မကြာသေးမီက ပြောင်းလဲခန့်အပ်ခံထားရသည့် စစ်ကောင်စီ၏ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) ညွှန်ကြား ရေးမှူးချုပ် အသစ် ဗိုလ်မှူးကြီး အောင်ဇော်လင်း သည် ရန်ကုန်လေဆိပ်မှ ပြည်ပသို့ ထွက်ခွာမည့်သူများ ယူဆောင် လာသည့် ပစ္စည်းများ၊ အမေရိကန်ဒေါ်လာများနှင့်ပတ်သက်၍ တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံက သိရသည်။
ပြီးခဲ့သည့်လကလည်း လူတဦးလျှင် အမေရိကန်ဒေါ်လာ ၁ သောင်းထိ ကိုင်ဆောင်ခွင့်ရမည်ဟု စစ်ကောင်စီ ထုတ် ပြန်ခဲ့ကာ ယင်းငွေကိုလည်း ၆ လအတွင်း လဲလှယ်ရမည်ဖြစ်၍ လိုက်နာခြင်းမရှိပါက အရေးယူမည်ဟု ကန့်သတ် လိုက်ပြီးနောက်၊ ယခုအခါ ပြည်ပ ထွက်ခွာမည့်သူများအပေါ်ပါ ထပ်မံ၍ တင်းကျပ်လာခြင်း ဖြစ်သည်။
စက်တင်ဘာ ၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ လိုက်ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး ညွှန်ချုပ် ဖြစ်လာခဲ့သည်။
နဝတ အစိုးရလက်ထက် အတွင်းရေးမှူး၂ တာဝန်ယူခဲ့သော ဒုဗိုလ်ချုပ်ကြီး တင်ဦး၏ သားမက်ဖြစ်သူ ဦးမောင်မောင် ကျော်မှာ၂၀၁၇ ခုနှစ်တွင် အထူး စုံစမ်းစစ်ဆေးမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။
ယခု စသုံးလုံး ညွှန်ချုပ်သစ် ဖြစ်လာသူ ဗိုလ်မှူးကြီး အောင်ဇော်လင်း သည် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တွင် ဗိုလ်မှူးကြီး တာဝန်ယူခဲ့ပြီး အလုပ်သင်၂၆ ကျောင်းဆင်းတဦး ဖြစ်သည်။
စစ်ကောင်စီသည် အရေးပေါ်ကာလ သက်တမ်း ၆ လ တိုးပြီးသည့်နောက်ပိုင်း ၎င်းတို့လက်အောက်ရှိ စစ်ဘက် အရပ် ဘက်တာဝန်ရှိသူများကို ထိပ်ပိုင်းရာထူးမှစ၍ ပြောင်းလဲနေရာချထားခြင်း၊ ဖယ်ရှားခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိ သလို ယခုရက်ပိုင်းအတွင်းကလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အပါ အဝင် ညွှန်ကြားရေးမှူး ၅ ဦးကို ဖမ်းဆီးစစ်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့အပြင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များပါ စစ်ဆေးခံနေရပြီး လက်ရှိဖြစ်ပေါ်နေသော ဒေါ်လာဈေး၊ ဆန်၊ ဆီနှင့် ပို့ကုန်လုပ်ငန်းများနှင့် ပတ်သက်၍ ထိုသို့ ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြောင်းအရွှေ့များပြုလုပ်ခြင်းမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပိုတောင့်တင်းခိုင်မာစေရန်နှင့် အပြောင်း အလဲမရှိသော ကဏ္ဍများတွင် ထိရောက်မှုများဖြစ်ပေါ်စေရန်အတွက်ဟု လေ့လာသူများက ပြောဆိုကြသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup