မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့ အကျဉ်းထောင်မှ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၈၀ကျော် အောက်တိုဘာ နောက်ဆုံးအပတ်တွင် ထောင်ဖောက်၍ ထွက်ပြေး လွတ်မြောက်နေကြောင်း စုံစမ်းသိရှိရသည်။
MNDAA ရဲတပ်ဖွဲ့က လုံခြုံရေးယူ စောင့်ကြပ်ထားသည့်ကြားမှ စစ်ကောင်စီတပ် အရာရှိ တစ်ဦးနှင့် တပ်ကြပ်ကြီး နှစ်ဦး အပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် (၈၀) ကျော် ထောင်ဖောက်ထွက်ပြေးခဲ့ကြောင်း အမည်မဖော်လိုသည့် လားရှိုးမြို့ခံ ဧရာ၀တီသတင်းရင်းမြစ်တဦးက ပြောသည်။
၎င်းက “ ညသန်းခေါင်မှာ ထောင်အုတ်တံတိုင်းကို ကျော်ထွက်သွားတာ။ ထောင်စောင့်နေတဲ့ MNDAA တပ်ဖွဲ့ဝင်ထဲကနေ စကစ စစ်သုံ့ပန်းတွေက ဖုန်းယူသုံးပြီး အပြင်နဲ့ အဆက်အသွယ်ရပြီး ထောင်ဖောက်ပြေးတာလို့ ကြားတယ်။ အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေကို MNDAAက သိပ်မသိတဲ့အတွက် လုံခြုံရေးပိုင်း အားနည်းပြီး အခုလို ဖြစ်သွားတာလို့ ထင်တယ်” ဟု ပြောသည်။
MNDAAမှ အကျဉ်းထောင်ဝန်ထမ်းများအား အသုံးမပြုနိုင်သေးခြင်းနှင့် မြို့သိမ်းတိုက်ပွဲအတွင်း လားရှိုးထောင် နံရံမှ လုံခြုံရေးလျှပ်စစ်လိုင်းများ ပြတ်တောက်နေခြင်းကြောင့် ထောင်ဖောက်မှု လုပ်ဆောင်ရန် ပိုလွယ်ကူနိုင်ကြောင်း ထိုသတင်းရင်းမြစ်က ဆိုသည်။
လားရှိုးမြို့ပေါ် ရပ်ကွက်များနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝန်းအတွင်း MNDAAမှ လိုက်လံစီးနင်းရှာဖွေခဲ့သော်လည်း စစ်သုံ့ပန်း တပ်သားအဆင့်ရှိသူ ၅ ဦးသာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ရာ ကျန်စစ်သုံ့ပန်းများ လွတ်မြောက်နေဆဲဖြစ်သည်။
ထိုဖြစ်စဉ်အား MNDAAမှ မြို့ခံများကို အသိပေးခြင်း မရှိခဲ့၍ သိရှိသူ နည်းပါးနေပြီး လွတ်မြောက်နေသည့် စစ်သုံ့ပန်းများကြောင့် လုံခြုံရေးအရ စိုးရိမ်နေရကြောင်း နောက်ထပ်မြို့ခံ အမျိုးသမီးတဦးက ဧရာ၀တီသို့ ပြောသည်။

၎င်းက “ ကျွန်မတို့ ဒေသခံတွေက ကြောက်တာပေါ့နော်။ ပြီးတော့ လွတ်သွားတဲ့ စစ်သုံ့ပန်း လူဦးရေကလည်းများတော့ စိုးရိမ်မိတာတော့ အမှန်ပါဘဲ။ မြို့အဝင်အထွက်တွေမှာလည်း MNDAAက လုံခြုံရေးချထားတာရှိပေမယ့် စစ်ဆေးမှု အပိုင်းမှာတော့ အားနည်းနေတယ် “ ဟု ပြောသည်။
လက်ရှိ လားရှိုးမြို့ပေါ်တွင် မြို့မစျေးနှင့် စျေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ကာ ပုံမှန်လည်ပတ်နေပြီး ဒေသခံများ ပုံမှန်သွားလာလှုပ်ရှားနေကြသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းရန် စိုးရိမ်နေသေးကြောင်း ၎င်းက ဆိုသည်။
အောက်တိုဘာလဆန်းပိုင်းမှစ၍ လေကြောင်းရန်ကြောင့် လားရှိုးမြို့ပေါ်တွင် ဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ပိတ်ဆို့ထားပြီး စစ်ကောင်စီထံ သတင်းပေးပို့နေသူ ၂၀ ကျော်ကိုလည်း MNDAAက ဖမ်းဆီးကာ ထောင်တွင်း ထိန်းသိမ်းထားသလို လုပ်ငန်းရှင်တချို့ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း ဒေသခံတို့က ဆိုသည်။
လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MNDAAနှင့် ပူးပေါင်းတပ်များက ဩဂုတ်လ ၃ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ် စစ်သုံ့ပန်းများနှင့် တပ်မိသားစုဝင် စုစုပေါင်းလူဦးရေ တထောင်ကျော်ကို မိုင်းရယ်မြို့သို့ လွဲပြောင်းပေးခဲ့သလို အဆင့်မြင့်အရာရှိများနှင့် စစ်သုံ့ပန်းအများအပြားကို MNDAAက ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက တရုတ်အနေဖြင့် လားရှိုးမြို့အား MNDAA သိမ်းပိုက်ခြင်းအပေါ် အသိအမှတ် မပြုကြောင်း၊ လားရှိုးမြို့အား စစ်ကောင်စီထံ လက်လွှဲပေးပြီးမှသာ ကိုးကန့်ဒေသအား ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျော့ပေးမည်ဖြစ်ကြောင်း ပေါက်ကြားခဲ့သော “ဝ“ ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သလို လားရှိုးမြို့ ရရှိရေး စစ်ကောင်စီတပ်က မိုင်းရယ်၊ နမ့်လန်နှင့် တန့်ယန်းမြို့တို့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် တန်ပြန် ထိုးစစ်ဆင်နွှဲရန် အပြင်းအထန် ပြင်ဆင်နေသည်။
လတ်တလောတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်သို့ ရောက်ရှိနေချိန် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက “၀” ပြည်တွင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မဏီ(FPNCC) အစည်းအဝေးကို ကျင်းပနေပြီး လားရှိုးအပါအဝင် စစ်ကောင်စီတောင်းဆိုနေသည့် မိုးကုတ်နှင့် နောင်ချိုမြို့တို့အရေးအပါအဝင် လတ်တလော အခြေအနေများအား ဆွေးနွေးနေကြောင်း စုံစမ်းသိရှိရသည်။
You may also like these stories:
လားရှိုး လေကြောင်းတိုက်ခိုက်မှု သတင်းပေးသူ ၂၅ ဦးကျော် ဖမ်းမိ
နေ့စဉ်နီးပါး ဗုံးကြဲနေ၍ လားရှိုးကို မြို့ခံတို့ ပြန်လည်စွန့်ခွာ
MNDAA ၏ ထုတ်ပြန်ချက် တရုတ်ဖိအား ပြင်းထန်မှုကိုပြ














