ထိုင်း-မြန်မာ နယ်စပ်ဂိတ်များကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂နှစ်ကျော်ကြာ လူအဝင်အထွက် ပိတ်ထားရာ ယနေ့တွင် ကော့သောင်း -ရနောင်း နယ်စပ်ဂိတ်ကို စတင်၍ ပထမဆုံး တရားဝင်ဖွင့်လှစ်သည်။
ထို့အတွက် တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့သို့ နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ် သန်းခွင့်စာအုပ်(Border Pass)ဖြင့် ၂ညအိပ် ၃ရက်ခရီးသွားလာခွင့် ရပြီဖြစ်သည်။
ကော့သောင်းမြို့ ခံတဦးက “လူဝင်/လူထွက် ခွင့်ပြုပေးလိုက်တာ ဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုး ထားတဲ့ စာရွက်ပြရမယ်။ မပြနိုင်ရင်တော့ ကွာရန်တင်း ဝင်ရမယ်။ တခြားကန့်သက်ချက် ကြီးကြီးမားမား မရှိဘူး။ ခွင့်ပြု တာက တော့ ကော့သောင်းစာအုပ်အပြာ (Border Pass) ပဲ ခွင့်ပြုပေးတာ။ ဧည့်သည်တွေ ခွင့်မပြုသေးဘူး။ အခုက အလုပ် လုပ်ချင်တဲ့ အလုပ်သမားတွေ စာအုပ်အပြာ သွားလုပ်တာတွေ ဘာတွေတော့ တွေ့ရတယ်။ ထိုင်းဘက် ပြန်ချင် တဲ့ သူတွေတော့ ဝင်ခွင့်မပေးသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံဘက်သို့ လာရောက်မည့်သူများ အနေဖြင့် ကျန်းမာရေးအာမခံ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီးသည့် လက်မှတ်နှင့် ထိုင်းနိုင်ငံက သတ်မှတ်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လုပ် ဆောင်ထားရမည်ဖြစ်ပြီး ကာကွယ်ဆေး မထိုးထားပါက ကွာရန်တင်း ၅ ရက် နေထိုင်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။
လက်ရှိတွင် အလုပ်သွားရောက် လုပ်ကိုင်လိုသော ကော့သောင်းမြို့ခံ အလုပ်သမားများ အနေဖြင့် စာအုပ်ပြုလုပ်မှုများ ရှိနေပြီး ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို ထိုင်းစံတော်ချိန် နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ထား ကြောင်း သိရသည်။
ကော့သောင်းမှ ရနောင်းသို့ သွားပါက စက်လှေခ အသွား ဘတ် ၂၅၀ နှင့် အပြန် ဘတ် ၂၅၀ ကုန်ကျပြီး နယ် စပ် ဖြတ်ကျော်ခွင့်အတွက် မြန်မာဘက်တွင် တံဆိပ်တုံးထုခ ကျပ်ငွေ ၃၀၀ နှင့် ထိုင်းနိုင်ငံ ရနောင်းဘက်သို့ ရောက်ရှိပါက တံဆိပ်တုံးထုခ ၅၀ နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ နေထိုင်သူများ ဖြစ်ပါက အာမခံကြေးပေးရန် မလိုသော် လည်း ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းဒေသကြီးမှ လာရောက်သူများဖြစ်ပါ က ထိုင်းဘတ် ၂၀၀၀ အာမခံကြေး တင်ခဲ့ရကြောင်း၊ ၃ရက်ပြည့်၍ မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်ပါက ယင်းငွေကို ပြန်လည်ပေးကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံကြား အဓိက နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖြစ်သည့် မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင် စသည့် ဂိတ်များကို ထိုင်းနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ရန် မြန်မာဘက်သို့ ဆွေးနွေးထားသော်လည်း မြန်မာဘက်မှ နိုင်ငံရေး အခြေအနေကြောင့်ဟုဆိုကာ အကြောင်းပြန်ကြားခြင်း မရှိသဖြင့် ယနေ့အချိန်ထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေး ကြောင်း သိရသည်။