သတင်းတို

တပ်မတော် ခေါ်သွားသည့် နမ့်ဆန်ရွာသား ၆၃ ဦး ပြန်လွတ်လာ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဟူးခင် ကျေးရွာအုပ်စု မန်မိုင်မိန်းကွမ်း ကျေးရွာတွင် တပ်မတော် က ရွာသား ၆၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားရာမှ ပြန်လွှတ်လာပြီ ဖြစ်ကြောင်း သတင်းရသည်။

ယနေ့ နံနက် ၉ နာရီ ဝန်းကျင်က ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံခဲ့ရသည့် ဒေသခံတဦးက“ဖြစ်စဉ်က စစ်ကြောင်း၂ဖွဲ့ရှိတာ တကြောင်းကပြန်သွားပြီး တကြောင်းက သူတို့ ရင်ဘတ်မှာ တံဆိပ် တပ်ထားတာက တပ်မ ၈၈ ပေါ့။ ထွက်သွားတဲ့အဖွဲ့က မြေမြှုပ်မိုင်းမိသွားတယ်။ ဒါပေမယ့် အဆုံး အရှုံးတော့ မရှိပါဘူးလို့ သတင်းရတယ်။ အဲဒါကို သူတို့က မကျေနပ်တော့ ဒီရွာက သတင်း မပေးလို့ဆိုပြီး ဒီလို ဖြစ်ရ တယ်ပေါ့။ အဲ့ဒီတော့ ရွာသားတွေ အကုန်ခေါ်လာခဲ့ လမ်းပြလုပ်ခိုင်းမယ် ဆို ခေါ် သွားတာ”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ရွာသားများကို မန်မိုင်မိန်းကွမ်း ကျေးရွာနှင့် ၁၀ မိုင်ခန့်ဝေးသော ဟိုမိန်းသို့ ခေါ်ဆောင်သွားခြင်း ဖစ်ပြီး ထိုရွာ ရောက်ရှိရန် ၁ မိုင်ခန့်အလိုတွင် ပြန်လွှတ်လိုက်သည်ဟု လွှတ်မြောက်လာသည့် ဒေသခံက ပြောပြသည်။

မန်မိုင်မိန်းကွမ်း ကျေးရွာတွင် အိမ်ခြေပေါင်း ၁၄၃ အိမ်ရှိပြီး ၁ အိမ်ထောင်စုလျှင် လူ ၁ ဦးနှုန်းဖြင့် တပ်မတော် က လိုက်လံခေါ်ယူသလို ရွာလယ်တွင် တွေ့သည့်လူတိုင်းကို ခေါ်ဆောင်သွားခြင်းဖြစ်ရာ လိုက်ပါ မသွားဖြစ်သည့် အိမ်များလည်းရှိကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံသူ ၆၃ ဦးတွင် အမျိုးသား ၂၁ ဦးပါဝင်ပြီး အမျိုးသမီး ၄၀ ပါဝင်သည်ဟု ဖမ်းဆီးခေါ် ဆောင် ခံရသည့် အမျိုးသမီးတဦးက ပြောသည်။

၎င်းက“အမျိုးသမီးတွေကိုတော့ ဒီအတိုင်းခေါ်သွားပါတယ်။ အမျိုးသားတွေကိုတော့ ပစ္စည်းတွေသယ်ခိုင်း တယ်။ ဒါပေမယ့် ရွာအတွင်းရေးမှူးကို အရမ်းနှိပ်စက်ပါတယ်။ သူက ရွာမှာလည်း ဒဏ်ရာရပြီးပြီ။ အတွင်း ရေးမှူး လက်ကို ကြိုးတုပ်ပြီးမှ အဝတ်အစားအများကြီး သယ်ခိုင်းတယ်။ အခုဆိုသူက အတွင်းဒဏ်ရာရပြီး အိပ်ယာက မထနိုင်တော့ဘူး”ဟုလည်း ပြောပြသည်။

ထိုကျေးရွာတွင် ဥက္ကဌ မရှိသည့်အတွက် အတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ပြီး တပ်မတော်အား မိုင်းနှင့် ပတ်သက်၍ သတင်းမပေးသောကြောင့် ရိုက်နှက်နှိပ်စက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။ 

ပြီးသည့်ရက်ပိုင်းက အဆိုပါကျေးရွာအနီးတွင် တပ်မတော်နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

You may also like these stories:

နမ့်ဆန် တိုက်ပွဲကြား ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်နေရ

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံမှာ ဘာတွေညှိနှိုင်းမလဲ

Loading