။
AA လှုပ်ရှားရာ နယ်မြေများဖြစ်သည့် ကုလားတန်းမြစ် အထက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ပီချောင်းအနီးရှိ ကျေးရွာ တချို့တို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ဝန်ကြီး ဦးစိုးထက်က ရှင်းပြသည်။
၎င်းက“ပီချောင်းထဲမှာ ရှိတဲ့ ရွာတွေကတော့ မရနိုင်ဘူး။ ကျန်တဲ့ရွာတွေကတော့ အကုန် ရနိုင်ပါတယ်။ ပိန္နဲတပင်၊ ငတက်၊ ကြီးလှေ၊ ရွှေတောင် အဲဒီ လေးအုပ်စုကတော့ ကုလားတန် မြစ်ရိုးပေါ်မှာရှိတဲ့အတွက် မရနိုင်ပါဘူး လို့ ကျနော်တို့ သုံးသပ် ထားပါတယ်။ နောက် ပီချောင်းဆိုရင် ကုန်းချောင်းဝ၊ ပျဉ်ကူ၊ ပျဉ်စီးဝ၊ မြှောင် စတာတွေ အပါအဝင် ၈ အုပ်စု မရနိုင်ပါဘူး” ဟု ဆိုသည်။
“မဲဆန္ဒနယ် ၂ ဘက်မှာဆိုရင် လုံးဝမရနိုင်တာ ဆိုရင် ကုလားတန်မြစ်ရိုး မွန်ထောင်း၊ အောက်သဲမဝ အဲဒါတွေကို နည်း နည်း မရနိုင်ဘူးလို့ သုံးသပ်တယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှာရှိတဲ့ ဘဲတုံ၊ ထက်ချောင်းဝ၊ ရက်ချောင်း၊ လက်ရှိမှာ လည်း အဖွဲ့အစည်းတွေက ရှိနေတော့ အဲဒီနေရာတွေမှာလည်း မကျင်းပနိုင်ဘူး” ဟု ဦးစိုးထက်က ဆက်ပြောသည်။
လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မြို့နယ်များကို ထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။
ချင်းပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအုပ်နောလ်က “ကျနော်တို့အနေနဲ့ မဲလုပ်ငန်းမှာ ဆောင်ရွက်နေတဲ့ ကိစ္စ၊ မဲစာရင်း ကပ်ထားဖို့၊ ကြေညာဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းကိစ္စ၊ မဲရုံမှူး ကျောင်းဆရာ၊ ဆရာမတွေနဲ့ မဲဆန္ဒရှင်စာရင်းနဲ့ မဲရုံကိစ္စတွေလောက်ပဲ ကျနော်တု့ိက သိတာ။ အဲဒီ လုံခြုံရေးကိစ္စတော့ ကျနော်တို့က အသေးစိတ် မသိနိုင်ပါဘူး။ ကျနော် တို့ရဲ့ လုပ်ပိုင်ခွင့် မဟုတ်ဘူး” ဟု ဆိုသည်။
ပလက်ဝမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CNLD)၊ ခူမီး(ခမီး) အမျိုးသားပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ပလက်ဝမြို့ရှိ ဒေသခံ ဒေါ်ငွေလှိုင်က ပလက်ဝ ဒေသသည် တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် ဒေသဖြစ်ခြင်းကြောင့် မည်သူမှ တာဝန် မထမ်းဆောင်ချင်ကြသည့် အတွက် ဒေသအတွက် အမှန်တကယ်အလုပ် လုပ်ပေးသည့် အမတ်များ လိုအပ် နေသည်ဟု ထောက်ပြ ပြောဆိုသည်။
ပလက်ဝမြို့နယ်တွင် ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း AA လှုပ်ရှားရာ နယ်မြေဖြစ် သည့် ကုလားတန်မြစ်ရိုး တလျှောက်ရှိ ကျေးရွာများသို့ စည်းရုံးရေးဆင်းရန် အခက်အခဲဖြစ်နေသည် ဟု သိရသည်။
ပလက်ဝမြို့နယ် အခြေစိုက် ခူမီး(ခမီး) အမျိုးသားပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၇)မှ ကိုယ်စားလှယ်လောင်း ဦးကံလင်းက “ဆင်းချင်တာ ဆင်းလို့ မရဘူး။ တိုက်ပွဲနယ်မြေဖြစ်နေလို့ ဘယ်မှ သွားလို့ မရဘူး။ တပ်က သွားလာခွင့် မပြုတာ။ ဘာလို့ဆို AA နဲ့ အဆက်အသွယ်ပြုမလား ဆိုတဲ့ စိုးရိမ်ချက်ကြောင့်ပေါ့။ လုံခြုံရေးအရ ဘယ်သူမှ သွားခွင့်မပြုဘူး။ သူတို့က ဘယ်မှ မသွားစေချင်တာ” ဟု ပြောသည်။
သို့သော် ယခုရက်ပိုင်းအတွင်း AA လှုပ်ရှားမှု မရှိသည့် နယ်မြေများနှင့် လုံခြုံရေးရှိသော နယ်မြေများတွင် မဲဆွယ် စည်းရုံး ရေး လက်ကမ်း စာရွက်များ ဝေငှရန် ရှိသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားသည်။
လက်ရှိ ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးစိုးထက်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်က ပလက်ဝဒသ ရှိ စစ်ရှောင် ၁ ထောင်ကျော်အတွက် ရိက္ခာများ သွားရောက် ထောက်ပံ့မှုပေးအပြီး အပြန်တွင် AA အဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
၎င်းမှာ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ်မှ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။
ကျန်သည့် ပလက်ဝဒေသတွင် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများသည်လည်း AA လှုပ်ရှားရာ နယ်မြေများကို ရှောင်ရှားကာ မဲဆွယ်စည်းရုံးလျက် ရှိသည်ဟု သိရသည်။
ပလက်ဝမြို့နယ်အတွင်း ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ ၆ ပါတီနှင့် တသီးပုဂ္ဂလတဦး အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ ပြည်နယ် လွှတ်တော်တို့တွင် ကိုယ်စားလှယ်လောင်း ၂၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၆ သောင်း ကျော် ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်တွင် ကြိုတင်မဲပေးရန် ၈၀၀၀၀ ကျော် စာရင်းပေးထား
ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု မဲစာရင်း မကပ်နိုင်
ချင်းစည်ပင်ဝန်ကြီးနှင့် အဖွဲ့ ပစ်ခတ်ခံရသဖြင့် ပလက်ဝမှ မပြန်နိုင်သေး