ယခင်စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် သတ်မှတ်ပေးခဲ့သည့် ကချင်အထူးဒေသ-၁ အား ဖျက်သိမ်းလိုက်ပြီး ပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအားလုံး စိုးရိမ်စိတ်မထားဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ကြရန် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) က ယနေ့ ဖိတ်ခေါ်လိုက်သည်။
ဦးစခုန်တိန့်ယိန်းဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)နှင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်များ ကြီးစိုးခဲ့သည့် ကချင်အထူးဒေသ-၁ နယ်မြေတခုလုံးအား KIO/KIA ပူးပေါင်းအဖွဲ့က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ကချင်အထူးဒေသ-၁ ၌ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ကန်ပိုက်တီမြို့နယ်၊ ဆဒုံးမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ဒေသအချို့ ပါဝင်ပြီး KIA မှ ခွဲထွက်ခဲ့သည့် ဦးစခုန်တိန့်ယိန်းဦးဆောင်သော NDA-K တပ်ဖွဲ့က ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ၁၉၉၄ ခုနှစ်မှစ၍ အထူးဒေသ-၁ အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
စစ်အာဏာရှင်များအနေဖြင့် ကချင်ပြည်နယ်အတွင်း အထူးဒေသ-၁ အဖြစ် ခွဲခြားသတ်မှတ် အုပ်ချုပ်ခဲ့ခြင်းကြောင့် ကချင်လူမျိုးများ၏ စည်းလုံးညီညွတ်မှုအား ထိခိုက်စေခဲ့သည့်အတွက် ကချင်ဒေသအတွင်း တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွတန်းတူနေထိုင်နိုင်ရေးနှင့် တပေါင်းတစည်းထဲဖြစ်စေရန် အထူးဒေသ-၁ နယ်မြေအား ရယူခဲ့ရခြင်းဖြစ်ကြောင်း KIO က ပြောသည်။

လူထု၏စီးပွားရေး၊ လူမှုရေးထိခိုက်မှုမဖြစ်စေဘဲ လူသားချင်းစာနာထောက်ထားမှုအခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစွမ်းကုန် ပြန်လည်ကြိုးစားတည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။
ချီဖွေမြို့နယ်နှင့် ပန်ဝါဒေသသည် အမေရိကန်ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိ မြေရှားသတ္တုများထွက်ရှိရာဒေသဖြစ်ပြီး ယခုနှစ် မေလအတွင်း ထုတ်ပြန်ခဲ့သည့် Global Witness အဖွဲ့၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့ရောင်းချမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”














